အတွေးအမြင်

ကျော်မောင်(တိုင်းတာရေး) – အပြေးတက်မလား ဘေးကပ်ရပ်မလား

ကျော်မောင်(တိုင်းတာရေး) – အပြေးတက်မလား ဘေးကပ်ရပ်မလား
(မိုးမခ) မေ ၁၃၊ ၂၀၁၅

ဖွံ့ဖြိုးပြီး နိုင်ငံတွေမှာ ရုံးတက် ရုံးဆင်း၊ ဟိုသွား ဒီသွား ဆိုရင် စက်လှေကားတွေ ဓါတ်လှေကားတွေနဲ့ မကင်းပါ။ ရထားစီးမယ်ဆို ဘူတာထဲဝင် အဲဒီလှေကားတွေသုံးပြီး ရထားလာမယ့် အပေါ်ထပ်က ပလက်ဖောင်းဆီကို တက်ရ၊ မြေအောက်ဘူတာရှိရာကို ဆင်းရ။

အလုပ်များတဲ့ မြို့ကြီးတွေမှာ စက်လှေကားစီးသူများရဲ့ ထုံးစံတစ်ခုရှိပါတယ်။ စက်လှေကားစီးသူများရဲ့ ယဉ်ကျေးမှုလို့လည်း ခေါ်ပါတယ်။ လူနှစ်ယောက်ယှဉ်ရပ်ပြီး စီးနိုင်တဲ့ စက်လှေကားတွေကို စီးတဲ့အခါ တဖက်ကို ကပ်စီးကြတာဖြစ်ပါတယ်။ တဖက်ကို ကပ်ပြီးစီးတဲ့အခါ စီးတဲ့သူရဲ့ အရွေ့မရှိပါ။ စက်လှေကားရွေ့တာကိုပဲ အသာလေး မတ်တပ်ရပ်ပြီး လိုက်ပါစီးရတာဖြစ်ပါတယ်။ တဖက်ကို အလွတ်ထားစီးပါတယ်။ အလွတ်ထားစီးတဲ့ဖက်က စီးတဲ့သူရဲ့ အရွေ့ပါပါတယ်။ အဲဒီဖက်ကို ရွေးထားမိရင် စီးတဲ့သူဟာ ရွေ့နေတဲ့ စက်လှေကားပေါ်မှာ စိမ်ပြေနပြေ ရပ်စီးမနေဘဲ အတက်စက်လှေကားဆိုလည်း လမ်းလျှောက်တက်၊  အဆင်းစက်လှေကားဆိုလည်း လမ်းလျှောက်ဆင်းရပါတယ်။ စက်လှေကားစီးရင် နှစ်ယောက်ယှဉ်ရပ်ပြီး စီးတာမျိုးမလုပ်ကြပါဘူး။ စီးခဲကြပါတယ်။ ဒါက စက်လှေကားသုံးသူများရဲ့ အတုယူဖွယ်ဓလေ့ထုံးစံ ဖြစ်ပါတယ်။ ကိုယ့်အနောက်မှာ လိုက်ပါစီးတဲ့သူ မရှိမှ နှစ်ယောက်ယှဉ်ကာ စီးချင်သူများ အနောက်ကို တချက်တချက် လှည့်ကြည့်ပြီး စီးကြပါတယ်။ ဘာကြောင့်လည်းဆိုတော့ အလွတ်ထားတဲ့လမ်းကို ပိတ်မိမှာစိုးလို့ပါပဲ။

ဘယ်ကို ကပ်မှာလား။ ညာကိုကပ်မှာလား ဆိုတာက နိုင်ငံတွေပေါ် မူတည်ပါတယ်။ စင်ကာပူမှာ ဘယ်ကိုကပ်ပါတယ်။ ညာဖက်ကို အလွတ်ထားစီးပါတယ်။ဂျပန်က တိုကျိုမှာ ဘယ်ဖက်ကိုကပ်စီးကြပြီး အိုဆာကာမှာ ညာဘက်မှာ ရပ်စီးကြပါတယ်။ ဟောင်ကောင်၊ အင်္ဂလန် နဲ့ အမေရိကန်တို့မှာ ညာဖက်ကို ကပ်ကာ ရပ်စီးကြပါတယ်တဲ့။ ဘယ်ဖက်ကိုပဲ ကပ်ကပ်၊ ညာဖက်ကိုပဲ ကပ်ကပ် တဖက်ဖက်ကိုတော့ ကပ်ရမှာပါ။ စက်လှေကား ယဉ်ကျေးမှုကို အများနည်းတူ လိုက်နာမယ်ဆိုရင်ပေါ့။

