Maung Swan Yi မိုးမခလူကြီးများ ရသဆောင်းပါးစုံ အတွေးအမြင်

မောင်စွမ်းရည် –“ ဖက်ဆစ်တော်လှန်ရေးနေ့ ”



 မောင်စွမ်းရည် –“ ဖက်ဆစ်တော်လှန်ရေးနေ့ ”

(မိုးမခ)  မေ ၅ ၂၀၁၅

“ သမိုင်းတတ်က ပဏ္ဍိတ” တဲ့။“  သမိုင်းမသိက လူအ ” တဲ့။ယောက်ျားတို့တတ်အပ်သော တစ်ဆယ့်ရှစ်ရပ်သော ပညာရပ်တွေထဲမှာလဲ သမိုင်းပညာဟာ တတ်ရသိရမယ့် ပညာရပ်ထဲမှာပါတယ်လို့ဆိုတယ်။ “ ယောက်ျား ” တို့ဆိုတာ ရှေးက ပြောခဲ့တာမို့ပါ ။ ခုခေတ်မှာတော့ “ လူသားတို့တတ်အပ်သော အဋ္ဌာရသဆယ့်ရှစ်ရပ်သောပညာ ” လို့ပြောရတော့မှာပေါ့ ။ အမျိုးသမီးများလဲ သမိုင်းတတ်ရ၊ဖတ်ရပါတယ် ။ မအ အောင်လို့ပါ။

ဖက်ဆစ်တော်လှန်ရေးဟာ ဗမာတို့ရဲ့ ခေတ်သစ်သမိုင်းကျမ်းတွေမှာ ပါနေပါပြီ ။ ဂုဏ်ရောင်အပြောင်ဆုံးသမိုင်းပါ။ပြည်သူတရပ်လုံး ပါဝင်ခဲ့တဲ့သမိုင်းပါ။ ဒါကြောင့် မတ်လ ၂၇ ရက်နေ့ကို “ ဖက်ဆစ်တော်လှန်ရေး နေ့ ” ရယ်လို့ နိုင်ငံတော်က သတ်မှတ်ပြီး နှစ်စဉ်တော်လှန်ရေးနေ့ကျင်းပခဲ့ပါတယ်။ အဲဒါကို ဗိုလ်နေဝင်းစစ်အစိုးရလက်ထက်မှာ “ တပ်မတော်နေ့ ” ရယ်လို့ ပြောင်းလဲလိုက်ပါတယ်။ဖက်ဆစ်တော်လှန်ရေးကို တပ်မတော်တခုတည်း မူပိုင်လုပ်ပစ်ခဲ့ပါတယ်။ တပ်မတော်ဖွဲ့ခဲ့တာ ထိုင်းနိုင်ငံမှာ ဖွဲ့ခဲ့တာပါ။ ၁၉၄၁ ဒီဇင်ဘာ ၂၆ လို့ မှတ်သားမိပါတယ်။ (ဒါကြောင့် ပြည်သူတွေက တော်လှန်ရေးနေ့ကို ပြန်တောင်းရပါလိမ့်မယ်။ )

ဖက်ဆစ်တော်လှန်ရေးကို ဗမာနိုင်ငံရေးသမားတွေက ဖက်ဆစ်ဂျပန်တွေမလာခင်ကတည်းက ပြင်ဆင်နေခဲ့ကြတာပါ။ နိုင်ငံရေးသမားတွေကြားမှာ သဘောထားသုံးမျိုးဖြစ်ပေါ်ခဲ့ပါတယ်။ (၁) ဂျပန်လာရင် ဗမာတွေက ရရာလက်နက်နဲ့ ပျောက်ကျားစစ် ဆင်နွှဲခုခံမောင်းထုတ်မယ်။

(၂) မဟာမိတ်များနဲ့ ပူးပေါင်းပြီး တော်လှန်မယ်။

(၃) မဟာမိတ် အင်္ဂလိပ်တွေကိုရော ၊ဂျပန်တွေကိုရော တပြိုင်တည်းတော်လှန်မယ်။

အဲဒီသဘောထားသုံးရပ်အနက် မဟာမိတ်တွေနဲ့ ယာယီပူးပေါင်းပြီး ဖက်ဆစ်ကို တော်လှန်မယ်ဆိုတဲ့သဘောထားက ရှေ့တန်းရောက်လာခဲ့ပါတယ်။ ပထမပိုင်းမှာတော့ လက်နက်နဲ့ စစ်ပညာမရှိလို့ နိုင်ငံခြားကိုသွားရောက်အကူအညီတောင်းကြဖို့သဘောတူညီခဲ့ကြပါတယ်။အဲဒီကာလမှာ တရုတ်ပြည်ကွန်မြူနစ်ပါတီက ဖက်ဆစ်ကို တွန်းလှန်တိုက်ပွဲ ဝင်နေပါတယ်။ဒါကြောင့် တရုတ်ကွန်မြူနစ်တွေဆီကို သွားကြဖို့ ကြံစည်ကြပါတယ်။ကြံစည်ကြသူတွေက ကွန်မြူနစ်တွေပဲ များပါတယ်။ ဗမာပြည်မှာက ကွန်မြူနစ်ပါတီကို ၁၉၃၉ ဩဂုတ် ၁၅ မှာ ဖွဲ့ပြီးခဲ့ပါပြီ။ သခင်အောင်ဆန်း၊ သခင်သိန်းဖေ၊ သခင်လှဖေ( နောင်ဗိုလ်လက်ျာ) ၊သခင်ဗဟိန်းစတဲ့ ကျောင်းသားသမဂ္ဂထဲကနေ တို့ဗမာအစည်းအရုံးကို ဝင်လာသူများ ဦးဆောင်ပါဝင်ပါတယ်။အတွင်းရေးမှူးက သခင်အောင်ဆန်းပါ။ အဲဒီအချိန်မှာ အရှေကတောင်အာရှ နိုင်ငံတွေ အားလုံးလောက်နီးပါးက သူတို့နိုင်ငံတွေကို သိမ်းပိုက်အုပ်ချုပ်နေတဲ့ အင်္ဂလိပ်၊ပြင်သစ်စတဲ့ ဥရောပ နယ်ချဲ့တွေကို တော်လှန်ဖို့အတွက် ကွန်မြူနစ်ပါတီတွေ အသီးသီးအသကထူထောင်ပြီးနေကြပါပြီ။

အဲဒီကာလက နိုင်ငံတကာရဲ့ နိုင်ငံရေးရေစီးကြောင်းမှာ အရင်းရှင်နယ်ချဲ့ဆန့်ကျင်ရေးဖြစ်ပေါ်နေပါတယ်။ ကွန်မြူနစ်ရုရှ နဲ့ ကွန်မြူနစ်တရုတ်တို့က အင်္ဂလိပ်၊ ပြင်သစ်၊စပိန်၊ အမေရိကန်စတဲ့ အရင်းရှင် နယ်ချဲ့တွေနဲ့ တိုက်ခိုက်နေပါတယ်။အရင်းရှင်နယ်ချဲ့ဝါဒကို ဆန့်ကျင်တာက ကွန်မြူတွေပဲဆိုတော့ နယ်ချဲ့အောက်က ရုန်းထွက်လိုတဲ့ နိုင်ငံတိုင်းမှာ ကွန်မြူနစ်ပါတီတွေ ပေါ်လာရခြင်းဖြစ်ပါတယ်။ဒါကြောင့် ဗမာပြည်မှာလဲ ကွန်မြူနစ်ပါတီပေါ်လာရခြင်းပါ။ သခင်စိုး၊ သခင်ကျော်စိန် အတွဲတတွဲ၊ သခင်ဗဟိန်းနဲ့ ကိုဌေးမြိုင်(ဒဂုန်တာရာ) တတွဲ၊ ဒီနှစ်တွဲက တရုတ်ကွန်မြူနစ်တွေဆီသွားတာ မရောက်ခဲ့ပါဘူး ။ သခင်သိန်းဖေ(သိန်းဖေမြင့်) က အိန္ဒိယကနေ လေယာဉ်နဲ့ သွားလို့ တရုတ်ပြည်ကွန်မြူနစ်ခေါင်းဆောင် ချိုအင်လိုင်းဆီရောက်သွားခဲ့ပါတယ်။ ချိုအင်လိုင်းက “ ကိုယ့်ပြည်တွင်းမှာပဲ ပြည်သူကို အားကိုးပြီး တော်လှန်ပါ” လို့ တိုက်တွန်းလိုက်ပါတယ်။

သခင်သိန်းဖေ၊ သခင်စိုး ၊သခင်သန်းထွန်း၊ သခင်ဗဟိန်း၊ သခင်အောင်ဆန်း ၊သခင်လှဖေ စတဲ့ ကွန်မြူနစ်ပါတီဝင်ဖြစ်လာသူ သခင်များဟာ ဆရာကြီသခင်ကိုယ်တော်မှိုင်းခေါင်းဆောင်တဲ့ “ တို့ဗမာအစည်းအရုံး ” ဝင်သခင်လူငယ်များဖြစ်ပါတယ် ။ တို့ဗမာ အစည်းအရုံးက ပဲ့ထွက်သွားတဲ့ သခင်ဗစိန်၊ သခင်ထွန်းအုပ် တို့ဦးစီးတဲ့ လက်ယာဂိုဏ်းသား သခင်အုပ်စုတစုလဲရှိပါတယ်။ သူတို့ကကွန်မြူနစ်တွေကို ဆန့်ကျင်ပါတယ်။ သူတို့ နှစ်ယောက်ကလဲ နိုင်ငံခြားအကူအညီယူဖို့ ထိုင်းနိုင်ငံက တဆင့် ဂျပန်ပြည်ကို သွားဖို့စီစဉ်ပြီး ထွက်လာရာမှာအင်္ဂလိပ်အစိုးရက ဖမ်းမိလို့ သူတို့ခရီးစဉ်လဲ မအောင်မြင်ခဲ့ပါဘူး။ ထောင်ချခံရပါတယ်။

တော်လှန်ရေးသမားတွေဟာ ဩဂုတ်လမှာ  “ ကွန်မြူနစ်ပါတီ ” ကိုဖွဲ့စည်းပြီး ၁၉၃၉ စက်တင်ဘာ ၁ ရက်နေ့မှာ “ ဗမာ့ထွက်ရပ်ဂိုဏ်း ” ဆိုတာဖွဲ့ပါတယ်။ လက်ဝဲလက်ယာပေါင်းစုံ ပါဝင်ပါတယ်။ဒေါက်တာဘမော်ဆိုတာ အင်္ဂလိပ်အစိုးရ နန်းရင်းဝန်ဖြစ်ဖူးပြီး သခင်အောင်ဆန်းတိုကနဲ့ ၁၃၀၀ပြည့် အရေးတော်ပုံမှာ “ ရန်သူ ” ဖြစ်ခဲ့သူပါ။ ဒါပေမဲ့ အင်္ဂလိပ်ကို ဆန့်ကျင်မယ့်သဘောထားရှိရင် လူတိုင်းနဲ့ တကယ်ပူးပေါင်းကြဖို့ သဘောတူပြီး ဒေါက်တာဘမော်ကိုပဲဥက္ကဋ္ဌတာဝန်အပ်နှင်းပြီး သခင်အောင်ဆန်းက အတွင်းရေးမှူး တာဝန်ယူပါတယ်။ အဖွဲ့ဝင်များအဖြစ် သခင်မြ၊ ဒေါက်တာသိန်းမောင်၊ သခင်နု၊ သခင်သန်းထွန်း စသဖြင့် အဖွဲ့ဝင် (၁၃) ဦး ပါဝင်ပါတယ် ။အဲဒီအဖွဲ့ကို မြေပေါ်မှာ ရုပ်ပြထားပြီး မြေအောက်လျှို့ဝှက်အဖွဲ.အစည်း( underground unit) တခုကိုလဲ ဖွဲ့စည်းထားလိုက်ပါတယ်။ အများအခေါ် “ ယူနစ် ” လို့ပဲ ခေါ်ပါတယ်။ အဖွဲ့ရဲ့ တရားဝင်အမည်က ( Peoples’ Revolutionary Party = PRC ) တဲ့ ။ ဗမာလို  “ ပြည်သူ့အရေးတော်ပုံပါတီ ” ဖြစ်လာပါတယ်။ သခင်မြက ပြည်တွင်းခေါင်းဆောင် ဖြစ်လာပြီး ကိုကျော်ငြိမ်း၊ ကိုဘဆွေ၊ ကိုဗဟိန်း၊ သခင်ချစ်၊ ကိုလှမောင်(ဗိုလ်ဇေယျ)၊ ကိုလှဖေ(ဗိုလ်လက်ျာ) ၊ နဂါးနီ ကိုထွန်းရွှေ၊ မိတ္ထီလာကိုလှမောင် အားလုံး ( ၁၀) ဦးပါဝင်ပါတယ်။ဒီအဖွဲ့သုံးဖွဲ့ဟာ မြေပေါ်မြေအောက်ဆက်စပ်လှုပ်ရှားနေခဲ့ကြပါတယ်။အင်္ဂလိပ်အစိုးရက ရိပ်မိသိရှိသွားလို့ တချို့အဖမ်းခံရပြီး ထောင်ထဲရောက်ကုန်ကြပါတယ်။ လွတ်နေတဲ့သခင်အောင်ဆန်းဟာ သခင်မြတို့စီစဉ်ပေးချက်အရ ၁၉၄၀ နိုဝင်ဘာ ၁၈ မှာ သခင်လှမြိုင်နဲ့အတူ တရုတ်ပြည်ကို ဦးတည်ထွက်ခဲ့ရာမှာ “ ဗမာ့ထွက်ရပ်ဂိုဏ်း ” ထဲကလူကြီးတချို့က ဂျပန်နဲ့အဆက်အသွယ်ရပြီး သခင်အောင်ဆန်းတို့ ဓါတ်ပုံဟာ ဂျပန်တွေရဲ့ လက်ထဲပို့လို့ သခင်အောင်ဆန်းတို့လဲ ဂျပန်ကို မတော်တဆရောက်သွားပြီး ရဲဘော်သုံးကျိပ်ဖွဲ့စည်းဖြစ်သွားခဲ့ပါတယ်။

အဖမ်းခံရတဲ့ သခင်စိုးနဲ့ သခင်သန်းထွန်း တို့ကတော့ ထောင်ထဲမှာပဲ တိုင်ပင်ပြီးမြင်းခြံစစ်တမ်း (သို့မဟုတ်)  အင်းစိန်စစ်တမ်း (Inseim Manifesto ) လို့ ထင်ရှားခဲ့တဲ့ စစ်တမ်းတစောင်ကို ထုတ်ပြန်နိုင်ခဲ့ပါတယ်။စာတမ်းရဲ့ ဆိုလိုရင်းကတော့ ဖက်ဆစ်ဂျပန်ဝင်လာရင် မဟာမိတ်နဲ့ ပူးပေါင်းပြီးတိုက်ထုတ်ဖို့ပါပဲ။ဒီအချိန်မှာ တချို့က “ ဖက်ဆစ်” ဆိုတာ ဘာမှန်းမသိသေးဘူး။ နိုင်ငံရေးခေါင်းဆောင်တွေကတော့ ကမ္ဘာ့နိုင်ငံရေး အခြေအနေတွေကို လေ့လာသိရှိထားပြီးဖြစ်နေပါတယ်။ တရုတ်ပြည်မှာ ဖက်ဆစ်တွေဟာ ပြည်သူတွေကို သတ်ဖြတ်နှိပ်စက်နေပါပြီ။ ဥရောပမှာလဲ အီတလီ နဲ့ ဂျာမဏီက အိမ်နီးချင်းနိုင်ငံတွေကို ကျူးကျော်နှိပ်စက်သတ်ဖြတ်နေပါပြီ။ သူတို့သုံးနိုင်ငံကိုဗမာသတင်းစာတွေမှာ “ ပန်- နီ-အီ ၊ ဝင်ရိုးတန်းသုံးနိုင်ငံ ” လို့ခေါ်နေတာ ကျနော်တို့ လူမှန်းသိစမှာပဲ ကြားဖူးနေခဲ့ပါပြီ။

ဖက်ဆစ်ဆိုတဲ့စကားလုံးဟာ မူရင်းက လက်တင်။ အီတလီက မူဆိုလိုနီဆိုတဲ့ နိုင်ငံရေးသမားတဦးက ၁၉၂၁ မှာ ဖက်ဆစ်ပါတီ၊ထူထောင်ပြီး ဖက်ဆစ်ဝါဒကို ၁၉၂၂ မှာ ကျင့်သုံးတယ်။ပြည်သူတွေကို အကြမ်းဖက်အုပ်ချုပ်တယ်။အလားတူပဲ ဂျာမနီက ဟစ်တလာကလဲ ဖက်ဆစ်ဝါဒကျင့်သုံးတယ်။ သူ့ပါတီ “ နာဇီပါတီ ” တဲ့။ ဂျပန်ဘုရင် “ တင်နိုဟေကါး ” ဆိုထင်ပါရဲ့။ သူက ကမ္ဘာမှာ အမြင်မြတ်ဆုံးနေမျိုးနွယ်ဆိုပြီး ကိုရီးယား၊ တရုတ်တို့ကို ကျူးကျော်တိုက်ခိုက်သတ်ဖြတ်အုပ်စိုးတယ်။တရုတ်ကွန်မြူနစ်ပါတီက မော်စီတုံးတို့ ခေါင်းဆောင်ပြီး ဂျပန်ကို ခုခံတွန်းလှန်နေတယ်။ တရုတ်တွေ ဖက်ဆစ်တော်လှန်ရေး လုပ်နေချိန်မှာ သခင်အောင်ဆန်းတို့အဖွဲ့ဟာ ဂျပန်စစ်တပ်မှာ စစ်ပညာကို ပါးရိုက်ခံပြီး  သင်ယူခဲ့ကြရတယ်။ ဂျပန်တွေက မင်းတို့ လွတ်လပ်ရေးကို ငါတို့တိုက်ပေးမယ်လို့ပြောပြီး ထိုင်းနိုင်ငံက တဆင့် ဗမာပြည်ကို ဝင်ပြီး အင်္ဂလိပ်တွေကိုတိုက်တယ်။ အင်္ဂလိပ်တွေက ဗမာပြည်သူတွေကို အကာအကွယ်မပေးဘဲ ဖက်ဆစ်တွေရဲ့ လက်ထဲကို ပစ်ထားခဲ့တယ်။ စက်ရုံတွေ ၊ တံတားတွေကိုလည်း ဖျက်ပစ်ခဲ့တယ် ။ဖက်ဆစ်ဂျပန်တွေက ဗမာပြည်သူတွေကို နှိပ်စက်ကလူပြုမူရုံမက ဆန်၊ပဲ၊သစ်၊ဝါး ၊သယံဇာတ၊ ပရိဘောဂ စတဲ့ ပစ္စည်းမျိုးစုံကို ဗမာပြည်သူတွေရဲ့ လက်ကလူယူပြီး ဂျပန်ကို ပို့တယ်။ငွေစက္ကူတွေ အရမ်းထုတ်လို့ ငွေဖေါင်းပွပြီး တန်ဘိုးမရှိဖြစ်ကုန်တယ်။ ဒီငွေစက္ကူတွေနဲ့ပဲ ဗမာပြည်က ပစ္စည်းတွေကို ဝယ်ယူပြန်လို့ ဗမာတွေရဲ့လက်မှာ တန်ဖိုးမရှိတဲ့  ငွေတွေပဲ ရောက်ရှိလာခဲ့ပါတယ်။ ဆရာကြီးသခင်ကိုယ်တော်မှိုင်းက သူ့တပည့် ဗိုလ်ချုပ်အောင်ဆန်းကို “ မင်းပင့်လာတဲ့ဘုရား၊ မင်းပြန်ပင့်သွားပါတော့လို့ ” ပြောတော့ ဗိုလ်ချုပ်အောင်ဆန်းစိတ်မကောင်းဖြစ်ရတယ်။သူ့ဦးခေါင်းထဲမှာတော့ ဖက်ဆစ်တွေကို တိုက်ထုတ်ဖို့ အစီအစဉ်ရှိပြီးသားပါတဲ့။

