တူမောင်ညို သူတို့အာဘော်

တူမောင်ညို – ယဉ်ကျေးမှုပျက်နေတာ မြန်မာပြည်မှာ သင်္ကြန်တခုတည်းမှ မဟုတ်ပါ

 
တူမောင်ညို – ယဉ်ကျေးမှုပျက်နေတာ မြန်မာပြည်မှာ သင်္ကြန်တခုတည်းမှ မဟုတ်ပါ
(မိုးမခ) မေ ၈၊ ၂၀၁၅
 
“အနောက်တိုင်းယဉ်ကျေးမှုသည် ကူးစက်ပျံ့နှံ့မှုလွယ်ကူပြီး သင်္ကြန်ပွဲတော်ကဲ့သို့ ဖျော်ဖြေတင်ဆက်မှုများမှ တဆင့် မြို့ပြမှသည် ကျေးလက်အထိ လက်ခံနှစ်သက်ပျံ့နှံ့လာနေပြီဖြစ်ပါသည်။ ယဉ်ကျေးမှုပျက် အရောအနှောပုံစံများ ကူးစက်ခံနေရပြီဖြစ်ပါသည်”
 
“ယဉ်ကျေးမှုပျက်ယွင်းခြင်း လက်သည်ကို အပူတပြင်းရှာဖွေကြရပါမည်” တဲ့
 
ဤသည်မှာ စစ်တပိုင်းအစိုးရပိုင် သတင်းစာအာဘော်မှ အာခေါင်ခြစ်၍ အသံကောင်းဟစ်လိုက်သော အသံဖြစ်ပါသည်။
 
ထိုအော်သံထဲမှ  အောက်ပါအချက် ၃ ရပ်ကို ထင်ရှားစွာ သိမြင်နိုင်ပါသည်။ 
 
၁။ ထိုးဖောက်လာသည့် “အနောက်တိုင်းယဉ်ကျေးမှု” ကို ခုခံနိုင်စွမ်း သူတို့တွင်မရှိကြောင်း၊
 
၂။ “အနောက်တိုင်းယဉ်ကျေးမှု” သည် ကူးစက်ပျံ့နှံ့လွယ်ကြောင်း၊ 
 
၃။ ယဉ်ကျေးမှုပျက်ယွင်းခြင်း လက်သည်တရားခံသည် သူတို့စစ်တပိုင်းအစိုးရမဟုတ်လေဟန်၊ သူတို့ကိုသူတို့အမျိုးသားယဉ် ကျေးမှုဘက်မှ ခုခံနေသူများအဖြစ် ထင်ယောင်ထင်မှားဖြစ်စေရန် လှည့်စားပြောနေခြင်းသာဖြစ်ပါသည်။ 
 
အညှီရှိလျှင် ယင်အုံမည်။ ကိုယ်ခံအားမကောင်းသော ခန္ဓာကိုယ်တွင်းသို့ ရောဂါဘယပေါင်းစုံဝင်ရောက်လာမည်သာဖြစ်သည်။ ယခုလည်းထိုသဘောပင်ဖြစ်သည်။ စစ်တပိုင်းအစိုးရ၏အုပ်စိုးမှုမှာ ပြည်တွင်းပြည်ပမှ နှာခေါင်းရှုံ့ကြရသည့် အပုပ်နံ့တထောင်းထောင်း ထနေသော၊ ကိုယ်ခံအားမကောင်းသည့် ချိနဲ့နုချာသောအုပ်စိုးမှုဖြစ်ပါသည်။ 
 
“ယဉ်ကျေးမှု” ဆိုသည်မှာ သီးခြားတည်ရှိနေနိုင်သော အရာကိစ္စမဟုတ်ပါ။
 
 စီးပွားရေးနှင့်နိုင်ငံရေးစနစ်ကို စုစည်းထင်ဟပ်ပြရသည့် အသွင်သဏ္ဌာန် တစ်ခုသာဖြစ်သည်။ စီးပွားရေးနှင့်နိုင်ငံရေးစနစ် ပြောင်းလဲသွားသည့်အခါ ပြောင်းလဲသွားသည့် စီးပွားရေးနှင့်နိုင်ငံရေးစနစ်ကိုလိုက်၍ ယဉ်ကျေးမှု၏အသွင်သဏ္ဌာန်တို့သည်လည်း အစဉ် သဖြင့်လိုက်ပါပြောင်းလဲသွားကြရစမြဲဖြစ်သည်။ ယဉ်ကျေးမှုသည်တန့်ရပ်နေသည်မရှိ အစဉ်သဖြင့်လှုပ်ရှား ပြောင်းလဲနေသော စီးပွားရေး နှင့်နိုင်ငံရေးစနစ်များအပေါ်တည်မှီ၍ ပြောင်းလဲနေသည်သာဖြစ်သည်။ 
 
သက်ဦးဆံပိုင် ပဒေသရာဇ်အုပ်စိုးမှုအား ကိုလိုနီနယ်ချဲ့သမားက ပလ္လင်ပေါ်မှာဆွဲချသွားသောအခါ တနွယ်ငင်တစင်ပါ ပဒေသရာဇ်ယဉ်ကျေးမှုသည်လည်း ကျိုးပဲ့ကျေမွသွားကာ ပြတိုက်ထဲသို့ရောက်ရှိသွားတော့သည်။ ပြိုကျသွားသော ပဒေသရာဇ် အုပ်စိုးမှု နှင့်စီးပွားရေးနေရာတွင်ကိုလိုနီအုပ်စိုးမှုနဲ့ကိုလိုနီစီးပွားရေးဘဝရောက်ရှိလာတော့သည်။တဆက်တည်းတပြိုင်တည်းပင်ကိုလိုနီယဉ်ကျေး မှုများလည်း တစတစပေါ်ထွက်လာတော့သည်။ 
 
စစ်တပိုင်းအစိုးရအုပ်စီးထားသည့် ယနေ့မြန်မာ့စီးပွားရေးဘဝကိုကြည့်လျှင် နိုင်ငံတကာမျက်နှာစာ၌ နိုင်ငံပေါင်းစုံထံ လက်ဖြန့် ခံနေပြီးဘက်ပေါင်းစုံမှီခိုနေရသည့်လက်ဝေခံဘဝနှင့် ပြည်တွင်းမျက်နှာစာ၌မူ အဓိကစီးပွားရေးအသက်သွေးကြောမှန်သမျှကို စစ်ဗျူရို ကရက်များနှင့်အပေါင်းပါခရိုနီတစ်စုက လက်ဝါးကြီးလွှမ်းမိုးအုပ်ချုပ်ကိုင်ထားသည့် စစ်ဗျူရိုကရက်လက်ဝါးကြီးအုပ် စီးပွားရေးစနစ် ဖြစ် သည်ကို အထင်အရှားမြင်တွေ့ရပါလိမ့်မည်။
 
ယင်းသို့ ချိနဲ့နုံချာလှသော စီးပွားရေးအခြေခံအဆောက်အအုံပေါ်၌တည်ဆောက်ထားသည့် စစ်တပိုင်းအစိုးရ၏နိုင်ငံရေး၊  စစ်ရေး၊ လူမှုရေး၊ ယဉ်ကျေးမှု၊ ပညာရေး၊ ကျန်းမာရေး အစရှိသော အပေါ်ထပ် အဆောက်အုံများ၏ အသွင်သဏ္ဌာန်များသည် လည်း ဂျိုကျိုးနားရွက်ပဲ့ ပုံပျက်ပန်းပျက်ဖြစ်နေတော့သည်မှာ ဘာမျှမဆန်းပါချေ။ 
 
သို့ပါ၍ ရာစုနှစ်ဝက်ကျော်ကြာ အမျိုးသားသွေးစည်းညီညွတ်မှု တစစီပြိုကွဲကာ ပြည်တွင်းစစ်ဖြစ်ပွားနေသော၊ နုံချာလှသည့် လယ်ယာစိုက်ပျိုးရေးစီးပွားရေးကိုသာ အဓိကအားထားနေရသော၊ ပြည်ပနိုင်ငံပေါင်းစုံအပေါ် အလုံးစုံမှီခိုနေသော၊ တိုင်းပြည်၏ ဓနဥစ္စာ မှန်သမျှကို စစ်အုပ်စုလက်တစ်ဆုပ်စာနှင့်ခရိုနီအပေါင်းပါတို့က လုယက်အပိုင်စီးခြင်းခံထားရသည့် တိုင်းပြည်တစ်ခု၏ စီးပွားရေးဘဝ သည် အဘယ်သို့ လွတ်လပ်အမှီခိုကင်းသောစီးပွားရေးဖြစ်နိုင်ပါတော့မည်နည်း။
 
နိုင်ငံပေါင်းစုံကိုမှီခိုနေရသည့် စစ်ဗျူရိုကရက်လက်ဝါးကြီးအုပ်စီးပွားရေးစနစ် အခြေခံအဆောက်အအုံပေါ်တွင် “ အမျိုးသား နိုင်ငံရေး ဦးဆောင်မှုအခန်းကဏ္ဍတွင်စစ်တပ်ကပါဝင်ရေး” ဟူသည့် စစ်အုပ်စု ထာဝစဉ်ဗိုလ်ကျလွှမ်းမိုးထားသည့် နိုင်ငံရေး အပေါ်ထပ် အဆောက်အအုံကို တည်ဆောက်ထားခြင်းဖြစ်ပါသည်။
 
  သဘာဝကျစွာပင် ထိုသို့သောစီးပွားရေး ဘဝကိုရောင်ပြန်ဟပ်နေသည့် ယဉ်ကျေးမှုကလည်း လက်ဝေခံယဉ်ကျေးမှု၊ အမှီခို မကင်းသည့်ယဉ်ကျေးမှု၊စစ်အုပ်စုဗိုလ်ကျလွှမ်းမိုးမှုကို အမွှမ်းတင်နေသည့် ယဉ်ကျေးမှုတို့သာ ပေါင်းစပ်ထားသည့်ချိနဲ့နုံချာလှသည့် ဖက်စပ် ယဉ်ကျေးမှု၊သရုပ်ပျက်ယဉ်ကျေးမှုသာဖြစ်တော့သည်။ စစ်ဗျူရိုကရက်ယဉ်ကျေးမှု ခေါင်းမော့ဝင့်ကြွားနေသည်မဟုတ်ပါလား။ စစ်ဗျူရိုရက် များကို ပြည်သူလူထုက လက်အုပ်ချီနေကြရသည်မဟုတ်လား။
 
“ယဉ်ကျေးမှုပျက် အရောအနှောပုံစံများ ကူးစက်ခံရပြီဖြစ်ပါသည်” ဟူသော ပြောဆိုချက်မှာ ခုခံအားနည်းလှသည့် ချိနဲ့နုံချာ သော၊ ပြည်ပနိုင်ငံပေါင်းစုံလက်ဝေခံ၊ အမှီခိုခံ စီးပွားရေးဘဝဖြစ်ကြောင်း အော်ဟစ်ဝန်ခံနေခြင်းသာဖြစ်ပါသည်။ ကိုယ်ခံအားချိနဲ့နုံချာ လွန်းလှသော ပြည်ပလက်ဝေခံ၊ အမှီခိုခံစီးပွားရေးဘဝသည် ရောဂါပေါင်းစုံကို ဖိတ်ခေါ်လက်ခံနေခြင်းဖြစ်သည်။ သို့ပါ၍ စစ်တပိုင်း အစိုးရ၏စီးပွားရေးနှင့်နိုင်ငံရေးအုပ်စိုးမှုသည် “ယဉ်ကျေးမှုပျက်ယွင်းခြင်း၏အဓိကလက်သည်တရားခံ” ဖြစ်သည်ဟူသော အချက်မှာ ထင်ရှားပေါ်လွင်နေတော့သည်။
 
သို့ပါ၍ “အမျိုးဂုဏ်၊ ဇာတိဂုဏ်နှင့်ယဉ်ကျေးမှုအမွေအနှစ်များကို ထိန်းသိမ်းရေး”ဆိုသည်မှာ အရှက်မဲ့လေလုံးထွားသော ဗလာစကား သက်သက်မျှသာဖြစ်တော့သည်။ ဒင်းတို့အုပ်စိုးမှုကိုတာရှည်ဖုံးကွယ်ရန်အတွက် ဟန်ပြလှည့်စားမှုနှင့် အသံကောင်းဟစ် ပြောဆိုနေမှုများသာဖြစ်သည်။ 
 
ဖက်စပ်စီးပွားရေးရင်းနှီးမြှုပ်နှံမှုနှင့်အတူ ဖက်စပ်ယဉ်ကျေးမှုများကို စစ်အုပ်စုနှင့်စစ်တပိုင်းအစိုးရက ဖိတ်ခေါ်တင်သွင်းခဲ့ခြင်း ဖြစ်ပါသည်။ သာဓကအားဖြင့် ကိုရီးယားဆပ်ပြာဇာတ်လမ်းမျိုးစုံနှင့်အတူ ကိုရီးယားအမူအကျင့်၊ နေထိုင်စားသောက်ပုံများကို အစိုးရပိုင် ရုပ်သံမှတဆင့်နေ့စဉ်ဖြန့်ဖြူးခဲ့ကြသည်။ ထိုသို့တိုင်းတပါးယဉ်ကျေးမှုကူးစက်ပျံ့ပွားအောင်လုပ်ခဲ့သူများကို ယဉ်ကျေးမှုဖျက်ရာဇဝတ် ကောင်များ၊ အမျိုးသား ယဉ်ကျေးမှုအပေါ်သစ္စာဖောက်ကြသူများ၊ အမျိုးသားယဉ်ကျေးမှုဖျက်ဆီးသူများဟုခေါ်ရပါမည်။ 
 
မည်သည့် ယဉ်ကျေးမှုပုံစံ၊ အမူအကျင့်ကိုမဆို သူချည်းသက်သက်တင် ပို့နိုင်ကြသည်မဟုတ်ပါ။  အထည်ကိုယ်ဒြပ်ရှိသော အဿပြာအရင်းအနှီးမြှုပ်နှံမှုနှင့်အတူတကွ တင်ပို့ကြရခြင်းဖြစ်ပါသည်။ နိုင်ငံပေါင်းစုံမှ လာရောက်ရင်းနှီးမြှုပ်နှံကြပါရန် အသံစာစာဖြင့်  လက်ဖြန့်ခံ၊ လက်ယပ်ခေါ်နေရသည့်အုပ်စိုးသူများသည် ထိုသို့လာရောက်ကြသည့်အရင်းအနှီးများနှင့်အတူ ယဉ်ကျေးမှုမျိုးစုံ၊ ဓလေ့မျိုးစုံ ကိုဖိတ်ခေါ်ခွင့်ပြုရတော့သည်။ ဤသို့ဖြင့် ယဉ်ကျေးမှုမျိုးစုံကိုဖိတ်ခေါ်တင်သွင်းနေသည့် အဓိကလက်သည်တရားခံမှာ လက်ရှိအုပ်စိုးသူ များသာဖြစ်ကြောင်း ထင်ရှားလာပါသည်။ 
 
သို့ဖြင့် လက်ဝေခံလက္ခဏာဆောင်သော စစ်ဗျူရိုကရက်လက်ဝါးကြီးအုပ်ယဉ်ကျေးမှုသည် အင်ဖော်မေးရှင်းတက္ကနိုလိုဂျီ နည်း ပညာကိုစီးနင်းပြီး အရှိန်အဟုန်ပြင်းပြင်းဖြင့်ထိုးဖောက်ဝင်ရောက်လာနေသော ဂလိုဘယ်အရင်းရှင်စနစ်ယဉ်ကျေးမှုကိုဘယ်လိုမှ တောင့် မခံနိုင်သည်မှာ ဘာမျှမဆန်းချေ။ 
 
 ဂုဏ်လုပ်ကြွားဝါးနေသည့် ယဉ်ကျေးမှုကိုကြည့်ပြန်တော့ ပဒေသရာဇ်ခေတ်နှင့် ကိုလိုနီခေတ်က ကျန်ကောင်းကျန်ရာကျန်ခဲ့ သည့် အခိုင်အမာအထည်ကိုယ်ဒြပ်ရှိသော ဗိသုကာလက်ရာများ (သာသနာဆိုင်ရာ အဆောက်အအုံများ) သာဖြစ်နေသည်ကို တွေ့ရ လိမ့်မည်။ စောင်းကောက်၊ ဆွမ်းအုပ်၊ ထိုင်မသိမ်းအင်္ကျီ၊ ချိတ်လုံချီ၊ ခေါင်းပေါင်းတို့ကို အမွေအနှစ်လုပ်နေရတော့သည်။ ဒါတွေကိုင်ပြီး ၊ ဒါတွေဝတ်ပြီး ဓါတ်ပုံရိုက်ခြင်း၊ ဝတ်ဆင်ခြင်းသည်ယဉ်ကျေးမှုမြတ်နိုးသကဲ့သို့ဖြစ်နေတော့သည်။ ထိုအရာများသည်လည်း ဂုဏ်တုဂုဏ် ပြိုင်လုပ်ကြသောဗျူရိုရက်အထက်လွှာများ၏အလှူ၊မင်္ဂလာဆောင်များတွင်နာရီပိုင်းခံပကာသနအဖြစ်သာသက်တမ်းရှိပြီး ကျန်အချိန်များ တွင် အဝတ်အစားဘီရိုထဲတွင် ပရုပ်လုံးဖြင့်ပေါင်းဖက်အိပ်စက်နေရမည်။ 
 
ဖမ်းဆုပ်၍မရသော “ ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်” ဆိုသည်ကတော့ ရေနဲ့တူပြီး ထည့်သည့်ခွက်၏ ပုံသဏ္ဌာန်ကို လိုက်၍ ပြောင်းလဲနေသည်၊ ဟိုလူလာလည်း မျက်နှာချိုသွေးရ၊ ဒီလူလာလည်း မျက်နှာချိုသွေးရနှင့် မူလပုံစံပျက်ပြားကာ သရုပ်ပျက် ပုံစံမျိုး စုံ ဖြစ်နေခဲ့ရတော့သည်။ ဟိုတယ်ကြီးတစ်ခုက လာရောက်တည်းခိုသူများအား “ဒူးထောက်အရိုသေပေးရမည်/ကြိုဆိုရမည်” ဟုဆိုသည့် အမူအကျင့်ကိုပင် အများပြည်သူသိရှိကန့်ကွက်လာတော့မှ စစ်တပိုင်းအစိုးရက အရှက်ပြေတားဆီးခဲ့ခြင်းဖြစ်သည်မဟုတ်ပါလား။  
 
သို့ဖြင့် စစ်ဗျူရိုကရက်အုပ်စိုးသူများသည် ပဒေသရာဇ်နဲ့ကိုလိုနီယဉ်ကျေးမှုများကိုအမွေဆက်ခံထိန်းသိမ်းနေသူများ၊ကာကွယ် နေသူများဖြစ်ကြောင်းပေါ်လွင်နေတော့သည်။
 
စစ်ဗျူရိုကရက်လက်ဝါးကြီးအုပ်စီးပွားရေး၊ စစ်ဗျူရိုကရက်အုပ်စိုးမှုနျင့် စစ်ဗျူရိုကရက်ယဉ်ကျေးမှုအား တိုက်ခိုက်၊ ဆန့်ကျင်၊ ဝေဖန်ရှုံချသည့် လက္ခဏာပါရှိသော အညွန့်တလူလူဖြင့် လူးလွန့်နိုးကြားပေါ်ထွက်လာနေသည့် ဒီမိုကရေစီယဉ်ကျေးမှုသစ်ကိုလည်း စစ်တပိုင်းအုပ်စိုးသူများက “စိစစ်၊အကဲဖြတ်၊တင်းကျပ်သည်” ဟူသော စကားလုံးသုံးကာ အညှိုးအတေးဖြင့် ပိတ်ပင်၊ ကန့်သတ်၊ အညွန့် ချိုး၊ ချေမှုန်းနေပါသည်။ 
 
အမျိုးသားယဉ်ကျေးမှုစွမ်းသန်တည်တံ့လိုလျှင်  အမျိုးသားစီးပွားရေးခိုင်မာတောင့်တင်းမှဖြစ်မည်။ အမျိုးသားသွေးစည်းညီညွတ် မှု ရှိမှဖြစ်နိုင်မည်။  စီးပွားရေးတွင် အမှီခိုခံနေရသမျှ ယဉ်ကျေးမှုကလည်း အမှီခိုခံယဉ်ကျေးမှုသာဖြစ်မြဲဖြစ်နေမည်။ အမျိုးသားသွေးစည်း ညီညွတ်မှုပြိုကွဲနေသမျှ အမျိုးသားယဉ်ကျေးမှုကလည်း တစစီကျိုးပဲ့နေမည်သာဖြစ်သည်။ 
ညွန်း 

 

  • ကြေးမုံစာတည်းရှုဒေါင့် (၁၅-၄-၂၀၁၅) ကြေးမုံသတင်းစာ

 


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
MoeMaKa English Site

Similar Posts

One thought on “တူမောင်ညို – ယဉ်ကျေးမှုပျက်နေတာ မြန်မာပြည်မှာ သင်္ကြန်တခုတည်းမှ မဟုတ်ပါ
  1. absolutely, completely and more than 100% right. They should realize themselves.

Comments are closed.