(မိုးမခ / သည်လေဒီးစ်နယူးစ်) ဧပြီ ၁၄၊ ၂၀၁၅
မိုးမခမှာ ဒီဇိုင်းဆရာ၊ ဓာတ်ပုံဆရာ ကိုအောင်ထက်ရဲ့ ထိုင်း ချင်းမိုင်သင်္ကြန်မြင်ကွင်း ဓာတ်ပုံတွေကြည့်ရတယ်။ ဧရာဝတီမှာလည်း ဇင်းမယ်သင်္ကြန် မှာ မြန်မာ့ယိမ်းအက ဖျော်ဖြေမှုကို နိုင်ငံခြားသားတွေစိတ်ဝင်စားကြတဲ့သတင်း ဖတ်လိုက်ရတယ်။ ဒီမိုကရက်တစ်မြန်မာ့အသံမှာလည်း ယူနန်နယ်က ရှမ်းရိုးရာ ရေသဘင်ပွဲ သတင်းဓာတ်ပုံတွေလည်း ကြည့်လိုက်ရတယ်။ ရခိုင်သင်္ကြန်ပုံတွေလည်း အွန်လိုင်းမှာ မြင်ရတယ်။ ဒီနှစ် ရန်ကုန်သင်္ကြန် အရင်နှစ်တွေကထက်စည်ကားလာပုံ သတင်းတွေလည်း စာနယ်ဇင်းတွေမှာ ဖတ်ရတယ်။ နှစ်တိုင်းသင်္ကြန်အတွက် ငွေတွေ၊ အချိန်တွေ၊ လုပ်အားတွေ၊ အရင်းအမြစ်တွေ သုံး ကြရတယ်။ ဒီအသုံးတွေကို အဖြုန်းမဖြစ်ဘဲ တကယ်အကျိုးရှိအောင် လုပ်နိုင်ရင် ပိုကောင်းမယ်။ ရိုးရာယဉ်ကျေးမှုခေါင်းစဉ်အောက်မှာ နေချင်လို့ရတယ်။ ဒါပေမဲ့ ခေတ်သရုပ်၊ ခေတ်ဟန်၊ ခေတ်ဓလေ့ကို အကောင်း တိုးတက်မှု ဘက်ဦးတည်အောင်၊ အပြုသဘောဆောင်အောင်၊ တိုင်းပြည် အခြေခံလူထု အကျိုးစီးပွားဖြစ်ထွန်းအောင် စီမံနိုင်ဖို့လိုတယ်။ ဒီသဘောကို ပေါ် လွင်အောင် ဒီဆောင်းပါးမှာ မြင်သမျှ အတိုချုံး ဆွေးနွေးထားပါတယ်။ အရင် မိုးမခ ဆောင်းပါးဟောင်းကို အခြေခံ ပြည်တွင်း ဂျာနယ်မှာ သင်္ကြန် အတွက် ပုံနှိပ်ထုတ်ခဲ့တာပါ။ မိုးမခ စာဖတ်သူများရဲ့အမြင်တွေလည်း ပြန်လည်ကြားချင်ပါတယ်။×××××××××
မြန်မာ၊ ထိုင်း၊ လာအို၊ ကမ္ဘောဒီးယား၊ ယူနန် တရုတ်နယ် အစရှိတဲ့ အရှေ့တောင်အာရှ၊ အာရှနိုင်ငံတချို့မှာ တွင်ကျယ်တဲ့ အိန္ဒိယ ဟိန္ဒူ ယဉ်ကျေးမှု အခြေခံ ရေသဘင် ဆင်နွှဲတဲ့ နှစ်ကူးပွဲတွေဟာ မိသားစု ရိုးရာပွဲ၊ ကုသိုလ်ပြု အလှူပွဲ၊ အပျော်အပါးပွဲ ပုံစံသက်သက် တင်မကဘဲ လူမှုအသိုင်းအဝန်းတခုလုံးလည်း ပါဝင်လေ့ရှိကြတယ်။ အသက်အရွယ်စုံ၊ ဇာတိ နောက်ခံ စုံ၊ ဘာသာစကား စုံ ဆင်းရဲချမ်းသာ မရွေး အားလုံး ပါဝင်နိုင်တယ်။ ဧည့်သည် တွေလည်း ပါဝင်နိုင်၊ နိုင်ငံခြားသား လူမျိုးကွဲ၊ ဘာသာကွဲတွေလည်း ဆင်နွှဲနိုင်တယ်။
ဒါဟာ ထူးခြားတဲ့လက္ခဏာဖြစ်ပြီး ခေတ်နဲ့လည်း ညီတယ်။ အတန်းအလွှာစုံ ပါဝင်နိုင်တဲ့ လူထု အခြေခံ လှုပ်ရှားမှုလည်း ဖြစ်တဲ့အတွက် အလေးထား စောင့်ထိန်းအပ်တယ်။ အသွင်အပြင် မတူ၊ အရောင်အသွေး ကွဲ၊ နောက်ခံကားချပ် မတူသူ လူတန်းစားမရွေးဟာ အတူတကွ ပွဲတော်မှာ ကနိုင်၊ ဆိုနိုင်၊ တီးနိုင်၊ အစားအသောက်တွေ လက်ဆုံစားနိုင်၊ တဦးနဲ့တဦး စနောက် ကျီစယ် ရေပက် ကစားရင်း မတူကွဲပြားမှု၊ ကြားခံ တံတိုင်းတွေ ပျောက်နိုင်၊ အမုန်းအတေးတွေရှိခဲ့ရင် ပြေနိုင်၊ ချစ် ကြည်မှုတွေ တိုးပွားနိုင်တယ်။ ဒီသဘောဟာ ရိုးရာဓလေ့ကို အခြေခံပေမဲ့ ခေတ်လူမှုလောက အမြင်နဲ့လည်း ကိုက်တယ်။ တနေ့ထက်တနေ့ ဗဟုလောက ပိုဆန်၊ အသွေးအရောင်ပိုစုံလာတဲ့ ကမ္ဘာရွာကြီးအတွက်လည်း လိုအပ်လှတယ်။
ဒါ့အပြင် (၂၁) ရာစု ခေတ်သစ်မှာ ဖွံ့ဖြိုးဆဲနိုင်ငံတွေ ချမ်းသာ စည်ပင် ဖွံ့ဖြိုးတိုးတက်ဖို့အတွက် အင်မတန် အရေးပါတဲ့ ခရီးသွားလုပ်ငန်း စီးပွားကဏ္ဍ အတွက်လည်း ဒီလို ရိုးရာပွဲတော်တွေက အထောက်အကူ ပေးနိုင်စွမ်းတယ်။ ခရီးသွားကဏ္ဍမှာ တချို့နိုင်ငံတွေက Safari Tour လိုမျိုး အရိုင်း၊ သဘာဝပတ်ဝန်းကျင် အခြေပြု ခရီးသွားလုပ်ငန်းကို အားပြုရတယ်။ တချို့ ကျ သဘာဝအလှ မရှိတော့ လူလုပ်တွေနဲ့ အံ့မခန်း ဖြစ်အောင်၊ လူလာချင်အောင် လုပ်ကြတယ်၊ လူသား သည်းခြေကြိုက် လောင်းကစား နေရာမျိုးတွေ စီစဉ် ထားတတ်တယ်၊ ဥပမာ – သဲကန္တာရထဲက လားစ်ဗေးဂတ်စ်၊ ကျွန်းပေါ်က စင်္ကာပူ စင်တို ဆာ။
တချို့ကျ ရှေးဟောင်း ယဉ်ကျေးမှု အမွေ အနှစ်၊ ဗိသုကာ လက်ရာတွေကို အဓိက ထားရတယ်၊ ရှေး လက်ရာ ဘုရားကျောင်း၊ စေတီ ပုထိုး၊ ဗလီတွေကို အခြေပြုရတယ်။ ဒီလို ကိုယ့်မှာ ရှိတဲ့ အနုသုခုမ၊ ဗိသုကာ၊ ယဉ်ကျေးမှု ဓလေ့ ထုံးတွေကို အသုံးပြု ခရီးသွားစီးပွား လုပ်ငန်းမြှင့်တင်ခြင်းကို ‘Cultural