ဒီအချိန်မှာ ထောင်ကလွတ်လာပြီဖြစ်တဲ့သခင်စိုး၊ သခင်သန်းထွန်းတို့ဟာ လူငယ်တွေကို စည်းရုံးပြီး ဖက်ဆစ်ဆန့်ကျင်ရေး သဘောတရားသင်တန်းတွေ ပေးနေပါပြီ။ ကွန်မြူနစ်ဝါဒသဘောတရားတွေနဲ့အတူ ဖက်ဆစ်ဆိုတာ ဘာလဲ၊ ဘာကြောင့်တော်လှန်ရမလဲ ဆိုတာ သရုပ်ခွဲပြပါတယ်။ အရင်းရှင်တွေဟာ စက်မှုတော်လှန်ရေးကြီးကြောင့် ပစ္စည်းတွေကို မြန်မြန်နဲ့ များများ ထုတ်လုပ်နိုင်ပေမဲ့ ရောင်းစရာဈေးကွက်မလောက်တော့ဘူး။ “ ဈေးကွက်နဲ့ ကုန်ကြမ်း” တွေရရှိရေးအတွက် နယ်ချဲ့တာကို အပြိုင်လုပ်ကြတယ်။ အိန္ဒိယပြည်၊ ဗမာပြည်နဲ့တကွ အိမ်နီးချင်း နိုင်ငံတွေလဲ အင်္ဂလိပ်၊ပြင်သစ်၊စပိန်စတဲ့ ဥရောပနိုင်ငံတွေရဲ့ သိမ်းပိုက်ကျွန်ပြုတာခံခဲ့ကြရတယ် ။ “ ပန်-နီ- အီ” တွေက နောက်ပေါက်အရင်းရှင်တွေဆိုတော့ သူတို့နယ်ချဲ့စရာနိုင်ငံတွေက သူများလက်ရောက်ကုန်ပြီ။ ဒါကြောင့် “ သူခိုးလက်သူဝက်လု ” ဆိုသလို နယ်ချဲ့ချင်းစစ်ပွဲတွေဖြစ်ရာက ခုနောက်ထပ် ဒုတိယကမ္ဘာစစ်လို့ခေါ်ရတဲ့ စစ်ပွဲကြီးကို ထပ်ဖြစ်လာခဲ့ရတယ်။ ဂျာမနီက အင်္ဂလန်ကိုတိုက်တဲ့အပြင် ကွန်မြူနစ်ရုရှ ကိုလည်းတိုက်တယ်။ ရုရှ နဲ့အင်္ဂလိပ်ဟာ ယာယီမဟာမိတ်ဖွဲ့ပြီး ဘုံရန်သူ ဂျာမနီကို တိုက်ခိုက်တယ်။

ကွန်မြူနစ်ပါတီတွေဟာ နိုင်ငံတကာမှာလိုလိုရှိပြီး ပါတီအချင်းချင်း ဆက်သွယ်စည်းလုံးကြတယ်။ သူတို့က အလုပ်သမားပါတီဆိုတော့ သူတို့ကြွေးကြော်သံကို “ နိုင်ငံတကာအလုပ်သမားများ စည်းလုံးကြ ” ကို ဖော်ထုတ်ထားတယ်။ တတိယကွန်မြူနစ် အင်တာနေရှင်နယ်ညီလာခံကို ၁၉၄၁ မှာ ကျင်းပတယ် ။ အဲဒီညီလာခံက နိုင်ငံတကာအလုပ်သမားအပေါင်းတို့– မဟာမိတ်တို့ နဲ့ ယာယီပူးပေါင်းပြီး ဖက်ဆစ်ကို တိုက်ဖို့ တိုက်တွန်း အကြံပေးထားပါတယ်။ လက်ယာအစွန်းရောက် နောက်ပေါက် အရင်းရှင်နယ်ချဲ့တွေဟာ လောလောဆယ်မှာ အဓိကရန်သူဖြစ်နေလို့ပါပဲ။ဗမာပြည်မှာ တိုးတက်တဲ့ နိုင်ငံရေးသမားအများစုက ဒီသဘောထားကို လက်ခံလိုက်ကြပါတယ် ။ သခင်စိုးနဲ့ သခင်သန်းထွန်းတို့ဟာ ဖက်ဆစ်တော်လှန်ရေးအတွက် လူငယ်တွေကို စည်းရုံးကြတယ်။ပြည်သူ့အရေးတော်ပုံပါတီက စုထားတဲ့လူငယ်တွေကိုလဲ သင်တန်းပေးရတယ်။(နောင်အခါမှာ သူ့လူတွေ ကွန်မြူနစ်ဖြစ်ကုန်လို့ဦးဗဆွေက နှမျောမိတယ်လို့ ညည်းတွားခဲ့ဖူးပါတယ် ။ ) သခင်သန်းထွန်း ၊သခင်စိုးတို့က သခင်သိန်းဖေ (ဦးသိန်းဖေမြင့်) နဲ့ သခင်တင်ရွှေ တို့ကို၁၉၄၂ မှာ  အိန္ဒိယလွှတ်ပြီး မဟာမိတ်အင်္ဂလိပ်များ နဲ့ ဆက်သွယ်စေပါတယ်။ ဗြိတိသျှ Force 136( ဗြိတိသျှတပ် ၁၃၆ ) နဲ့တွေ့ပြီး ဗမာပြည်ဟာ ဖက်ဆစ်ဆန့်ကျင်ရေးအဖွဲ့ (AFO )  ရဲ့ ကိုယ်စားလှယ် အဖြစ်လက်ခံတယ် ။ကာလကတ္တားအနီး “ ဘီဟာလာ ” ဆိုတဲ့ နေရာမှာ စခန်းဖွင့်ပြီး သခင်သန်းထွန်းကိုယ်တိုင် ပို့ပေးတဲ့ ရဲဘော် ၃၃ (သုံးကျိပ်သုံးယောက်) ကို လက်ခံယူတယ်။လေထီးဆင်းသင်တန်း၊ လက်နက်ကိုင်သင်တန်း၊ပြောက်ကျားစစ်သင်တန်း၊တွေပေးပြီး ဗမာပြည်ထဲကို လေထီးနဲ့ပြန်ချပေးတယ်။ မဟာမိတ်နဲ့ ပူးပေါင်းစစ်ဆင်ရတယ်။

ဘီဟာလာစခန်းကို သခင်သန်းထွန်းပို့ပေးတာ သုံးကျိပ်သုံးယောက်ဖြစ်ပေမဲ့ ရခိုင်ဘက်ကဝင်လာသူတွေပါပေါင်းရင် အနည်းဆုံး ၇၂ ယောက်ရှိတယ်လို့  ကျောက်ဆည်ကွန်မြူနစ် ခေါင်းဆောင် သခင်တင်ရွှေ ရဲ့ ဇနီး ၊ ဘီဟာလာစခန်းတာဝန်ခံ တဦးဖြစ်သူ (တဦးတည်းသော အမျိုးသမီးတာဝန်ခံ) က စာရင်းလုပ်ထားသတဲ့။ ဒီနေရာမှာ ဂျပန်ရောက်ရဲဘော်သုံးကျိပ် နဲ့၊ အိန္ဒိယရောက်ရဲဘော်သုံးကျိပ်သုံးယောက်တို့ ကွာခြားပုံကို နည်းနည်းနှိုင်းယှဉ်ကြည့်ချင်ပါတယ်။
ဂျပန်ပြည်ကို လွှတ်လိုက်ရသူတွေက တို့ဗမာအစည်းအရုံး ဂိုဏ်းခွဲ နှစ်ခုက လက်ကမ်း၊လက်သင့်ရာလွှတ်လိုက်ရသူတွေဖြစ်ပါတယ်။ တချို့က ပညာတတ်၊ တချို့က ပညာမတတ်ဘူး။ တချို့က နိုင်ငံရေးအသိရှိပြီး တချို့က နိုင်ငံရေးအသိမရှိဘူး။ တချို့ဆိုရင်  လောင်းကစားလုပ်ရင်းထလိုက်သွားသူတွေလဲ ပါတယ်မဟုတ်လား။ အနောက်ဖက် (အိန္ဒိယ)ကို လွှတ်သူတွေဟာ တိုးတက်တဲ့မျိုးချစ်လူငယ်တွေ၊ ပညာတတ်တွေ။ မန်းဇင်၊ ဦးကျော်ရင် ၊ကာနယ်ချစ်ကောင်း တို့လိုလူတွေပါတယ်။ အရှေ့ဘက်သွားသူတွေထဲမှာ ဗိုလ်ချုပ်အောင်ဆန်း၊ ဗိုလ်လက်ျာ၊ ဗိုလ်ဇေယျစတဲ့ ပညာတတ်တစုက မျိုးချစ်စိတ်ထက်သန်သူ ပညာတတ်တွေဖြစ်ပြီး အနည်းစုဖြစ်တယ်။ ဆိုချင်တာက အချိန်ယူပြီး လူမရွေးရတာက တကြောင်း ၊အဖွဲ့နှစ်ဖွဲ့က ရွေးရတာဖြစ်တာကြောင့်တကြောင်း လူမညီဘူး ။ ဂျပန်သင်တန်းပေးသူတွေကလဲ နိုင်ငံရေးသဘောတရားအတိုင်းစစ်ပညာ ပါးရိုက်သင်လိုက်တာကိုး။ ထားပါတော့ ။

“ ဆရာ ” မတူညီတဲ့ သင်တန်းသားတွေဟာ ဖက်ဆစ်ဆန့်ကျင်ရေး ဆိုတော့ တူညီတဲ့ ရည်မှန်းချက်နဲ့ပူးပေါင်းပြီး လက်ညီတက်ညီ နဲ့ ဖက်ဆစ်ရန်ကို တွန်းလှန်ခဲ့ကြရာမှာ နိုင်ငံရေးခေါင်းဆောင်တွေရဲ့ စည်းရုံးမှုနဲ့ ဖက်ဆစ်တွေကို နာကျည်းမှု ပေါင်းစပ်ပြီး ပြည်သူတရပ်လုံးလဲ နည်းမျိုးစုံနဲ့ ပါဝင်ဆင်နွှဲခဲ့ကြပါတယ်။ ဂျပန်ဖက်ဆစ်တွေ မြန်မြန်ပြေးရလို့ ဗမာပြည်ဟာ ဖက်ဆစ်အဝင်အထွက် “ မိအေး နှစ်ခါနာ ” ဆိုသလို ဖြစ်ခဲ့ရပေမဲ့ ဂျပန်ခေတ်အိပ်မက်ဆိုးက အမြန်လွှတ်ခဲ့ရတယ်။

ဖက်ဆစ်တော်လှန်ရာမှာ ဦးဗဆွေရဲ့ “ တော်လှန်ရေး မြှပ်ကွက်ရှုပ်ကွက်များဆိုတဲ့ စာအုပ်အရ PRP ခေါ် ပြည်သူ့အရေးတော်ပုံပါတီတခုသာရှိခဲ့သလို ဆိုထားပါတယ် ။ အဲဒီပါတီကလဲ အရေးပါပါတယ်။ မြေအောက်ပါတီအဖြစ် သခင်အောင်ဆန်း၊ သခင်လှဖေ၊ သခင်ဗဟိန်းတို့ ပါဝင်ဦးဆောင်ဖွဲ့စည်းထားတာပါ ။ ၁၉၃၆ မှာပဲ (၁) ကွန်မြူနစ်ပါတီ၊ (၂) ပြည်သူ့အရေးတော်ပုံပါတီ၊ (၃) ဗမာ့ထွက်ရပ်ဂိုဏ်းတို့ဆိုတဲ့ သုံးပါတီခွဲပြီး ဖွဲ့စည်းခဲ့ပေမဲ့ မြေပေါ်မြေအောက် ပူးတွဲလှုပ်ရှားဖို့ သခင်အောင်ဆန်းတဦးတည်းက အတွင်းရေးမှူးအဖြစ်တာဝန်ယူထားခဲ့တာကို တွေးကြည့်နိုင်ပါတယ်။ သခင်လှဖေနဲ့ သခင်ဗစိန် လဲ  သုံးဖွဲ့လုံးကိုင်ရပါတယ်။

ဖက်ဆစ်တိုက်ဖျက်ရေး ပြည်သူလွတ်လပ်ရေး အဖွဲ့ (ဖတပလ) ကိုဖွဲ့တော့ ၁၉၄၄ ဩဂုတ်ထဲမှာပါ ။ ဗိုလ်ချုပ်အောင်ဆန်းဟာ ကွန်မြူနစ်ပါတီကို ဖွဲ့ခဲ့သူဖြစ်ပေမဲ့ ဖဆပလ ဖွဲ့တော့ ကွန်မြူနစ်မဟုတ်တော့ဘူးလို့ ဆိုနိုင်ပါတယ်။ဒါပေမဲ့ ဖက်ဆစ်တော်လှန်ရေးအတွက် ဖက်ဆစ်မလာခင်က စည်းရုံးလှုပ်ရှားနေသူတွေဖြစ်တဲ့ ကွန်မြူနစ်တွေနဲ့ တိုင်ပင်ပါတယ်။ သခင်စိုးကို ပဲခူးစံပြတပ်ရင်း ၊ ဗိုလ်ကျော်ဇော ရဲ့ အိမ်မှာ လျှို့ဝှက်ခေါ်ယူဆွေးနွေးပါတယ် ။ ဒါကိုလဲ သခင်သန်းထွန်း၊သခင်ဗဟိန်းတို့နဲ့ တိုင်ပင်ပြီးသားပါ။ အဲဒီမှာတင် သခင်စိုးက ဖတပလ ရဲ့ နိုင်ငံရေးခေါင်းဆောင်၊ သခင်သန်းထွန်းက နိုင်ငံခြားဆက်သွယ်ရေးတာဝန်ခံ၊ ဗိုလ်ချုပ်အောင်ဆန်းက စစ်ရေးတာဝန်ခံလို့ အသီးသီးတာဝန်ခွဲဝေပြီးမှ တပ်မတော်ရယ်၊ ကွန်မြူနစ်ပါတီရယ်၊ ပြည်သူ့အရေးတော်ပုံပါတီရယ် ၊ တိုင်းရင်းသားအဖွဲ့များနဲ့ လူငယ်အဖွဲ့များ ပါ ပါဝင်လာစေပါတယ်။ ပါဝင်သူများကို စစ်ရေးအရ  တိုင်း ၇ တိုင်းခွဲပါတယ်။ အဲဒီကာလက ဗမာပြည်ကို “ ပြောက်ကျားစစ် ” ( Guerilla Warfare ) စာအုပ်ငယ်ရောက်နေပြီလို့ ကြားဖူးပါတယ်။ဒါကြောင့် တော်လှန်ရေးတိုင်းကြီးတွေဖွဲ့ရာမှာ တိုင်းတခုစီမှာ စစ်ရေးခေါင်းဆောင်တဦးမှာ နိုင်ငံရေး အကြံပေးတဦး တွဲပြီး ပေးထားတာတွေ့ရပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းက သခင်ဗဟိန်းနဲ့ ၊ ဗိုလ်နေဝင်းက သခင်စိုး နဲ့၊ ဗိုလ်ကျော်ဇောက သခင်ချစ်နဲ့ စသဖြင့် တွဲရပါတယ်။ကျားကြီးဗဆွေ စာအရ လျှို့ဝှက်ပြီး ရန်ကုန်တိုင်း သီးခြားထားရှိခဲ့တယ်လိုကဆိုပါတယ်။(အမှန်ကတော့ အားလုံး လျှို့ဝှက်တာချည်းပါပဲ။) ဦးဗဆွေက ဦးကျော်ငြိမ်းနဲ့ တွဲပြီးတာဝန်ယူခဲ့ရတယ်လို့ မှတ်သားရပါတယ်။ ဦးနု၊ သခင်မြ၊ သခင်သန်းထွန်းနဲ့ ဗိုလ်ချုပ်အောင်ဆန်းတို့ဟာ ဂျပန်ပေးတဲ့ လွတ်လပ်ရေး (၁၉၄၃ ) ကိုယူပြီး ဝန်ကြီးတွေ အဖြစ်ပါဝင်တာဝန်ယူလိုက်ကြတယ်။ ဝန်ကြီးရာထူးတွေကို အကာအကွယ်ယူပြီး တာဝန်ယူပြီး တော်လှန်ရေးအတွက် စက်ပုန်းခုတ်ခဲ့ကြပါတယ်။နန်းရင်းဝန်ဖြစ်တဲ့ ဒေါက်တာဘမော်ကလဲ နှုတ်လုံစွာနဲ့ မသိချင်ယောင်ဆောင်နေခဲ့ပါတယ်။ ပြည်သူအပေါင်းတစိတ်တဝမ်းလျှို့ဝှက်ကြံစည်ပြီး ၁၉၄၅ မတ် ၂၇ ရက်နေ့မှာ တပြည်လုံးတပြိုင်တည်း တော်လှန်လိုက်ကြပါတယ်။ ဂျပန်အားလုံးအငိုက်မိသွားခဲ့ပါတယ် ။ ၁၉၄၅ မေ(၁) မှာ ဗမာ့တပ်မတော်က ရန်ကုန်ကို သိမ်းပိုက်ခဲ့ပါတယ်။ဗိုလ်ချုပ်ဖီးမာရှယ် ဝီလျံဆလင်းသိမ်းတာလို့ ဂုဏ်ယူခဲ့တာကို  ဦးဗဆွေက သူ့စာအုပ်မှာခါးခါးသီးသီးငြင်းဆိုပြီး အထောက်အထားအခိုင်အမာနဲ့ “ ဗမာ့တပ်မတော်က သိမ်းပိုက်တာ ” လို့သမိုင်းကိုပြင်ဆင်မော်ကွန်းထိုးပါတယ်။