စက်လှေကားတွေဟာ မပျက်မချင်း သူ့တို့တာဝန်သူတို့ ကျေပွန်အောင်လုပ်ပါတယ်။ စက်လှေကားတွေမှာ အတက် စက်လှေကားနဲ့ အဆင်းစက်လှေကားဆိုပြီး နှစ်စင်း ရှိတတ်ကြပါတယ်။ အတက်စက်လှေကားပျက်ရင် အဆင်းစက်လှေကားကို အတက်စက်လှေကားအသွင် ပြောင်းလည်လိုက်ကြပါတယ်။ အဆင်းသမားတွေ ရိုးရိုးလှေကားကပဲ လမ်းလျှောက်ဆင်းကြပေါ့။ တချို့ လူကူးဂုံးကျော်တံတားတွေမှာ အတက်စက်လှေကားပဲ ထားပေးတတ်ပါတယ်။

စက်လှေကားစီးတဲ့အခါ တဖက်ကို အလွတ်ထား၊ တဖက်မှာ ကပ်ပြီးစီးခြင်း ဓလေ့ဟာ စက်လှေကားအသုံးများတဲ့ မြို့ကြီးပြကြီးတွေမှာ အားလုံး နားလည်ထားတဲ့ ဓလေ့တစ်ခု ဖြစ်ပါတယ်။ သီးသန့်ဥပဒေမထုတ်ထားသော်လည်း လမ်းသွားလမ်းလာများ သဘောတူညီစွာ လိုက်နာကြတာဖြစ်ပါတယ်။ ဒီဓလေ့ကို မသိတဲ့သူကို သိတဲ့သူ မိတ်ဆွေသူငယ်ချင်းတွေမှ ပြောပြကြပါတယ်။ တချို့စက်လှေကားတွေမှာ ဘယ်ဖက်ကို ကပ်စီးတဲ့ဖက်၊ ညာဖက်ကို လျှောက်တဲ့ဖက် (အမြန်လမ်း) ဆိုပြီး သတိပေးစာတွေရေးထားတတ်ပါတယ်။ ဒါမှမဟုတ်ရင်လည်း အများလုပ်တဲ့အတိုင်း လိုက်လုပ်နိုင်ပါတယ်။ ကပ်ရမယ့်ဖက်၊ တက်ရမယ့်ဖက်ကို ဝေခွဲမရတဲ့အခါမှာ ဖြစ်ပါတယ်။

ဘယ်ဖက်ကပ်ကာ ရပ်စီးကြမယ်ဆိုရင် “Keep Left Escalator Etiquette” လို့ခေါ်ကြပါတယ်။ ညာဖက်မှာ ကပ်ရပ်ရမယ်ဆိုရင် “Keep Right Escalator Etiquette” လို့ခေါ်မယ် ထင်ပါတယ်။ အလျင်လိုသူတွေအတွက်၊ လမ်းလျှောက်ကာ အတက်အဆင်းလုပ်လိုသူတွေအတွက် အလွတ်ထားတဲ့ဖက်က အသုံးဝင်ပါတယ်။ လမ်းပိတ်မထားဘူး၊ တက်လမ်း မပိတ်ဘူး ဆင်းလမ်း မဆို့ဘူး။ အပေါ်ကို တက်မယ်ဆိုရင် ညာကပ်တဲ့ အရပ်မှာဆိုရင် ညာကပ်တယ်၊ ဘယ်ကပ်တဲ့ အရပ်မှာဆိုရင် ဘယ်ကပ်တယ်။  အေးအေးဆေးဆေး မတ်တပ်ရပ်လိုက်ပါပြီး စက်လှေကားစီးတဲ့သူတွေ ရှိသလို  စီးတဲ့သူကိုယ်တိုင်က လှေကားထစ်တွေ တဆင့်ချင်းတဆင့် တက်နင်းပြီး တက်ချင်သူတွေကလည်း အများသားပါ။

ပုံမှန် စက်လှေကားရဲ့ ကြာချိန်က စက္ကန့် နှစ်ဆယ် သုံးဆယ်ဝန်းကျင်။ ဒီမိနစ်ဝက်သာသာကိုတောင် သည်းခံပြီး စိမ်ပြေနပြေနဲ့ ရပ်ကာ ရွေ့လျား စက်လှေကားမစီးချင်ကြဘဲ လှေကားဆင်းတက်သလို ဆင်းကြတက်ကြတာက ဘာသဘောပါလိမ့်။ တချို့ဆို အပြေးတပိုင်းတောင် အဆင်းအတက်လုပ်ကြပါတယ်။ ရထားလွတ်သွားရင် နောက်ထပ် သုံးမိနစ်လောက်၊ ဒါမှမဟုတ် ငါးမိနစ်လောက်စောင့်ရမယ်။ ဒီလို စက်လှေကားတွေမှာ မပြေးရုံတမယ် အတက် အဆင်း မလုပ်လို့ ရထားနောက်ကျ၊ ကားနောက်ကျ၊ ရုံးတက်နောက်ကျ၊ ရုံးဆင်း အိမ်ပြန်နောက်ကျ၊ အင်တာဗျူးတွေ နောက်ကျ၊ ချိန်ထားတာတွေ နောက်ကျ ဖြစ်ကုန်ကြပါတယ်။ ဒါကြောင့် တက်နိုင် ဆင်းနိုင်သူ တက်နိုင် ဆင်းနိုင်အောင်၊ ပြေးနိုင်သူကို ပြေးတက်နိုင်အောင် တဖက်ကို အလွတ်ထားစီးကြခြင်းပါ။ ခြွင်းချက်အနေနဲ့ တချို့ဒေသတွေမှာ စက်လှေကားစီးတဲ့အခါ ပြေးတက်ခြင်းကို အားမပေးပါ။ ပြေးတက်တဲ့အခါ တဖက်မှာ အေးအေးဆေးဆေး စီးနေတဲ့သူတွေကို ခိုက်မိမှာစိုးတဲ့အတွက် ဖြစ်ပါတယ်။

ဒီရွေ့လျားစက်လှေကားပေါ်တွေကို တက်စီးတဲ့အခါ အပေါ် ဒါမှမဟုတ် အောက်ကို ရောက်မယ်။ အပေါ်တွေ ၊ အောက်တွေမှာ ရထားလည်း ရှိချင်ရှိမယ်၊ ကားလည်းရှိချင်ရှိမယ်။ ဒီလှေကားထစ်လိုမျိုး၊ စက်လှေကားလိုမျိုး နောက်လှေကားတစ်ခု ထပ်တွေ့ ထပ်စီးရတာလည်း ရှိချင်ရှိမယ်။ အရေးကြီးတာက ဒီရွေ့လျားလှေကားကို အမီလိုက်စီးဖို့ပါပဲ။ ဘေးတဖက်ကပ်ပြီး မတ်တပ်ရပ်စီးသွားရင် နောက်ကျချင် နောက်ကျမယ်။ ဒါပေမယ့် စီးတဲ့သူ သက်သာပါတယ်။ နောက်ကျလို့ ကြုံရမယ့် အခက်အခဲတွေကိုတော့ ခံနိုင်ရည်ရှိဖို့လိုပါတယ်။ မြန်ချင်ရင် အလွတ်လမ်း တဖက်မှ ရွေ့လျားလှေကားထစ်များကို နင်းတက်ရမှာပါပဲ။ မောလည်း မောပါစေ။ အပြေးတက်နိုင် ဆင်းနိုင်က ပြေးလိုက်တာကောင်းပါတယ်။ တဖက်မှာ ရပ်စီးနေတဲ့ သူတွေကို မထိခိုက်ဖို့လည်း သတိထားရပါမယ်။

အတက်ပဲလားဆိုတော့ အဆင်းမှာလည်း အတူတူပါပဲ။ တဖက်ကို ဖွင့်ပေးထားရပါတယ်။ အလျင်လိုသူ မြန်မြန်ဆင်းပေတော့။ ကိုယ်က မြန်မြန်မသွားနိုင်ရင် သွားနိုင်သူကို သွားနိုင်အောင် လမ်းပေးကို ပေးရပါမယ်။ တချို့က အလွတ်ပေးရမယ့် လမ်းကိုလည်း ပိတ်ရပ်နေ၊ နောက်ကလူ တက်လာတာမြင်မှ သူက တက်။ တက်တဲ့အခါမှာလည်း အေးအေးဆေးဆေးနဲ့ တုံ့နှေး တုံ့နှေး တက်နေ။ နောက်ကလူကို အကျောမပေးချင်တဲ့သဘော။

တမျိုးရှိသေးသည်။ အစကတည်းက အမြန်လမ်းကို မရွေးဘဲ ရပ်လိုက်ရမယ့်ဖက်မှာ ရပ်စီးနေတဲ့သူတွေ။ သူတို့တွေ သတိဝင်လာပြီး အမြန်လမ်းဖက်ကို အသာပြောင်းတဲ့အခါ အမြန်လမ်းမှာ အရှိန်နဲ့တက်လာသူတွေ ဟန်ချက်ပျက်သွားတာမျိုးကြုံရပါတယ်။ နောက်ကြုံရတာလေးက အမြန်လမ်းကို ရွေးထားတဲ့လူက ရပ်စီးရတဲ့ဖက်ကို ပြောင်းတာပါပဲ။ ဆက်ပြီး လမ်းလျှောက်မတက် မဆင်းနိုင်တဲ့အခါ၊ သူ့နောက်မှာလည်း ဆက်တက်မယ့်သူတွေ ဆက်ဆင်းမယ့်သူတွေ လိုက်လာတဲ့အခါမှာ ဖြစ်တတ်ပါတယ်။ အဲဒီအခါ နောက်ကလူက သူ့ထက်ပိုလောနေတတ်ပါတယ်။ တဖက်ကို ကပ်ဖို့ နေရာလွတ်ရှိမှ ကပ်နိုင်မှာပါ။ ရပ်စီးတဲ့ဖက်မှာ အများအားဖြင့် စီးတဲ့သူ များလေ့ရှိပါတယ်။ စက်လှေကားရဲ့ ရပ်စီးတဲ့ လှေကားထစ်တိုင်းမှာ စီးသူတွေ ရှိတတ်ပါတယ်။ သက်တောင့်သက်သာရှိတာကိုး။ အမြန်လမ်းကလူအနေနဲ့ ရပ်စီးတဲ့ဖက်ကို ပြောင်းချင်တဲ့အခါ အဲဒီဖက်မှာ ရပ်စရာနေရာလွတ်မရှိရင် အတော်ဂွကျပါတယ်။ သူက ထပ်မတက်နိုင်၊ ဆက်မဆင်းနိုင်၊ ဘေးကပ်ဖို့လည်း နေရာကမရှိ။ နောက်ကလူတွေကလည်း တန်းစီနေပြီ။ ဒီမိနစ်ဝက်သာသာလေးအတွင်းမှာ စက်လှေကားပေါ်က ဖြစ်နိုင်တဲ့ပုံစံပါ။ နောက်ဆုံးမှာ ရပ်စီးလို့မဖြစ်တော့တဲ့အတွက် ရှေ့ကိုသာဆက်သွားရပါတော့တယ်။

အမြန်လမ်းဖက်က စက်လှေကားစီးနေတဲ့လူကို ရှေ့ဆက်မတက်ဖြစ်အောင် ပိတ်ရပ်နေသူများလည်း ရှိတတ်ပါတယ်။ သူတို့တွေက အမြန်လမ်းကို အရင်ဦးအောင် ယူလိုက်တယ်။ ဒါအမြန်လမ်းပဲဆိုတာ သိကောင်းသိမယ်။ ဒါပေမယ့် ခပ်တည်တည်ပဲ ပိတ်ရပ်ပြီး စီးပါတယ်။ ဆက်မသွားပါ။ နောက်က အလျင်လိုသူက ရှေ့ကလူ ဆက်တက်မလား၊ ဆက်ဆင်းလေမလားလို့ တခဏ အကဲခတ်၊ တုတ်တုတ်မလှုပ်ရင် သဘောပေါက်သွားပြီး တဖက်က လွတ်ရင် အဲဒီတဖက်က အသာလေး ကျော်တက်သွားရပါတယ်။ တဖက်မှာ ရပ်စီးနေတဲ့သူရှိရင် ကျော်တက်လို့မရ၊ အဲဒီမှာ သူလည်း ရှေ့ကလူ့ဂွစာအတိုင်း ရပ်ပဲစီးရပါတော့တယ်။ အဲဒီလို လူ့ကန့်လန့်တွေနဲ့တွေ့တာအခါ အသံခပ်မာမာနဲ့ “တဆိတ်လောက်” ဆိုပြီး ပြောလိုက်ရင် သူ့တို့ကို လှုပ်နှိုးလိုက်နိုင်၊ လန့်ဖြန့်သွားနိုင်စေပါတယ်။ နောက်ကလူကို တက်ပါ ဆင်းပါ ဆိုပြီး သူ့ရှေ့ကနေ သွားစေနိုင်ပါတယ်။ ဒီနေရာမှာ အမြန်လမ်းပေါ်ကို ရောက်နေတဲ့ သက်ကြီးရွယ်အိုတွေနဲ့ ငယ်ရွယ်သူကလေးတွေကိုတော့ ဦးစားပေးအနေနဲ့ ခြွင်းချက်ထားကာ ခပ်မဆိတ်နေပေးကြပါတယ်။

“တဆိတ်လောက်” ဆိုပြီး အသိပေးပေမယ့် မသိချင်ယောင်ဆောင်သူများကို ကျော်တက်သွားဖို့ အကောင်းဆုံးနည်းကို တချို့သုံးသူတွေ ရှိတာ တွေ့ရပါတယ်။ တွန်းတိုက်သွားခြင်း ဖြစ်ပါတယ်။ သို့မဟုတ်က သွားလိုသည်ကို လျင်မြန်စွာ ရောက်မည် မဟုတ်။ လမ်းမပိတ်ရ၊ လမ်းပေးထားရပေမည်။ တက်နိုင်သူ တက်ကြ၊ ဆင်းနိုင်သူ ဆင်းကြ။ ရိုးရိုးတက်တက်၊ အပြေးတပိုင်းပဲတက်တက်၊ ပြေးတက်နိုင်လို့ ပြေးပဲတက်တက်၊ တက်ကြ။

စက်လှေကားမစီးခင်မှာ တခုသတိပြုစေချင်ပါတယ်။ အဲဒါက ကိုယ့်ကိုယ်ကို မြန်မြန်မေးလိုက်ရမှာ ဖြစ်ပါတယ်။ သွားမှာလား ရပ်မှာလား ဆိုတာပါပဲ။ သွားမယ်လို့ ဆုံးဖြတ်ပြီး အမြန်လမ်းဖက် ယူထားရင်တောင် တခါတလေ အပြေးတက်မှ အပြေးဆင်းမှ ရထားမီတာမျိုးလည်း ရှိတတ်ကြောင်းပါ။ အမြန်လမ်းမှာ ရှေ့မဆက်ဘဲ ပိတ်ရပ်နေသူတွေကို ကြုံတွေ့ပါက တွန်းတိုက်သင့် တွန်းတိုက်ကာ ဆက်လက်တက်ရပါမယ်။

ငယ်ငယ်တုန်းက ရွတ်ဆိုခဲ့ကြတာလေး ပြန်ဆိုမိပါတယ်။

“ညအခါ လသာသာ

ကစားမလား နားမလား” တဲ့။

စက်လှေကားစီးသူများက ဒီလိုပြောင်းဆိုရမှာဖြစ်ပါတယ်။

“ရထားအသံကြားသည် အမီလိုက်ဖို့လိုသည်

အပြေးတက်မလား ဘေးကပ်ရပ်မလား” ။   ။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
MoeMaKa English Site

Similar Posts