Tourism’ လို့ သတ်မှတ်ကြတယ်။ ဒီထဲမှာ တိုင်းပြည်မှာရှိတဲ့ လူမျိုးစု တွေရဲ့ လူနေမှုဘဝထုံးစံတွေ၊ ဓလေ့တွေကို ခရီးသွားများအား ပြသခြင်းမျိုးလည်း ပါတယ်။ ဒီသဘောမှာ သင်္ကြန်လို နှစ် သစ်ကူး ရေသဘင် ပွဲတော်ဓလေ့ဟာလည်း နိုင်ငံတကာ ခရီးသည်များအတွက် အထူးစိတ်ဝင်စားရာ ဖြစ်တယ်။
ဒီအချက်ကို နှစ်သစ်ကူးရေသဘင်ပွဲတော် ကျင်းပလေ့ရှိတဲ့ တိုင်းပြည်များထဲမှာ ထိုင်းက ကောင်းကောင်း အသုံးချနိုင်တယ်။ ရိုးရာဓလေ့ပွဲ ကျင်းပရင်း၊ တိုင်းသူပြည်သားများ အားလပ်ပျော်ရွှင်၊ အပန်းဖြေစေရင်းနဲ့ တပါတည်း နိုင်ငံတကာ ခရီးသွားဧည့် သည်ကို ဆွဲဆောင်ကာ တိုင်းပြည်အတွက် နိုင်ငံခြားဝင်ငွေ ရှာနေနိုင်တယ်။
ဒီရိုးရာဓလေ့ အခြေခံခရီးသွားလုပ်ငန်းက ကမ္ဘာမှာ အောင်မြင်ထင်ရှား၊ တိုင်းပြည်ဝင်ငွေ တိုးစေနိုင်မှန်းသိတော့ ဒေသတွင်း မှာ အမြင်ကျယ်တဲ့ စင်ကာပူက မနှစ် (၂၀၁၄) ခုနှစ်ကစလို့ ထိုင်း စွန်ခရမ်စတိုင် ရေသဘင် နှစ်ကူးပွဲတော်မျိုး စင်ကာပူရဲ့ အကြီးကျယ်ဆုံး ရေကစားပွဲတော်အဖြစ် ကျင်းပဖို့ ကြိုးစားခဲ့ကြတယ်။ ဒါပေမဲ့ ကိုယ့်ရဲ့ နိုင်ငံခြားခရီးသွားလုပ်ငန်း စားကျက် ကို လာလုချင်တာမှန်းသိတဲ့ ထိုင်းက အပြင်းအထန် ကန့်ကွက်ခဲ့တယ်။ ‘ယဉ်ကျေးမှု သူခိုး’ မလုပ်ဖို့ ထိုင်း စာနယ်ဇင်းနဲ့ ပြည်သူတွေ ဝိုင်းအော်ခဲ့ကြတယ်။ စင်ကာပူအစိုးရကလည်း နောက်ဆုံး မတတ်သာတော့ ရေပက်တဲ့ကိစ္စတွေကို အကျဉ်း ချုံးချဖို့ အမိန့်ထုတ်ရ၊ စီစဉ်ထားတဲ့ (၂) ရက် အစား (၁) ရက်ပဲ ကျင်းပဖို့ ဆုံးဖြတ်ခဲ့ရတယ်။ ဒါပေမဲ့ မနှစ် မတ်လက ကျင်းပ သွားခဲ့တဲ့ စင်ကာပူရဲ့ ပထမဦးဆုံးရေကစားပွဲတော်က အစပါပဲ၊ သူတို့ တိုင်းပြည်အကျိုးမျှော်ပြီး တနည်းနည်းနဲ့ အရှည်တည် အောင်၊ ကြီးထွားအောင် သူတို့ကြံမှာပါ။
ဆိုချင်တာက ဒေသတွင်းမှာ ထိုင်းနဲ့စင်္ကာပူဟာ ခရီးသွားလုပ်ငန်းကို ပုံစံမျိုးစုံနဲ့ အအောင်မြင်စုံ စွမ်းဆောင်နိုင်နေတယ်။ သူတို့ နောက်က မလေး၊ အင်ဒို၊ ဗီယက်နမ်၊ ကမ္ဘောဒီးယား၊ လာအို ရှိတယ်။ ထိုင်း၊ စင်ကာပူဟာ (မလေးလည်း တချို့ပါ တယ်) အပန်းဖြေမှုအတွက်အပြင် ဆိုခဲ့တဲ့ ယဉ်ကျေးမှု၊ ဓလေ့ထုံး လေ့လာမှုအခြေပြု ခရီးသွားလုပ်ငန်း၊ ဆေးကုသမှု အခြေ ပြု (Medical Tourism) ခရီးသွား၊ ပညာရေး အခြေပြု ခရီးသွား (Educational Tourism) တွေမှာလည်း အောင်မြင်နေတယ်။ ဒေသန္တရဗဟုသုတလည်းရ၊ အပန်းဖြေခရီးထွက်ပြီးသားလည်းဖြစ်တဲ့အတွက် တိုင်းတပါးမှာ စာသင်၊ ဆေးကု လုပ်လိုမှုဟာ ဖွံ့ဖြိုးပြီး လူချမ်းသာတိုင်းပြည်တွေမှာ ရေပန်းစားနေတယ်။ အနောက်ကမ္ဘာက လူများ သွားစိုက်တာ၊ မျက်နှာ၊ ရင်သား ပြုပြင်ခွဲစိတ် ပြုပြင်တာမျိုး စတဲ့ သူတို့ဆီမှာ ကုန်ကျစားရိတ်ကြီးလှတဲ့ ကျန်းမာရေး ဝန်ဆောင်မှုမျိုးအတွက် ဈေးသက်သာ၊ ဝန်ဆောင်မှု ပြည့်တဲ့ ထိုင်းကိုပဲ သွားကြတယ်။ အာရှတိုက် ဖွံ့ဖြိုးဆဲတိုင်းပြည်တွေက ပညာရှာလိုသူများ စင်ကာပူက ကျောင်းတွေကို သွားကြတယ်။
အိမ် ‘သာ’ တော့ သူတို့ဆီ ‘ဧည့်လာ’ ကြတာပေါ့။ ဧည့်လာအောင်လည်း ကိုယ့်အိမ်ကို မသာ ‘သာ’ အောင်လည်း သူတို့ ကြံ ဆောင် စီစဉ်ထားကြတယ်။ ကျနော်တို့ဆီမှာတော့ ပြောင်းပြန်ပါပဲ။ သဘာဝအလျောက် တည်ရှိ၊ ရိုးရာ ဓလေ့ အစဉ်အလာ ကြီးမားမှုအရ သန္ဓေတည်ပြီးဖြစ်နေတဲ့ Ecotourism, Cultural Tourism အတွက် အသုံးချစရာ ကိုယ့်ရဲ့အားသာချက် အရင်းအမြစ် အမျိုးမျိုးကို ကောင်းကောင်းမွန်မွန် အကျိုးရှိ အပြည့်အဝ အသုံးမချနိုင်သေးပါဘူး။ ရိုးရာ၊ ယဉ်ကျေးမှု၊ ဓလေ့ ခိုင်မာ အစဉ်အလာကြီးမားမှု၊ လူမျိုး ပေါင်းစုံ၊ ဘာသာပေါင်းစုံရဲ့ အခြေကျပြီး ဓလေ့ပေါင်းစုံ တနေရာတည်း တည်ရှိနေမှု၊ အပူပိုင်း၊ အအေးပိုင်း၊ နှင်းတောင်၊ ပင်လယ်ကမ်းခြေ သဘာဝဝန်းကျင် ရှုခင်းအဖုံဖုံ တနိုင်ငံတည်းမှာ တွဲလျက် တည်ရှိနေ မှုမျိုး ခရီးသွားလုပ်ငန်း အားသာချက် အပြည့်အဝရှိတဲ့ တိုင်းပြည်မျိုး ကမ္ဘာမှာ သိပ်အများကြီး မရှိလှဘူး။ ဒါပေမဲ့ တိုင်း ပြည်မှာ သေနတ်ခါးကြားထိုး ဗိုလ်အောင်ဒင် စနစ်ကြီးစိုးနေခြင်းနဲ့အတူ ဖိနှိပ်၊ ကိုယ်ကျိုးရှာ၊ ခြစားမှုမျိုးစုံ၊ လူများစု၊ လူနည်းစု လူစု အသီးသီး အချင်းချင်း ရန်စောင်၊ စားမာန်ခုပ်မှုအပြည့်နဲ့ အိမ်သာ၊ ဧည့်လာတဲ့ဘက် အပြည့် မလှည့်နိုင် ဖြစ်နေရတယ်။
ခရီးသွားလုပ်ငန်းစီးပွားကို စက်ရုံကြီးတွေ ဆောက်၊ မီးခိုးတွေ တလူလူထွက်ရင်း သဘာဝပတ်ဝန်းကျင်နဲ့ လူ့ကျန်းမာရေး အထိခိုက်ခံ စက်မှုစီးပွားရှာရမှုထက် ပိုကောင်း၊ ခေတ်သစ်နဲ့ အံဝင်လို့ မီးခိုးမထွက်တဲ့ ‘Smokeless Industry’ လို့ နိုင်ငံ တကာမှာ သတ်မှတ် အလေးပေးလေ့ ရှိကြတယ်။ ကျနော်တို့ဆီမှာတော့ မီးခိုးမထွက်တဲ့ စီးပွားရေးကဏ္ဍ ကတော့ ကြီးထွား နိုင်စွမ်း ရှိလျက် မကြီးထွားဘဲ မီးခိုးနံ့ တသင်းသင်း၊ ယမ်းနံ့ တဝေဝေ၊ မီးလောင်ရာ အပြည့် ဖြစ်စေတဲ့ ပြည်တွင်းစစ်၊ တိုင်းရင်းသား ပဋိပက္ခနဲ့ လူမျိုး၊ ဘာသာ အမုန်းတွေကသာ မကြီးထွားသင့်ဘဲ ပြင်းထန် ကြီးထွား ဝမ်းနည်းဖွယ် အမြစ်တွယ် နေတယ်။ ခရီးသွားလုပ်ငန်းအတွက် တန်ဖိုးရှိ၊ အရေးပါတဲ့အပြင် တိုင်းပြည်ရဲ့ အမှတ်အသားလို နေရာမျိုးဖြစ်တဲ့ ပုဂံ လို ကမ္ဘာ့ရှေးဟောင်းအမွေအနှစ် စာရင်းဝင်နိုင်တဲ့ နေရာမျိုးကျ ဖြုတ်ဦးနှောက်ပိုင်ရှင် စစ်ဗိုလ်ချုပ်ကြီးများက ဂေါက်ကွင်း ဆောက်လိုက်၊ မျှော်စင်တည်လိုက်၊ ဘုရား ရွှေချလိုက်နဲ့ စနစ်တကျ ဖျက်ဆီးခဲ့ကြပါသေးတယ်။
အခြေခံ နိုင်ငံရေး စနစ်၊ အုပ်ချုပ်စနစ် က မကောင်း၊ ကိုယ်ကျိုးရှာမှုများ၊ ခြစားနေတော့ တိုင်းပြည်ရဲ့ လူမှု၊ စီးပွား၊ ကျန်းမာ ရာသီဥတုကလည်း အဖတ်ဆယ်မရ ပျက်စီးနေတယ်။ အကျိုးဆက်အနေနဲ့ ဆင်းရဲတဲ့ တတိယနိုင်ငံဖြစ်ပေမဲ့ ခရီးသွားဝန် ဆောင်မှုလုပ်ငန်း ဖွံ့ဖြိုးမှုအတွက် အရေးပါတဲ့ မြေဈေး၊ အိမ်ဈေးတွေက ကမ္ဘာ့လူချမ်းသာတိုင်းပြည်များအတိုင်း ခေါင်ခိုက်နေ တယ်။ ဟိုတယ်ခတွေက ဒေသတွင်းမှာ ဈေးအကြီးဆုံးဖြစ်နေတယ်။ အစားအသောက် သန့်ရှင်းမှု၊ ကျန်းမာရေး ညီညွတ် မှုက ကမ္ဘာ့အနိမ့်ဆုံး အဆင့်ဝင်နေတယ်။
ဒီလို အနေအထား မှာ အိမ်နီးချင်း ထိုင်းက ခရီးသွား၊ အပန်းဖြေ၊ ကျန်းမာရေး၊ ပညာရေး အစရှိတဲ့ ဝန်ဆောင်မှု လုပ်ငန်းတွေနဲ့ တိုင်းပြည် ဓနကိုတည်ဆောက် ဖွံ့ဖြိုးတိုးတက်မှုလမ်းကြောင်းကို လျှောက်လှမ်းနေပေမဲ့ ကျနော်တို့ကတော့ အခုမှ စလုံးရေ ‘စ’ အဆင့်မှာပဲ ရှိနေသေးတယ်။ ကိုယ့်ဆီမှာအခြေတည်ပြီးအရာတွေနဲ့ ဘယ်လိုတိုင်းပြည်အကျိုးရှိအောင် စွမ်းဆောင်နိုင် တယ် ဆိုတဲ့ စီမံခန့်ခွဲမှုစွမ်း ဦးနှောက်မျိုးတွေ တိုင်းပြည်ဝါဒဖော်ဆောင်ရေးလုပ်ငန်းစဉ်မှာ ပါဝင်နိုင်မှု နည်းနေသေးတယ်။ ဒါ့အပြင် သူများဆီမှာ ဘာတွေလုပ်နေတယ်ဆိုတာကို အတုယူ ပြုပြင်ပြောင်းလဲသင့်တာကို ပြုပြင်၊ ထိန်းသိမ်းသင့်တာကို ထိန်းသိမ်း မျှမျှတတ အမြင်ကျယ်ရမယ့် စိတ်ဓာတ်၊ အကျင့်လည်း မဲ့နေကြတယ်။
သင်္ကြန်လို နှစ်သစ်ကူးပွဲတော်မျိုးမှာဆိုရင် ပိုသိသာတယ်။ လူအများ အမြင်၊ ခံယူချက်က ရိုးရာ ယဉ်ကျေးမှုဘောင်ကို မကျော်နိုင်ဘူး။ ဒါမျိုး ရိုးရာဓလေ့ကို ခေတ်သစ်ပုံစံနဲ့ ပေါင်းစပ် တိုင်းပြည် အကျိုးရှိအောင် လုပ်နိုင်ကြောင်းကို ကျော် မကြည့် ချင်ကြဘူး။ အမြင်ကျယ်၊ ကျော်ကြည့်တတ်တဲ့ ထိုင်းကတော့ ဒီလို ရိုးရာဓလေ့ကို အသုံးချ ခရီးသွားလုပ်ငန်း တိုးတက်အောင် လုပ်တယ်၊ စင်္ကာပူကလည်း ဆိုခဲ့သလို စတင် ပုံတူကူးချဖို့ ကြိုးစားလာတယ်။ ကိုယ့်ဆီမှာကျ အခုထိ ခေတ်ဝတ်စားဆင်ယင်မှု ဖက်ရှင် အပြောင်းအလဲ၊ အနောက်တိုင်း ခေတ်ဂီတ ပုံစံ တွေပါလာမှု၊ စင်တင် အက ပွဲ တွေ ဖြစ်လာမှုကို သရုပ်ပျက်ယဉ်ကျေးမှု ခေါင်းစဉ်အောက်ထည့် ဆန့်ကျင် အပြစ်တင် ထိန်းချုပ်ချင်နေတုန်းပဲ ရှိသေးတယ်။ ဘာတဲ့၊ ‘ယဉ်ကျေးမှုရဲ’ တွေ ထားသင့် တယ် ဆိုပါလား၊ လူတချို့ ဆိုကြသေးတယ်။ ကျောချမ်းစရာ အဆို၊ ကိုယ့်လူ့အဖွဲ့အစည်းကို ရာစုနဲ့ချီ နောက်ပြန်သွားချင် နေကြပါ့လား။
တိုင်းတပါး ယဉ်ကျေးမှုတွေ လွှမ်းမိုးလာ၊ လူမျိုးခြား စီးပွား ပုံရိပ်တွေ ကြီးစိုးလာတာကိုလည်း မလိုလားနိုင်ကြဘူးပေါ့။ ရိုးရာ ဓလေ့ယဉ်ကျေးမှုဆိုကြတဲ့ သင်္ကြန်ကိုယ်တိုင်က ဟိန္ဒူ ဟိုးလီးပွဲတော်ဓလေ့ကနေ ကူးစက်မွေးစားယူခဲ့ခြင်း ဆိုတာကို မျက်ကွယ်ပြု ထားချင်ကြတယ်။ လူသားသမိုင်းမှာ ယဉ်ကျေးမှုတွေ၊ ဓလေ့တွေ၊ အနုသုခုမ၊ ဗိသုကာ လက်ရာတွေ၊ ဝတ်စားဆင်ယင်မှုတွေဟာ တခတ်ပြီး တခေတ်၊ နိုင်ငံ၊ လူမျိုး အစုစု ကူးလူးစပ်ယှက် ပြောင်းလဲတိုးတက်ဖြစ်တည် နေကြ တယ်ဆိုတဲ့ လူမှု-သဘာဝ ဖြစ်စဉ်ကြီးကို အမှန်မျက်မှောက်မပြုချင်လောက်အောင် လူတချို့ ရှေးရိုးစွဲချင်နေကြသေးတယ်။
တိုင်းပြည် ကို ကမ္ဘာ့ အဆင့်မီချင်ရင် ကမ္ဘာက အရာတွေ ကိုယ်ဆီ စိမ့်ဝင်မှုကို လက်သင့်ခံရမှာပါ။ အမှိုက်သရိုက်တွေ မဝင်ဖို့နဲ့ အတုမယူ သင့်တာတွေကို မယူမိစေဖို့က နောက်ခံ စနစ် အဖွဲ့အစည်း အဆောက်အအုံ ကောင်းအောင် ပညာရေး၊ လူမှုရေး၊ ကျန်းမာရေး အသိ၊ သတိ၊ အတွေးအခေါ် အမြင် ကျယ်ပြန့်အောင်၊ လူမှု-စီးပွား အဆင့်အတန်းမြင့် အောင် လုပ်ရင်း စွမ်းဆောင် ပြုပြင်ယူရမှာပါ။
တကယ်တော့ သင်္ကြန်လို ရိုးရာပွဲမျိုးကို ဓလေ့မှာလည်း အခြေတည်လာခဲ့ပြီး (ဆောင်းပါးအစမှာ ဆိုခဲ့သလို) ခေတ်သစ် ဗဟုယဉ်ကျေးမှုနဲ့လည်း ဆီလျော်တဲ့ ဆူကြုံနိမ့်မြင့် လူတန်းစားစုံ၊ အရောင်အသွေးစုံ ပျော်ရွှင် ပါဝင် ချစ်ကြည်မှု သဘောမျိုး ကို အသားပေးတင်ဆက်ခြင်း၊ ရိုးရာဓလေ့ ထိန်းသိမ်းကျင့်သုံးရင်း တိုင်းပြည် စီးပွား ဥစ္စာ ဓန တိုးတက်ကြီးပွားအောင် ခေတ်မီမီ ကမ္ဘာကြည့်ကြည့် စွမ်းဆောင်ခြင်းမျိုးကိုသာ ဇောင်းပေး လုပ်ဆောင်အပ်တယ်။ ရိုးရာ ယဉ်ကျေးမှုဆိုပြီး ဘောင် ခတ်၊ အမြင်ကျဉ်း ခေတ်နောက်ပြန်ဆွဲမှုမျိုးအဖြစ် သက်သက် မဖော်ဆောင်သင့်ပါဘူး။
အိန္ဒိယ ကဗျာစာဆိုကဝိ ရာဘင်ဒြာနတ်တဂိုး (၁၈၆၁-၁၉၄၁) ရဲ့ ရှန်တိနိကေတန်ကျောင်းထွက် ဗမာ့ပန်းချီကျော် ဗဂျီ အောင်စိုး (၁၉၂၄-၁၉၉၀) ကတော့ ဗမာ့ပန်းချီလောက နိုင်ငံတကာအဆင့် လူစဉ်မီရေး အတွက် ‘ရိုးရာမှသည် ခေတ်သစ် ဆီသို့’ လို့ ဆိုခဲ့ဖူးတယ်။ ဆရာမြို့မငြိမ်း (၁၉၀၉-၁၉၅၅) ကကျ လွန်ခဲ့တဲ့ ရာစုဝက်ကတည်းက ‘ခေတ်မီမီ ကမ္ဘာကြည့် ကြည့်မြင်ပါ’ တဲ့။ ဆရာမင်းသုဝဏ် (၁၉၀၉-၂၀၀၄) ကတော့ ‘စုတုပြု’ ကြဖို့ ဆုံးမခဲ့ပါတယ်။ ဒီသဘောတွေဟာ တကယ် တော့ တိုင်းပြည်ရဲ့ ကဏ္ဍအသီးသီးအတွက် ခံယူ၊ ကျင့်သုံး၊ အသုံးချရာမှာပါ။ အရာရာမှာ ရှေးရိုးဆွဲ နောက်ပြန်ချင်မနေကြဘဲ ကမ္ဘာကြည့် ကြည့်မြင်၊ နိုင်ငံတကာက အကောင်းတွေကို စုတုပြု၊ ရိုးရာကိုအခြေခံပြီး ခေတ်သစ်ကို ခြေလှမ်းနိုင်ရင် တိုင်းပြည်အတွက် အကျိုးကျေးဇူးကြီးမှာဖြစ်ကြောင်း မြန်မာ့နှစ်သစ်ကူးအကြိုအဖြစ် ဆွေးနွေးတင်ပြလိုက်ကြောင်းပါ ခင် ဗျား။
ငြိမ်းချမ်းအေး
(ဧပြီ ၁၇၊ ၂၀၁၄ ထုတ် မိုးမခ ဆောင်းပါး “ရိုးရာမှသည် ခေတ်သစ်ဆီသို့” ကို အသစ်ပြန်လည် ပြင်ဆင် တည်းဖြတ်ထားခြင်း ဖြစ်သည်။ သည်လေဒီးစ် သတင်းဂျာနယ်၊ အတွဲ (၂)၊ အမှတ်စဉ် (၅၈)၊ (၂၀၁၅) ခုနှစ် ဧပြီ (၀၃) ရက်နေ့ သောကြာနေ့ထုတ်၌ ပုံနှိပ်ခဲ့သည်။ ယခု အသစ် တည်းဖြတ်ဗားရှင်းကို မိုးမခ တွင် အွန်လိုင်း ထပ်မံ ဖြန့်ချိသည်။ ဆောင်းပါးပါ အာဘော်ကို ဝေဖန်ရန် လွတ်လပ်စွာ မှတ်ချက်ပြုနိုင်ပါသည်၊ nyeinchanaye81@gmail.com သို့လည်း စာရေးနိုင်ပါသည်။)
The Ladies News Journal Facebook စာမျက်နှာတွင်လည်း ဖတ်ရှုနိုင်သည်။
သင်္ကြန်ကို အကျိုးရှိအောင် အသုံးချပါ|| ငြိမ်းချမ်းအေး ||မြန်မာ၊ ထိုင်း၊ လာအို၊ ကမ္ဘောဒီးယား၊ ယူနန်တရုတ်နယ် အစရှိတဲ့…
Posted by The Ladies News on Tuesday, April 7, 2015
မူလ မိုးမခ ဆောင်းပါး “ရိုးရာမှသည် ခေတ်သစ်ဆီသို့” ကိုလည်း မိုးမခ အင်တာနက် စာမျက်နှာများတွင် ပြန်လည် ဖတ်ရှုနိုင်ပါသည်။
@ http://wp.me/p2d6gG-9Cq
http://moemaka.com/archives/36978
http://moemaka.blogspot.com.au/2014/04/blog-post_60.html