ဗမာပြည်စစ်မြေပြင်မှာ ဂျပန်စစ်သား ၁၅၃, ၀၀၀ (တစ်သိန်းငါးသောင်းသုံးထောင်) သုံးခဲ့ရာ ၆၃၀၀၀(ခြောက်သောင်းသုံးထောင်)သာဂျပန်ကို ပြန်ရောက်ခဲ့ပါသတဲ့။ ဗမာ့တပ်မတော်သက်သက် (မဟာမိတ်အင်္ဂလိပ်မပါဘဲ) တိုက်ပွဲတထောင်ကျော်တိုက်ခဲ့ပြီး ဂျပန်ဖက်ဆစ် (၂၀၀၀၀) နှစ်သောင်းကျော်ကိုသုတ်သင်ခဲ့ပါတယ်။ ဗမာပြည်ကတော့ မိအေး နှစ်ခါနာဆိုသလို ကြေမွပျက်စီးဆုံးရှုံးခဲ့ရပေမဲ့ ကမ္ဘာ့ဖက်ဆစ်တော်လှန်ရေးသမိုင်းမှာ ယူဂိုဆလပ်၊ ဗီယက်နမ်ပြီးရင် ဗမာဟာ တတိယ အပြောင်မြောက်ဆုံးလို့ ကျော်ကြားခဲ့ပါတယ်။ပြည်သူတရပ်လုံး အသက်စွန့်ပါဝင်ဆင်နွှဲခဲ့တဲ့ တော်လှန်ရေးကြီးပါ။ ဗမာ့တပ်မတော်ဟာ ဦးဆောင်မှု အခန်းက ပါဝင်ခဲ့ပေမဲ့ ပြည်သူတို့ရဲ့ သက်စွန့်ကြိုးပမ်းပါဝင်မှုကို ထိန်ဝှက်မထားခဲ့ကောင်းပါဘူး ။ ဒါကြောင့် မတ် ၂၇ ဟာ တပ်မတော်နေ့မဟုတ်ပါ။ တိုင်းရင်းသားပေါင်းစုံအပါအဝင်ပြည်သူတို့ရဲ့ ဖက်ဆစ်တော်လှန်ရေးနေ့ပါ ။ ပြည်သူဆိုရာမှာ တပ်မတော်လဲ ပါဝင်ခဲ့တာကို ဂုဏ်ယူပါတယ်။ အဲဒီကာလမှာ တပ်မတော်ဟာ ပြည်သူ့တပ်မတော်၊ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင်ပါ။ ပြည်သူကျောခိုင်း ပဒိုင်းပွင့်မဟုတ်သေးပါ။

မောင်စွမ်းရည်

မတ် ၂၃ ၂၀၁၅


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts