တူမောင်ညို – ရုန်းကြွ တော်လှန်မည်လော … အသုံးချ နာခံမည်လော

တူမောင်ညို – ရုန်းကြွ တော်လှန်မည်လော   … အသုံးချ နာခံမည်လော
( ဆ ရာ ဦး ဝ င်း တ င် ကွ ယ် လွ န် ခြ င်း ပ ထ မ နှ စ် ပ တ် လ ည် သို့ )
(မိုးမခ) ဧပြီ ၂၁၊ ၂၀၁၅

လက်ရှိစစ်တပိုင်းအုပ်စိုးသူများသည် ဘယ်ပုဂ္ဂိုလ်၊ ဘယ်အဖွဲ့အစည်း၊ ဘယ်ဖြစ်ရပ်ကိုမဆို သူတို့အကျိုးစီးပွားအတွက် အမိ အရ အသုံးချလေ့ရှိပါတယ်။ သူတို့ အကျိုးစီးပွားဆိုတာက လက်ရှိ ချုပ်ကိုင်လွမ်းမိုးအုပ်စိုးထားနိုင်တဲ့ အာဏာနဲ့ ဘဏ္ဍာ အရင်းအမြစ် အားလုံးကိုဆိုလိုတာပါ။ အသုံးချတယ်ဆိုတာမှာ ဘက်နှစ်ဖက်ရှိပြီး၊ တဖက်က သူတို့လက်ရှိ အကျိုးစီးပွားတည်မြဲတိုးပွားရေးအတွက်  မှိုင်းတိုက်လှည့်စားကာကွယ်ရေးဖြစ်ပြီး၊ အခြားတစ်ဖက်ကတော့ သူတို့ရဲ့ အကြမ်းဖက် ဖိနှိပ်မှန် သမျှကို လိမ်ညာဖုံးကွယ်ဖာထေးဖို့ဆိုတာ ပဲဖြစ်ပါတယ်။ ဒီဘက်နှစ်ဖက်ကို ဖြစ်ပေါ်လာတဲ့ ဖြစ်ရပ်၊ အခြေအနေနဲ့အညီ ကွက်ပြည့်နင်းပြီး အသုံးချနေကြတာလည်းဖြစ်ပါတယ်။

ဒီလို ကွက်ပြည့်အသုံးချနေနိုင်ခြင်းမှာလည်း အကြောင်းအချက် နှစ်ရပ်ရှိနေပါတယ်။

ပထမအချက်က အာဏာဆိုတဲ့အရာကို သူတို့လက်ထဲမှာ မြဲမြဲဆုပ်ကိုင်ထားနိုင်သေးတယ်ဆိုတဲ့ အကြောင်းအချက်ဖြစ်ပါ တယ်၊ ဒီအချက်က အဓိကအကြောင်းအချက်ဖြစ်ပြီး၊ ဒုတိယဖြစ်တဲ့ လက်အောက်ခံ အကြောင်းအချက်ကတော့ ကျနော်တို့ ဒီမိုကရေစီ အတိုက်အခံများရဲ့ ကိုယ်ခံအားနည်းပါးမှုနဲ့ကျောရိုးမဲ့မှုတွေကြောင့်ဖြစ်ပါတယ်။

အသုံးချမှုကိုကွက်ပြည့်နင်းနိုင်တယ်ဆိုရာမှာ အစိုးရ၊ လွှတ်တော်၊ စစ်တပ်၊ ရွေးကောက်ပွဲကော်မရှင် စတဲ့ အာဏာပိုင်၊ အာဏာကိုင်၊ အာဏာဆိုင်အဝန်းအဝိုင်းတွေဟာ တစ်ခုချင်းသော်လည်းကောင်း သို့တည်းမဟုတ် အစိုးရနဲ့လွှတ်တော်၊ အစိုးရနဲ့စစ်တပ်၊ လွှတ်တော်နဲ့ရွေးကောက်ပွဲရှင်စသဖြင့်  တစ်ခုနှင့်တစ်ခု အပြန်အလှန်အပေးအယူလုပ်ပြီး လိုအပ်ရင် လိုအပ်သလို တွဲဖက်ကစားကြတာ ဖြစ်ပါတယ်။ ဒီလိုကစားနိုင်ဖို့ “၂၀၀၈ အခြေခံဥပဒေ”က များပြားလှတဲ့ ကစားကွက်တွေ၊ ကစားကွင်းတွေကို ဖန်တီးနိုင်တဲ့ အခွင့်အရေး တွေပေးထားပါတယ်။

ဥပမာပြရရင် အစိုးရနဲ့ လွှတ်တော်တွဲပြီး ၆ ပွင့်၊ ၁၂ ပွင့်၊ ၄၈ ပွင့် စတဲ့  အပွင့်ကစားကွက်တွေဖော်ထုတ်ပြီး အတိုက်အခံဘက် ကတောင်းဆိုထားတဲ့ “၄ ပွင့်ဆိုင်တွေ့ဆုံရေး” တောင်းဆိုချက်ကို ရေစုန်မျောသွားအောင် လုပ်လိုက်တယ်။ အပွင့်တွေ၊ ကိုယ်စားပြုမှု တွေ ရှုပ်ထွေးသွားအောင် ကြဲကွဲသွားကုန်အောင်၊ စုစည်းလို့မရအောင်လုပ်ပစ်လိုက်တယ်။

လွှတ်တော်ဘက်ကနေလည်း အစိုးရကြိုက် ဥပဒေနည်းဥပဒေဆိုတာတွေကို စိတ်ကြိုက်ပြဋ္ဌာန်းအတည်ပြုစေတယ်။ အတိုက် အခံဘက်က ပြဋ္ဌာန်းစေလိုတဲ့ သို့တည်းမဟုတ် ဖျက်သိမ်းစေလိုတဲ့ ဥပဒေတွေကိုတော့ အချိန်ဆွဲထားခြင်း သို့မဟုတ် ပယ်ချခြင်းပြုလေ့ ရှိပါတယ်။ သူတို့အတွက် အကျိုးမရှိသေးရင်တင်ပြထားပြီးတဲ့ ဥပဒေကိုပင်ပြန်လည်ရုပ်သိမ်းတတ်ပါတယ်။

ရွေးကောက်ပွဲကော်မရှင်ကတော့ “နိုင်ငံရေးပါတီများကိုချုပ်ကိုင်ရေးနဲ့ ရွေးကောက်ပွဲ” ဆိုတဲ့ ကစားကွက်ကြီးကို အပိုင်စားရ ထားတာပါ။ ရွေးကောက်ပွဲကော်မရှင်ဟာ နိုင်ငံရေးပါတီတွေရဲ့နိုင်ငံရေး၊ စည်းရုံးရေး၊ ဘဏ္ဍာငွေ ရှာဖွေရေး စတဲ့ လှုပ်ရှားမှုမှန်သမျှ ကို ပုလိပ်မျက်စေ့နဲ့ စုံစမ်းထောက်လှမ်းအကွက်ချောင်းပြီး အချက်အလက်တွေစုဆောင်းနေလေ့ရှိပါတယ်။ အခြားတစ်ဖက်ကလည်း “ရွေး ကောက်ပွဲ”ဆိုတဲ့သူ့ရဲ့အဓိကကစားကွက်ကြီးကိုစိတ်ကြိုက်စီမံဖန်တီးနိုင်အောင်ပြင်ဆင်မှုတွေလုပ်နေပါတယ်။ အခုဆိုရင် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ကို တိုးချဲ့ဖွဲ့စည်းခဲ့ပြီဖြစ်ပါတယ်။

စစ်တပ်ကတော့ ၂၀၀၈ အခြေခံဥပဒေကို ထိန်းသိမ်းကာကွယ်ရန် အဓိကတာဝန်ရှိတယ်ဆိုတဲ့ပြဋ္ဌာန်းချက်ကို ဂါထာရွတ် သလိုရွတ်ပြီး လွှတ်တော်အသီးသီးမှာရှိတဲ့ ၂၅% ၊ အစိုးရအဖွဲ့အဆင့်ဆင့်မှာရှိတဲ့ ကာကွယ်ရေး၊ ပြည်ထဲရေး၊ နယ်စပ်ရေးစတဲ့ ဝန်ကြီး ဌာနများကို ချုပ်ကိုင်ကစားစေနိုင်ပါတယ်။ စိတ်ကြိုက်အကြောင်းပြပြီး၊ အချိန်မရွေး အာဏာသိမ်းပိုင်ခွင့်လည်းရရှိထားပါတယ်။

သူတို့အားလုံးရဲ့ ပုံမှန်ဆုံရပ်နဲ့ အဓိကအာဏာဗဟိုချက်မကတော့ (ကာလုံ) ဖြစ်ပါတယ်။

ဒီကာလုံမှာသူတို့အားလုံး စုဆုံကြပြီး ကိုယ်စီ ကစားကြရမယ့် အကွက်တွေကို ဖန်တီးခွဲဝေလေ့ရှိပါတယ်။ ဒီအဆက်အစပ် ကို မကြည့်မြင်နိုင်ကြတဲ့အခါ အစိုးရနဲ့လွှတ်တော် အကြား “ပွတ်တိုက်မှု” တွေဖြစ်နေတယ်၊  စစ်တပ်က  အစိုးရ ရဲ့ အမိန့်ကိုမခံဘူး စသဖြင့် ထင်ရောင်ထင်မှားပြောဆိုနေကြခြင်းသာဖြစ်ပါတယ်။

ပွတ်တိုက်မှုတွေဖြစ်တယ်ဆိုရင်လည်း အပေါ်ယံလုပ်နည်းကိုင်နည်းဆိုင်ရာ ပွတ်တိုက်မှုတွေပဲဖြစ်ကောင်းဖြစ်ပါလိမ့်မယ်။ အာဏာနဲ့ဆိုင်တဲ့ ပွတ်တိုက်မှုမျိုးတော့ သူတို့ချင်း မဖြစ်ပါဘူး၊ အဖြစ်လည်း မခံပါဘူး။ အာဏာဆိုတာ အထိအပွတ်မခံတဲ့ အရာဖြစ်ပါ တယ်။ အကဲစမ်းမခံတဲ့ အရာလည်းဖြစ်ပါတယ်။ ဒါပေမယ့် ဒူးထောက်မယ်၊  ရိုသေလေးစားစောင့်ရှောက်ပါမယ် ဆိုရင်တော့ တမျိုးပေါ့။

ဒါကြောင့် အာဏာဆိုင်ရာ ပွတ်တိုက်မှုဖြစ်လာခဲ့ရင်လည်း ဖြစ်တဲ့ ပုဂ္ဂိုလ်၊ ဖြစ်တဲ့ အဖွဲ့အစည်းကို အညှာအတာကင်းကင်း သူတို့ဖြတ်တောက်ထုတ်ပြစ်လေ့ရှိပါတယ်။ ဦးသိန်းစိုး ဦးစီးတဲ့ ဖွဲ့စည်းပုံဆိုင်ရာခုံရုံးတဖွဲ့လုံး ထုတ်ပယ်ခံရတာဟာ အာဏာနဲ့ဆိုင်တဲ့ပွတ် တိုက်မှုတမျိုးကြောင့်ဖြစ်ပါတယ်။သာသနာရေးဝန်ကြီးဦးဆန်းဆင့်ကို ထုတ်ပယ်ထောင်ချပစ်တာဟာ အမိန့်မနာခံမှုဆိုတဲ့အာဏာဆိုင်ရာ ကိစ္စဖြစ်နေလို့ပါပဲ။

(NLD) ပါတီကပြောနေတဲ့ “၂၀၀၈ အခြေခံဥပဒေ” ပြင်ဆင်ရေးဆိုတာ အာဏာနဲ့သက်ဆိုင်တဲ့ကိစ္စတွေဖြစ်ပါတယ်။

ထို့အတူပါပဲ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေပြောနေတဲ့ ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးဆိုတာက လည်းအာဏာဆိုင်ရာကိစ္စဖြစ်နေပါတယ်။ လက်ပံတောင်းဒေသမှာဖြစ်နေတဲ့ ဒေသခံပြည်သူများရဲ့တောင်းဆိုမှုတွေကလည်း အာဏာနဲ့ ဆိုင်တဲ့ကိစ္စဖြစ်နေပါတယ်၊ ကျောင်းသားတွေတောင်းဆိုတဲ့ပညာရေးကိစ္စကလည်းအာဏာနဲ့သက်ဆိုင်ပါတယ်။ ဒီတော့ စစ်တပိုင်းအစိုးရ က လက်မခံနိုင်ပါဘူး။

ဒါကြောင့် စစ်တပိုင်းအစိုးရအနေနဲ့ အာဏာနဲ့ပတ်သက်လာရင် ဘယ်သူ့ကိုမဆို ဘယ်အဖွဲ့အစည်းကိုမဆို အသုံးချဖို့၊ ချေမှုန်း ပစ်ဖို့ ဝန်လေးပါဘူး။

ယနေ့ စစ်တပိုင်းအုပ်စိုးသူများ အကြိုက်တွေ့ပြီး ပီပီပြင်ပြင် အသုံးချနေတဲ့ ပုဂ္ဂိုလ် နှစ် ဦးရှိပါတယ်။

ဗိုလ်ချုပ်အောင်ဆန်းနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ပဲဖြစ်ပါတယ်။ ထိုပုဂ္ဂိုလ် နှစ်ဦးအားအသုံးချနေခဲ့သည်မှာ ယခုမှ မဟုတ် (နဝတ-နအဖ) စစ်အစိုးရအုပ်စိုးနေသည့်ကာလ ကတည်းကဖြစ်ပါတယ်။ ထိုစဉ်က အသုံးချမှုမှာ ပိတ်ပင်ကန့်သတ်ခြင်းဖြင့် အသုံးချခဲ့ကြ ခြင်းဖြစ်ပါတယ်။

(နဝတ-နအဖ) စစ်အစိုးရအုပ်စိုးနေသောကလ၌  ဗိုလ်ချုပ်ဓါတ်ပုံ၊ ဗိုလ်ချုပ်သမိုင်း၊ ဗိုလ်ချုပ်မိန့်ခွန်းများကို ပိတ်ပင်ကန့်သတ် ခြင်း၊မှိန်ဖျော့ထားခြင်းဖြင့် စစ်အုပ်စုက အသုံးချခဲ့ကြပါတယ်။

ဗိုလ်ချုပ်သမီးကိုလည်း နေအိမ်အကျယ်ချုပ်ဖြင့် ဖမ်းဆီးထားပြီး ပြည်တွင်း ပြည်ပဖိအားများ တစုံတရာ မြင့်တက်လာသည့် အခါများတွင် မိသားစုဝင်များ လာရောက်ခွင့်၊ဆေးကုသစစ်ဆေးခွင့်၊ ကုလသမဂ္ဂ တာဝန် ရှိသူများ၊ အမေရိကန်၊ အင်္ဂလန် အစရှိသော နိုင်ငံကြီးများမှ သံတမန်များ၊ တာဝန်ရှိသူများ၊ ပြည်ပမီဒီယာများမှ သတင်းထောက်အချို့အား တွေ့ဆုံခွင့်၊ ဝင်ခွင့်ပြုခြင်းဖြင့် လည်း ကောင်း၊ (နဝတ-နအဖ)ထိပ်သီးများနှင့်အတူ ထမင်းစား၊စကားပြောကြသည့် ဓါတ်ပုံများ ထုတ်ပြန်၍ လည်းကောင်း ပြည်တွင်း / ပြည်ပ ဖိအားလျှော့ချရေး ကရိယာသဖွယ် အသုံးချခဲ့ကြပါတယ်။

“စည်းကမ်းပြည့်ဝသော ဒီမိုကရေစီခေတ်” ၌ ဗိုလ်ချုပ်အောင်ဆန်းနှင့်ဒေါ်အောင်ဆန်းစုကြည်တို့ကို မတူကွဲပြားသည့်ပုံစံဖြင့် ဆက်လက် အသုံးချနေဆဲဖြစ်ပါတယ်။ ယနေ့ကာလ၌ အသုံးချနေရသည်မှာ ပို၍ပင်တွက်ခြေ ကိုက်လှပါတယ်။ ဘာကြောင့်လဲ ဆိုတော့ ဗိုလ်ချုပ်နဲ့ ဒေါ်အောင် ဆန်းစုကြည်တို့ကို အသုံးချခြင်းဖြင့် ပြည်သူများကို ပိုပြီး လှည့်စား၊ မှိုင်းတိုက်နိုင်လို့ဖြစ်ပါတယ်။

ဦးသိန်းစိန်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ စတင်တွေ့ဆုံကြသည့် ပုံကိုဖော်ပြရာ၌ ဗိုလ်ချုပ်အောင်ဆန်း ဓါတ်ပုံကို နောက်ခံ ကား ထားခဲ့သည်မဟုတ်ပါလား။ ထိုဓါတ်ပုံသည် ၂၀၀၈ အခြေခံဥပဒေနှင့် ခြေချလာသည့် စစ်တပိုင်းအစိုးရအတွက် မျက်နှာပန်းလှစေ ခဲ့ပါတယ်။

အထူးသဖြင့် ထိုဓါတ်ပုံသည် ကျောရိုးမဲ့လှသော ဒီမိုကရေစီအတိုက်အခံဟုဆိုသူများ၏နုနယ်သောနှလုံးသားကို တိုက်ရိုက်ထိ မှန်သွားခဲ့ပါတယ်။ ထိုဓါတ်ပုံက သူတို့၏ ချိနဲ့မှုကို ပို၍ယိမ်းယိုင်သွားစေခဲ့ပါတယ်။ ပြည်သူများကိုလည်း မှိုင်းတိုက်စေနိုင်ခဲ့ပါတယ်။ ထိုသို့ မှိုင်းတိုက်ရေးတွင် ဒီမိုကရေစီအတိုက်အခံဆိုသူများက အားတက်သရောပါဝင်ခဲ့ကြပါတယ်။
အခြေခံဥပဒေမရှိတာထက် ရှိတာပိုကောင်းတယ် ဟုဆိုခဲ့ကြသော၊ ဖန်ခွက်ထဲ ရေ လုံးဝ မရှိတာထက်စာလျှင် တဝက်ရှိနေ ကောင်းတယ်လို့ ဆိုခဲ့ကြသူများသည်၊ ရှိနေသည်ဟု သူတို့ ထင်သော ထိုခွက်တစ်ဝက်ဆိုသည်မှာ သူတို့၏ အမြင်မှောက်မှားမှုသာဖြစ် ကြောင်း၊ လက်တွေ့တွင် တကယ်မရှိကြောင်း သူတို့ သိရှိလာခဲ့ကြရပါပြီ။

ယခုအခါ ထိုဓါတ်ပုံသည် ဓါတ်ပုံသက်သက်မျှ သာဖြစ်ပြီး ပြည်သူတွေလိုလားသည့် မည်သည့်ရလဒ်မှ ထွက်ပေါ်ခြင်းမရှိတဲ့ အပေါ်ယံ ဟန်ပြသက်သက်ဖြစ်ကြောင်း၊ မှိုင်းတိုက်လှည့်စားမှု သက်သက်မျှသာဖြစ်ကြောင်း တပြည်လုံးက နားလည် သဘောပေါက်ခဲ့ ကြပြီဖြစ်ပါတယ်။

ဗိုလ်ချုပ်မိန့်ခွန်းများကို သတင်းစာများတွင် လိုသလိုဖြတ်ညှပ်ကပ်၍ အသုံးချနေသလို၊ သမ္မတ၊ လွှတ်တော်ဥက္ကဋ္ဌ၊ ကာချုပ် စသူတို့ကလည်း မိန့်ခွန်းပြောရာ၌ လိုရာဆွဲကိုးကားနေကြပါတယ်။

ဗိုလ်ချုပ်အောင်ဆန်း၏ သမိုင်းအမွေအနှစ်ကို အသုံးချမှုနှင့် ဗိုလ်ချုပ်သမီးကို အသုံးချပုံမှာ မတူညီပါ။ ဗိုလ်ချုပ်၏ သမိုင်း အမွေအနှစ်ကို အသုံးချရသည်မှာ ပို၍ လွယ်ကူပါတယ်။ သမိုင်းစာအုပ်များ၊မိန့်ခွန်းစာအုပ်များမှ လိုချင်သည့် စကားပိုဒ်ကို လိုသလို ဖြတ် ညှပ်ကပ်လုပ်နိုင်ပါတယ်။ လိုရာဆွဲကိုးကားပြောဆိုနိုင်ပါတယ်။ ဗိုလ်ချုပ်အောင်ဆန်း၏ မိန့်ခွန်းများကိုအသုံးချ၍ ပြည်တွင်းလူထုကိုမှိုင်း တိုက်ရာ၌အစွမ်းပြီး၊ ပြည်ပနိုင်ငံများကို သွေးဆောင်ရာ၌မူ  ဒေါ်အောင်ဆန်းစုကြည်သည် ဖခင်ဗိုလ်ချုပ်ထက် မျက်နှာပန်းပိုလှသဖြင့် စစ် တပိုင်း အစိုးရအတွက် ပို၍ တွက်ချေကိုက်ပါတယ်။ ကမ္ဘာသိ ငြိမ်းချမ်းရေး နိုဘယ်ဆုရှင်တဦးလည်းဖြစ်ပါတယ်။

ထို့အပြင် ဒေါ်အောင်ဆန်းစုကြည်နှင့် ဒေါ်အောင်ဆန်းစုကြည်၏ ပြောစကားများကိုမူ  ဗိုလ်ချုပ်အောင်ဆန်းဓါတ်ပုံ၊ ဗိုလ်ချုပ် အောင် ဆန်းမိန့်ခွန်းများကို ဖြတ်ညှပ်ကပ်သကဲ့သို့ လိုသလိုကိုးကား၍ မရနိုင်ပါ၊ ထိုသို့လုပ်ရန် မလွယ်ကူလှပါ။

သို့ပါ၍ လွှတ်တော်စင်မြင့်ထက်၌လည်းကောင်း၊ လွှတ်တော်တရား/တည်ငြိမ်ကော်မတီဥက္ကဋ္ဌအဖြစ်လည်းကောင်း၊ ကော်မရှင် များဖွဲ့စည်းရာ၌ လည်းကောင်း၊ ကျောင်းသားလူငယ်ထုကို ဖြိုခွဲရာ၌လည်းကောင်း အသုံးချနေပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့ NLDပါတီမှတ်ပုံတင်ခြင်း၊ ကြားဖြတ်ရွေးကောက်ပွဲဝင်ခြင်း၊ လွှတ်တော်ထဲဝင်သွားခြင်းများ၏ အကျိုး အမြတ်ကိုဘယ်သူတွေဘက်က ပိုရသလဲဆိုတာကို တွက်ချက်စစ်တမ်းထုတ်ကြည့်မည်ဆိုလျှင်အဓိကအကျိုးအမြတ်ကို စစ်တပိုင်းအုပ်စိုး သူ များဘက်က ပို၍ရရှိသွားတာထင်ရှားပါတယ်။

အတိုင်အခံများနှင့် အတိုက်အခံလှုပ်ရှားမှုကို စစ်တပိုင်းအစိုးရက ဒေါ်အောင်ဆန်းစုကြည်နဲ့ (NLD)ပါတီအားထပ်မံမှတ်ပုံတင် စေခြင်း၊ ကြားဖြတ်ရွေးကောက်ပွဲဝင်စေခြင်း၊ လွှတ်တော်ထဲဝင်ရောက်စေခြင်း စသဖြင့် တဆင့်ပြီးတဆင့်၊ တလှမ်းပြီးတလှမ်း ထိန်းချုပ် ကိုင်တွယ်ခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်တော်တွင်းသွင်း၍ ထိန်းချုပ်ခြင်းဖြင့် (NLD) ပါတီ၊ အတိုက်အခံအင်အားစုများနှင့် ပြည်သူလူထုကို ထိန်းချုပ်ခဲ့ပါတယ်။

ထိုခြေလှမ်းများ ( ထပ်မံမှတ်ပုံတင်ခြင်း၊ ကြားဖြတ်ရွေးကောက်ပွဲဝင်ခြင်း၊ လွှတ်တော်ထဲဝင်ခြင်း) ကား ဒီမိုကရေစီအတိုက် များအကြား မဆုံးနိုင်သောငြင်းခုန်မှုများ၊ သွေးကွဲအစည်းပြေမှုများ၊ စိတ်ပျက်မှုများ၊ ရှုပ်ထွေးမှုများ၊ အားမလိုအားမရမှုများ ဖြစ်ကျန်ရစ်ခဲ့ သည်မှာ ယနေ့အထိပင်ဖြစ်ပါတယ်။

ထို့အပြင် ဒီဖြစ်ရပ်ဒီခြေလှမ်းတွေရဲ့အကျိုးဆက်က ဒေါ်အောင်ဆန်းစုကြည် ကိုယ်၌မှာလည်း သူ လက်တွေ့ကြုံနေရတာတွေ ကို မထွေးနိုင်/မမျိုနိုင်ဖြစ်နေရပါတယ်။ လုပ်ဖော်ကိုင်ဖက်ရဲဘော်ရဲဖက်များကို ထုတ်ပယ်ပစ်ရတဲ့ကိစ္စတွေအထိ  လုပ်ဆောင်ခဲ့ရပါတယ်။ ပြောသင့်၊ ရပ်တည်သင့်တဲ့နိုင်ငံရေးကိစ္စတွေမှာလည်း ထိထိရောက်မပြောနိုင်/မရပ်တည်နိုင်ဘဲ ရေငုံနေရတာတွေရှိလာခဲ့ပါတယ်။ ဒါတွေ က အတိုင်အခံအင်အားစုအကြားနက်ရှိုင်းတဲ့ ကွဲပြဲမှုများကိုဦးတည်စေပြီး၊ စစ်တပိုင်းအုပ်စိုးသူများအတွက် အောင်ပွဲခံစရာတွေဖြစ်နေခဲ့ ရပါတယ်။

ထို့အပြင်အခြားတဖက်မှလည်း ဒေါ်အောင်ဆန်းစုကြည်သည်“၂၀၀၈အခြေခံဥပဒေ”နှင့်အတူယှဉ်တွဲ၍ပွဲထုတ်စရာ လွှတ်တော် မှန်ခန်းဆောင်ထဲမှာ ယမင်းရုပ်ကလေးတရုပ်သဖွယ်ဖြစ်လာသဖြင့် ပြည်ပနိုင်ငံများနှင့်ဆက်ဆံရာတွင် စစ်တပိုင်းအစိုးရအဖို့ မျက်နှာပန်း လှစေပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နှင့်အတိုက်အခံပါတီအမတ်များ၏ လွှတ်တော်တွင်း ဆွေးနွေးဝေဖန်၊ ကန့်ကွက်သည့် ပြောဆိုချက် များကလည်း “စည်းကမ်း ပြည့်ဝသော ဒီမိုကရေစီ”ကို ပို၍ အရောင်ထွက်စေပါတယ်။ အရောင်လက်စေပါတယ်။ အရောင်တက်စေပါတယ်။

ကြံ့ဖွံ့အမတ်များနှင့်စစ်သားအမတ် ၂၅ တို့ ပူးပေါင်းထားသည့် မည်သည့်ဆုံးဖြတ်ချက်ကိုမဆို အတိုက်အခံပါတီသည် မည်သို့ မျှ ကန့်ကွက်တားဆီးနိုင်မည်မဟုတ်ချေ။ သို့ဖြင့် ကြံ့ဖွံ့အမတ်အများစုနှင့်စစ်တပ်၂၅%ချုပ်ကိုင်ထားသည့်လွှတ်တော်သည်  အတိုက်အခံ ပါတီအမတ်များ၏မတူကွဲပြားသော သဘောထားအမြင်ကို လွှတ်တော်ထဲ၌ပြောကြားခွင့်ပေးခြင်းဖြင့် “စည်းကမ်းပြည့်ဝသောဒီမိုကရေစီ” ကို လှည့်စားဖုံးကွယ်နိုင်စေခဲ့ပါတော့တယ်။

ဤနည်းဖြင့် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် အတိုက်အခံအမတ်များကို စစ်တပိုင်းအစိုးရက လွှတ်တော်တွင်းမှာ ပိုင်ပိုင် နိုင်နိုင် ထိန်းချုပ်အသုံးချခဲ့ပါတယ်။

“ပြောခွင့်မရတာထက် အခုပြောခွင့်ရလာလို့ အရင်ကထက်စာရင် တိုးတက်လာတယ်”ဆိုတဲ့ မှိုင်းတိုက်လှည့်စားမှုကို အတိုက် အခံများပါးစပ်မှ ကျေကျေနပ်နပ်ကြီးပြောထွက်စေခဲ့ပါတယ်။ တကယ့်ဖြစ်ရပ်မှန်မှာ ပါးစပ်ကသာ ပြောခွင့်သာရပြီး အနှစ်သာရအရ ဘာမှ မယ်မယ်ရရမဖြစ်မြောက်ဘူးဆိုတဲ့အချက်နဲ့ စစ်တပိုင်းအစိုးရလုပ်သမျှ၊ စိတ်ကြိုက်ဆုံးဖြတ်သမျှကို ငြိမ်ခံနေရတဲ့အချက်ကို ဒီမိုကရေစီ အတိုက်အခံများက ကူညီဖုံးကွယ်ပေးခဲ့ရခြင်းသာ ဖြစ်နေပါတယ်။

ယနေ့ဤဘဝမှရုန်းထွက်လွတ်မြောက်ကြဖို့လိုပါပြီ။

ဤသို့ရုန်းထွက်နိုင်ရေးအတွက် ပထမဆုံးလှမ်းရမည့်ခြေလှမ်းမှာ “ဆင်သွား တိုင်းလမ်းဖြစ်မယ်” ဆိုတဲ့ အထင်ဖြင့်ဇွတ်တိုးဝင် သွားခဲ့သည့် လွှတ်တော်ကျုံးထဲကနေ ဒေါ်အောင်ဆန်းစုကြည် ပြန်လည်ရုန်း ထွက်လာရေးသာဖြစ်ပါတယ်။

ထို့အပြင် ပြည်သူများဘက်မှ ပြတ်ပြတ်သားသားရပ်တည်ပြီး၊  အခြားသောဘဝတူ အတိုက်အခံများနှင့်အတူ တစုတစည်းထဲ အရေးဆိုသင့်ပါတယ်။ သို့မှသာ  လူ့စည်း/ဘီလူးစည်းခြားနားသွားကာ တဖက်သတ် အသုံးချခံဘဝမှ လွတ်မြောက်စေနိုင်ပါ လိမ့်မယ်။

ပြန်လည်သင့်မြတ်ရေးလို့ဆိုဆို၊ တွေ့ဆုံဆွေးနွေးရေးလို့ပြောပြော  ပြည်သူ့အင်အားနဲ့စွမ်းပကားကို အထင်အရှားပြသနိုင် မှသာ အပေးအယူအလျှော့အတင်းကို ပြုလုပ်နိုင်ပါလိမ့်မယ်။ တဖက်က “ဆွေးနွေးဖက်ဆိုသူများ” က လေးစားယဉ်ကျေးလာပါလိမ့်မယ်။