သူတို့အာဘော် ငြိမ်းချမ်းအေး

ငြိမ်းချမ်းအေး – လိပ်ပြာ ဖင်ပေါ်နေသလား ပြောပါ

 

ငြိမ်းချမ်းအေး – လိပ်ပြာ ဖင်ပေါ်နေသလား ပြောပါ

(မိုးမခ) ဧပြီ ၂၆၊ ၂၀၁၅

ဦးနှောက် အရွယ်အစားက တင်ပါးထက် ကြီးချင် ကြီးနေနိုင်တယ်။  နှလုံးသား အကျယ်အဝန်းက ရင်ဘတ် အတိုင်းအထွာထက် ပိုနိုင်တယ်။  အဝတ်မကပ်ကောင်း မကပ်နိုင်ပေမဲ့ ဉာဏ်ပညာ ကပ်နေနိုင်တယ်။  ရင်ဘတ်ဟိုက်ပေမဲ့ အသိအမြင် မဟိုက်ဘဲ ဖြစ်နေနိုင်တယ်။  စကတ် တိုနန့်နန့်ပေမဲ့ ပညာရေချိန် မြင့်မား အမြော်အမြင် ရှည်လျားနိုင်တယ်။

ရင်လှိုက်ဖို လိင်မော်ဒယ်လ်မင်းသမီး ပညာသင်ဆုရတာ ပြဿနာ မဟုတ်ပါ။  ထဘီမြဲသူသာ ပညာထူးချွန်သူဆု ရရမယ် ဆိုချင်လို့ မရပါ။  အသိပညာ အမှန် တည်မြဲ ခိုင်မာသူ ထိုက်ထန်တဲ့ ပညာသင်ကြားခွင့် ရဖို့သာ အဓိက ဖြစ်ပါတယ်။

ကမ္ဘာကျော် ကာယ အလှ အသားပေး မော်ဒယ်လ် စင်ဒီကရော့ဖိုဒ်လည်း တက္ကသိုလ် ပညာတတ် တယောက်ပါပဲ။  “ဘရွတ်ရှီးလ်နဲ့ တူတယ် ဆိုပြန်တယ်..” ဆိုပြီး ၁၉၈၀ ခုနှစ်များမှာ သီချင်းတောင် ဗမာပြည်မှာ စပ်ဆို ဖွဲ့နွဲ့ရတဲ့ နာမည်ကျော် လိင်ညှို့အားပြင်း မော်ဒယ် မင်းသမီးလည်း ကမ္ဘာကျော် ပရင့်စတန် တက္ကသိုလ်ထွက် တယောက်ပါပဲ။

ပိုက်ဆံ မရှိ မျက်နှာမွဲမို့ အသိ ဉာဏ်ပညာ ရေချိန် နိမ့်ပါးရမယ် သတ်မှတ်လို့ မရသလို လိင်ဆွဲဆောင်မှုကောင်းသူ အမျိုးသမီးများ ပညာမတော်လို့ တသမတ်တည်း ပြောချင်ဆိုချင်လို့ မရပါ။

ဗမာပြည်ရဲ့ မော်ဒယ်မိခင်ကြီးလို့ ဆိုကြတဲ့ တင်မိုးလွင် အင်ဂျင်နီယာကျောင်းဆင်း တယောက်ပါ။  ရှေးဦး မော်ဒယ်ဘုရင်မ ခန္ဓာကိုယ်ဖော် အလှ အသားပေးနဲ့ အခုအချိန်ထိ လူပြောဆိုခံထိနေတဲ့ သန္တာလှိုင် လည်း ခေတ်ပညာတတ်၊ မော်ဒယ်လ် အလုပ်အပြင် ပညာနဲ့ အသက်မွေးနေသူပဲ မဟုတ်လား။

တခေတ်တခါက နာမည်ကျော် ရုပ်ရှင်မင်းသမီး အဲဒီခေတ် ဖက်ရှင်နဲ့ သူ့ခေတ်သူ့အခါတုန်းက ခေတ်ရှေ့ပြေးသူ ဆွေဇင်ထိုက် ပညာထူးချွန် ဘွဲ့ပေါင်းများစွာ ရယူခဲ့၊ တိုင်းပြည်ကို ပညာနဲ့ အလုပ်အကျွေးပြုနေသူတယောက် မဟုတ်ပါလား။

အခု သမ္မတ ပညာသင်ဆုရတဲ့ အဖော်အချွတ် ကိုယ်ဟန်ပြမယ် ဇွန်သဉ္ဇာကို ဒါမျိုး ပညာတော်သူ၊ ရသင့်တယ်လို့ မသိတဲ့ ကိစ္စကို နင်းပြီး တပ်အပ် ဆိုချင်နေခြင်း မဟုတ်ပါ။

လူအများရဲ့၊ အထူးသဖြင့် ကျားဝါဒီများရဲ့ မိန်းမ တယောက်ကို မြင်ရင် အတွင်းအဇ္ဈတ္တသန္တာန် စိတ်၊ နာမ်၊ နှလုံး၊ ဉာဏ၊ ပညာကို မမြင် ‘ဖင်’ ကို အရင် မြင်တတ်တဲ့ သဘောကိုသာ ထောက်ပြလိုခြင်းပါ။  ဖင်ကို အသားပေးသူမို့ ဖင်မြင်တာ ဘာ ဆန်းသလဲ ပြန် အကြောင်းပြ ဆိုချင်ပါမယ်။  မိန်းကလေးတယောက်ဟာ ဖင်ကို အသားပေးနိုင်သလို ပညာဂုဏ်ရည်ကိုလည်း အခွင့်ရရင် အသားပေးနိုင်တယ်၊ အခွင့်ရှိတယ် ဆိုတာကို မြင်အောင် ကြည့်စေလိုခြင်းပါ။  အနည်းဆုံး သူ့မှာ ရေးဖြေ စာမေးပွဲဝင်ခွင့် အရည်အချင်း ပြည့်မီတဲ့ မဟာပညာရပ်ဘွဲ့ တခု ပိုင်ဆိုင်ထားပြီး ဆိုတာကို လက်သင့်ခံတတ်ရပါမယ်။

ဇွန်သဉ္ဇာ ပညာတော်သင် ရေးဖြေ အောင်ပြီးကတည်းက လူအများ (ကျား+မ) အများစု ပြက်ရယ်ပြု ပြောင်လှောင်ကြနေကြတာပဲ များတယ်။  အစိုးရကို မကြည်ညိုခြင်းက တပိုင်း။  အစိုးရ မလိုလားတာနဲ့ လူပုဂ္ဂလိက တဦးချင်းကို ဘာမှ မသိနိုင်တဲ့ နောက်ခံ အနေထားမှာ ကြိုတင် အစွဲစိတ်နဲ့ နှိမ့်ချ ပုံဖော် ချိုးနှိမ်ချင်လို့ မရပါ။

ဒီဖြစ်စဉ်မှာ လူအများ ထုံးစံအတိုင်း ကျား-မ ခွဲခြား အမြင်၊ သမားရိုးကျ စိတ်အခံ လှောင်အိမ် ထဲက ရုန်းမထွက်နိုင်၊ ပုံစံခွက် အနားသတ် ရေတွင်းဘောင်က ကျော်မကြည့်နိုင်ဘဲ အဝတ်အစား၊ ဖက်ရှင် နဲ့ အသက်မွေးဝမ်းကျောင်း အလုပ်အကိုင်ကို ကြည့်ပြီး အကျင့်စာရိတ္တကိုပါ တသမတ်တည်း ကားချပ်ချ ကောက်ချက်ဆွဲလိုကြတာကို လူမှုကွန်ရက်စာမျက်နှာတွေမှာ နားမဆန့် မျက်စိ ကလော် လောက်အောင်ပဲ အမြဲ မပြတ် အခုအထိ တွေ့နေရတယ်။  လက်တွေ့ ပြင်ပကမ္ဘာ ဗမာ့လူမှုအသိုင်းအဝန်းမှာလည်း ကျင်လည် ကျက်စား တွေ့ကြုံခဲ့ဖူးသမျှနဲ့ ခေတ်ရဲ့ ထုတ်ကုန်တွေ ဖြစ်တဲ့ ကာတွန်း၊ ရုပ်ရှင်၊ သီချင်း၊ စာပေ၊ သဘင်၊ အနုသုခုမ အနုပညာ ဖန်တီးမှုတွေကို ဂရုတစိုက် လေ့လာကြည့်ရင် အလားတူ သဘောသာ အများစု ဖြစ်နေတယ်။

အမျိုးသမီး ဆိုတာနဲ့ လိင် အာသာဖြေ အသုံးချစရာ ရုပ်ဝတ္ထုပစ္စည်း သက်သက် သဖွယ်သာ အဓိက မြင်နေကြတယ်။  ကာမဂုဏ်အာရုံ လိင် ကိစ္စ မဟုတ်ရင် အလှ အပ၊ ဆွဲဆောင်မှု ရှိမှု ဆိုတဲ့ အရေပြား တထောက်စာနဲ့ပဲ တန်ဖိုး ဖြတ်ချင်ကြတယ်။

ဒီလို အရိုးစွဲနေတဲ့ အတွေးအခေါ်၊ အမြင်၊ ခံယူချက် အပုပ်အသိုး အရိအရွဲတွေနဲ့သာ အသားပေး ဇွန်သဉ္ဇာ ပညာတော်သင်ကိစ္စကို သုံးသပ် ပြောဆို မှတ်ချက်ပြု ရှုတ်ချကြတယ်။  ကျား၊ မ နှစ်ဖက်စလုံးပါပဲ။  ဗမာ့လူ့အဖွဲ့အစည်းမှာ ဘယ်လောက် ကျားဗဟိုပြုဝါဒ ချိုးကပ်နေပြီလဲဆိုတာ ဒီလို နိစ္စဓူဝ မြင်တွေ့နေရတဲ့ သတင်း အဖြစ်အပျက်တွေကနေ ကြည့်ရင်ကို သိနိုင်တယ်။

ဒီပညာသင်ဆု ရေး/ဖြေ အောင်ခြင်း ကိစ္စမှာ အဓိက ပြောရမှာ ဇွန်သဉ္ဇာ ဖင်ပေါ်တဲ့ ကိစ္စ မဟုတ်ပါ။  အခွင့်ထူးခံ လူကြီးနဲ့ နီးစပ်သူ ဗီအိုင်ပီများသာ တန်ခိုးထွား ထင်တိုင်းကြဲခွင့်သာတဲ့ စစ်အာဏာရှင်စနစ် တိုင်းပြည်မှာ ရာစုဝက်ချီ အမြစ်တွယ်ခဲ့ခြင်းနဲ့အတူ တွဲလျက် ဖြစ်ပေါ်လာခဲ့တဲ့ ကျင့်ဝတ်သီလ၊ ဖြောင့်မတ် မှန်ကန်မှုဆိုတဲ့ သီလရေချိန် ဖင်ပေါ်မှုတွေ ဖြစ်နေသလား ဆိုတာကိုသာ အလေးထား ပြောဆို ဆွေးနွေးရမှာပါ။  စာမေးပွဲရဲ့ အရည်အသွေး၊ သမာသမတ်ကျမှု၊ အဂတိကင်းမှု ရှိ/မရှိကိုသာ စာနယ်ဇင်းကလည်း စုံစမ်း ဖော်ထုတ်ရပါမယ်။  လူသာမန် လူအများကလည်း ဒီလို အကျင့်ပျက် ခြစား လက်သင့်ရာ စားတော်ခေါ်တာမျိုးတွေ ရှိခဲ့ရင် ဖော်ထုတ်ဖို့သာ တောင်းဆိုရမှာပါ။

ဒါကြောင့် မဟာဖို ဝါဒ ကျားကြီးများနဲ့ ကျားဝါဒမှိုင်းမိ ပုံသွင်းခံ အမျိုးသမီးများ တဏှာ စိတ် အခြေခံပြင်းရှရှနဲ့ ဇွန်သဉ္ဇာ ဖင်ပေါ်တာကိုပဲ သိမြင် ပြောဆို မနေဘဲ တိုင်းပြည်မှာ ကဏ္ဍစုံ အကျင့်ပျက်မှု လှိုက်စား အတွင်းသဘော သန့်ရှင်စင်ကြယ်မှု မဲ့ ဝိညာဉ် လိပ်ပြာ ဖင်ပေါ်နေကြတာကို ဇောင်းပေး သိမြင် ဝေဖန်ထောက်ပြစေချင်ကြောင်းပါ ခင်ဗျား။

ငြိမ်းချမ်းအေး

ဧပြီ ၂၅၊ ၂၀၁၅

 

(ဆောင်းပါးပါ အာဘော် ကို ဝေဖန်ရန် လွတ်လပ်စွာ မှတ်ချက်ပြုနိုင်ပါသည်၊ nyeinchanaye81@gmail.com သို့လည်း စာရေးနိုင်ပါသည်။)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts

One thought on “ငြိမ်းချမ်းအေး – လိပ်ပြာ ဖင်ပေါ်နေသလား ပြောပါ
  1. this is called ‘ reasoning ”

    the ‘ reasoning ‘ of Myanmar public and country is very poor.

    people need to know the phenomenon of ‘ Logical objective reasoning :

    ” Low standard, without standard ‘ ‘ reasoning ‘ .. .this is the good point that the author referred to .

    The author should ‘ give more examples . 2- 3 more examples .. so that readers will be aware of more of that ‘ unreasonable reasoning ‘ .. and will get ‘ reasonable reasoning ‘ .

    Those are bad inheritance of many stupid , moronic , ‘ predecessors ‘ in Myanmar history. Not all of them.. I am saying .. some of them. many of them.

Comments are closed.