(မိုးမခ) ဧပြီ ၃၀၊ ၂၀၁၅
သီချင်းတပုဒ်ကျကွဲသွားတဲ့နေ့က
ငါ့မြို့ကလူတွေ
ခိုးဝှက်ဆောင်ယူခြင်းခံလိုက်ရ …
ဘယ်လို…ဘယ်လို
ဖြားယောင်းခြင်းရဲ့ဓမ္မ
ချိုမြိန်ခြင်းနိယာမတဲ့လား …။
နာတယ်…
အသည်းအချင်းချင်းခတ်တဲ့ပွဲ
ဒီလို…တော်လဲသံကြားတော့
ကမ္ဘာကြီးနာဖျားသွားလိုက်တာ
ရာသီတွေကျွမ်းထိုးမှောက်ခုံ ကြေကွဲကြပုံ
ထွန့်ထွန့်ကိုလူးလို့…။
မျက်ဝန်းများထဲ
ငိုယိုဖို့မျက်ရည်တွေ ကုန်းရုန်းထလာခဲ့…
မလိုပါဘူးဗျာ
သွေးကြောတွေထဲကို
ပင်လယ်တွေသံပြိုင်ဆို ကဆုန်စိုင်းကြပြီ…။
ပြဋ္ဌာန်းထားတဲ့ပုံစံတွေပေါ်သေ၀ပ်လို့
ခေါက်ရိုးကျိုးနေတဲ့
အော်ဂလီဆန်မှုတွေထွားကျိုင်းလာ
မာယာပေါတဲ့တောမှာ
ဘယ်လောက်များ တောကျွမ်းနိုင်မှာလဲ။
ရှင်သန်ခြင်းဆိုတာ
မသေခင်အထိတော့ နတ်တပါး
တိမ်တွေရဲ့ …အဝေးမှုန်ကိစ္စ
ထိရှလွယ်တဲ့အရာမဟုတ်…။
ဘာပဲဖြစ်ဖြစ်ဗျာ….
ငါ့မြို့က လူတွေ
ငါတို့ကို ပြန်ပေး….
ငါမြို့ကလူတွေ
ငါတို့ကိုပြန်ပေးကြပါ….။
မင်းသွေးနီ(တောင်ငူ)
ဧပြီလ(၂၄).၂၀၁၅ ခုနှစ်