Yan Naung (Bo Ta Htaung) ဓာတ်ပုံသတင်း

ဖမ်းဆီးခံ လက်ပံတန်းသပိတ် ကျောင်းသားပြည်သူများ အား သာယာဝတီမြို့ တရားရုံးတွင် ပြောင်းလဲ စစ်ဆေးသွားမည်

 လက်ပတန်း၊ ဖမ်းဆီးခံ ၀န်းရံပြည်သူ ကိုစန်းလွင်ဦး
 
ဖမ်းဆီးခံ လက်ပံတန်းသပိတ် ကျောင်းသားပြည်သူများ   အား သာယာဝတီမြို့ တရားရုံးတွင် ပြောင်းလဲ စစ်ဆေးသွားမည်
ရန်နောင်(ဗိုလ်တထောင်) မိုးမခ၊ ဧပြီ ၂၆၊ ၂၀၁၅
 
လက်ပံတန်းသပိတ်တွင် ဖမ်းဆီးခံ ကျောင်းသားပြည်သူများအား သာယာဝတီမြို့ တရားရုံးတွင် အမှုအားကြားနာ စစ်ဆေးသွားမည်ဟု ရှေ့နေကြီး ဦးရောဘတ်ဆန်းအောင်က လေးကြိမ်မြောက် တရားရုံးထုတ်တွင်ပြောကြားခဲ့သည်။
တရားရုံးထုတ်တိုင်း  ဦးဇာဂနာ ဦးဆောင်သော HOME  Group နှင့် ရုပ်ရှင်လောကသားများက  ပစ္စည်းများကို တဦးလျှင် အနည်းဆုံး တဆယ့်ငါးမျိုး မှ တဆယ့်ရှစ်မျိုး လောက်အထိပေးလေ့ရှိသည်ကို တွေ့ရသည်။ အဆိုပါ ပါဆယ်ထုတ်များကို ဖမ်းဆီးခံ ကျောင်းသားပြည်သူများ၏ မိဘဆွေမျိုးများထံသို့ ကိုယ်တိုင်ကိုယ်ကျ ပေးအပ်သလို ဖမ်းဆီးခံကျောင်းသားများကိုလည်း လက်ထဲအရောက်ပေးအပ်ခဲ့ကြသည်။ ယခု တတိယကြိမ် ရုံးထုတ်တွင် ဦးဇာဂနာတို့ အုပ်စု လာရောက်ခဲ့ခြင်းမရှိခဲ့ချေ။ ယမန်နေ့က တရားရုံးထုတ်တွင် ပါဆယ်ထုပ်များအား  ဖမ်းဆီးခံ ကျောင်းသားပြည်သူများ၏ လက်ထဲသို့ အပြည့်အ၀မရောက်ဟု ဆိုနေကြသဖြင့် ဖမ်းဆီးခံ ကျောင်းသားပြည်သူများ အား ပါဆယ်ထုပ်များ လက်ဝယ်ပြည့်ပြည့်ဝဝ ရောက်ရှိခြင်းရှိမရှိ နှင့် အနေအထိုင်အခက်အခဲများကို မေးမြန်းခွင့်ရခဲ့ပါသည်။
 
မေးမြန်းသည်ကို ဖမ်းဆီးခံထားရသည့် ၀န်းရံပြည်သူ ကိုစန်းလွင်ဦးက ပြန်လည်ဖြေကြားရာတွင် – ဦးဇာဂနာတို့က ပေးပို့သည့်အထုပ်များ ၎င်းတို့ထံ အပြည့်အ၀ရောက်ရှိခဲ့ကြောင်း၊ အချို့သော ပါဆယ်ထုပ်များမှာ ၎င်းတို့ထံ ရောက်ရှိခဲ့ခြင်း မရှိသေးကြောင်း၊ ခြင်ထောင်များ ပို့ထားသည်ဆိုသော်လည်း မိမိတို့ထံ မရောက်သေးဟု ဆိုနိုင်ကြောင်း လက်ရှိ အခက်အခဲများအနက် တကိုယ်ရည်သန့်ရှင်းမှုဆိုင်ရာ ကျန်းမာရေး ထိခိုက်မှုများ ဖြစ်ကြောင်း၊ အရေပြားတွင် ယားနာများဖြစ်ခြင်း၊ ရေမသန့်ခြင်း၊ အစာအိမ်သမား၊ သွေးတိုးသမားများအတွက် ဆေးကောင်းစွာ ကုသပေးမှု မရှိခြင်း၊ စသည်တို့ ရှိကြောင်း ပြောကြားသည်။ မျက်လုံးထိခိုက်ထားသည့် ဖမ်းဆီးခံကျောင်းသားကို သက်ဆိုင်ရာသမားတော်နှင့် ကုသပေးမည့်အစား မျက်စဉ်းခပ်ခိုင်းသဖြင့် အခြေအနေက သက်သာခြင်း မရှိဟု ဆိုသည်။ 
 
ယခင်အခေါက်တွေက ရုံးချိန်းများနှင့် မတူညီပဲ ဖမ်းဆီးခံ ကျောင်းသားပြည်သူများ နှင့် မိဘဆွေမျိုးသူငယ်ချင်းများ၊ မီဒီယာများ နှင့် တဆယ့်ငါးမိနစ်လျှင် ဆယ်ယောက်တသုတ် တွေ့ဆုံမေးမြန်းခွင့်ပေးခဲ့သည်။ တရားရုံးအဝတွင်တော့ ကျောင်းသားကျောင်းသူတချို့ သွေးသစ္စာ၊ ကမ္ဘာမကြေဘူး စသောတေးသီချင်းများကိုသံပြိုင်ဟစ်ဆိုကာ သမဂ္ဂအလံများ လွှင့်ထူကာ  နှုတ်ဆက်ခဲ့ကြသည်ကိုလည်း တွေ့မြင်ခဲ့ရသည်။ လက်ပံတန်း မြို့လည်တွင်လည်း ဂစ်တာ၊ဗုံတို့ဖြင့် သွေးသစ္စာ သီချင်းကို သီဆိုကာ ဂုဏ်ပြုအားပေးသည်ကိုလည်း တွေ့ရှိခဲ့ရသေးသည်။
 
နောက်တကြိမ် ရုံးထုတ်မှာ သာယာဝတီတရားရုံးတွင် ဧပြီလ (၃၀) ရက်နေ့၌ ရုံးထုတ်စစ်ဆေးမည်ဖြစ်သည်။
 
(စကားမစပ် ဖြည့်စွက်ချက် – မိုးမခမဂ္ဂဇင်းများကို အယင်တခေါက်တုန်းက ပါဆယ်ထုပ်တို့နှင့်အတူ ပေးပို့ခဲ့ရာ အထဲမှာ ဖတ်ကြရသည်ဟု ဆိုပါသတဲ့)

 


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts