ဗိုလ်ထက်မင်း ဝေဖန်ရေးရာ

ဗိုလ်ထက်မင်း – ငြိမ်းချမ်းရေးမြတ်နိုးရင် တပ်မတော်သားများကို ဘာကြောင့် အဓမ္မ စစ်တိုက်ခိုင်းနေရတာလဲ? ၅

 ဗိုလ်ထက်မင်း – ငြိမ်းချမ်းရေးမြတ်နိုးရင် တပ်မတော်သားများကို ဘာကြောင့် အဓမ္မ စစ်တိုက်ခိုင်းနေရတာလဲ? ၅
(မိုးမခ) ဧပြီ ၁၀၊ ၂၀၁၅

၁။    ယနေ့အချိန်ကာလက အမျိုးသားပြန်လည်သင့်မြတ်ရေးကို ဇောင်းပေးပြီး တနိုင်ငံလုံး ငြိမ်းချမ်းရေး ဖေါ်ဆောင်နိုင်ဖို့ တပြည်လုံး အပစ်အခတ်ရပ်စဲရေး သဘောတူ လက်မှတ်ရေးထိုးရန် အားလုံးက ဝိုင်းဝန်းကြိုး ပမ်းဆောင်ရွက်နေချိန် ဖြစ်တယ်။ စစ်မှန်တဲ့ ငြိမ်းချမ်းရေးရချင်တယ်ဆိုရင် အားလုံးက အာဃာတ၊ရန်ငြိုးကို ဖျောက်ဖျက်ပြီး နာကျည်းမှူ ဂလဲ့စားချေလိုစိတ်ကို ပယ်ပစ်နိုင်ကြရမှာဖြစ်တယ်။ အင်အားကြီးတဲံ့ အာဏာပါဝါ ကို သုံးပြီး အနိုင်ယူလိုခြင်း ကင်းရှင်းပြီး မေတ္တာတရားနဲ့ သင်ပုန်းချေသွားနိုင်မှသာ စစ်မှန်တဲ့ ငြိမ်းချမ်းရေး အရသာကို တိုင်းရင်းသားပြည်သူအားလုံး အတူတကွ ခံစားရရှိကြမှာဖြစ်တယ်။

၂။    ပြည်တွင်းငြိမ်းချမ်းရေး အောင်မြင်အောင် ဖေါ်ဆောင်ပေးနိုင်မယ်ဆိုရင် တိုင်းရင်းသားများဘက်က ပြန်လည်တုံ့ပြန်လာမဲ့  ထုထယ်ကြီးမားလှတဲ့ တိုင်းရင်းသားစည်းလုံးညီညွှတ်ရေး အင်အားစုရလဒ်ကြီးကို မြန်မာတမျိုးသားလုံး ခံစားရရှိနိုင်မှာဖြစ်တယ်။ ရရှိလာမဲ့ မြန်မာတမျိုးသားလုံ့းစည်းလုံးညီညွှတ်မှူ အင်အား ရလဒ်ကောင်းကို မဏ္ဏိုင်ပြုပြီး ဒီမိုကရေစီနိုင်ငံတော် ထူထောင်ရေးအုတ်မြစ်ကို အခိုင်အမာတည်ဆောက်နိုင်မယ်ဆို တာတင်ပြလိုပါတယ် ။

၃။    ဒါပေမဲ့ယနေ့တနိုင်ငံလုံးအပစ်ခတ်ရပ်စဲရေး(မူကြမ်း) သဘောတူညီချက်ရလို့ဝမ်းသာလို့နေချိန်မှာ ကစထမှူး ဒုဗိုလ်ချုပ်ကြီးမြင့်စိုးက တပ်မတော်ရဲ့မူ ၆ချက်ကို အသေဆုပ်ကိုင်မဲ့သဘောပြောလိုက်လို့ တိုင်းရင်းသားခေါင်းဆောင်များက စိတ်ပျက်သွားတဲ့ တုံ့ပြန်မှူ ချက်ခြင်းပေါ်ထွက်လာပါတယ်။ ဒါဆိုရင်သူရဲ့ဆရာ တပ်ချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကော အမှန်တကယ်ဘဲ ငြိမ်းချမ်းရေးမြတ်နိုးသူ ဖြစ်ရဲ့လားဆိုတာ မေးစရာဖြစ်လာပါတယ်။

၎။      တပ်မတော်ကာကွယ်ရေးဦးစီးချုပ် နဲ့ ဗွီအိုအေအင်တာဗျူးအခန်းမှာ ကေအိုင်အေ ဗိုလ်လောင်းများ ကျဆုံးသွားမှူနဲ့ စပ်လျဉ်းပြီး သတိပေးတဲ့အနေနဲ့ ပစ်လိုက်တာဆိုပြီး ဒဲ့ပြောလိုက်တဲ့ လေသံကြောင့် ကြားရသူတိုင်းက အံ့သြတုံလှူပ် သွားမိကြပါတယ်။သူ့အနေနဲ့ ငြိမ်းချမ်းရေးလိုချင်တယ် ဆိုပြီးပြောထားရာ တကယ်တမ်း ပြောသင့်တာက ကေအိုင်အေကို သတိပေးချင်လို့ပစ်တာ မှန်ပေမဲ့ တမင်ရည်ရွယ်ပြီးပစ်တာ
မဟုတ်ကြောင်း၊ အမြောက်ကျဉ်သွားလမ်းဟာ လေထုသိပ်သည်းမှူ၊ လေပြင်း တိုက်ခိုက်မှူ အဟုန်ကြောင့်  လမ်းကြောင်းပြောင်းသွားတာဖြစ်လို့ မမျှော်လင့်ဘဲဖြစ်သွားတဲ့အတွက် စိတ်မကောင်းကြောင်း စတာတွေ ပြောသင့်ပါတယ်။

၅။       ကေအိုင်အေ နဲ့ တွေ့ဆုံနိုင်မှူ အခြေအနေရှိ မရှိ ဆိုရာမှာ အကြောင်းထူး၊အကျိုးထူးမရှိ နိုင်သေးလို့  တပ်ချုပ်အနေနဲ့ မတွေ့ချင်သေးဟုပြောရာ  တွေ့ဆုံဆွေးနွေးရေးနဲ့ ငြိမ်းချမ်းစွာ အဖြေရှာရမည့် သီအိုရီကို လက်ခံခြင်း မရှိတာပေါ်လွင်ပါတယ်။ ဒါ့အပြင် ကေအိုင်အေ နဲ့ပတ်သက်လို့ သူက တော်တော်သည်းခံခဲ့တာ လို့ပြောခဲ့ရာ သူမေတ္တာထားတာ မှန်တယ်ဆိုရင် ငြိမ်းချမ်းရေးအတွက် တွေ့ဆုံမှူ တံခါးအမြဲ ဖွင့်ထားပါတယ်။ ဗိုလ်လောင်းများ ကျဆုံးရတဲံ့အတွက် လူသားချင်းစာနာမှူအရ ကရုဏာ ထောက်ပံ့ကြေးကို စေတနာနဲ့ပေးချင်
ပါတယ်၊စသည်ဖြင့် ဘာလို့ပြောမထွက်ရသလဲဆိုတာ စဉ်းစားရကြပ်လှပါတယ်။ တပ်ရဲ့အမြောက်ဆန် ထိချက် ကောင်းမွန်မှူအပေါ် တပ်ချုပ် ဘဝင်လေဟပ် သွားသလို မဖြစ်သင့်ဘဲ သံတမန်စကားနဲ့၊ငြိမ်းချမ်းရေး မြတ်နိုးတဲ့  စကားကိုသာ ဖွင့်ဆိုသင့်ပါတယ်။ တကယ်တော့ အောက်ခြေမှာ ဖွဲ့စည်းပုံပျက်နေတာကို ပြုပြင်နိုင်ဖို့ မီးမောင်း ထိုးပြလိုက်ရတာဖြစ်ပါတယ်။

၆။     အပိုင်း(၃)မှာ တင်ပြခဲ့သလို တပ်မတော် W.E ဖွဲ့စည်းပုံ တိုးချဲ့လိုက်လို့  စစ်သည်အင်အား စုဆောင်းဖို့ အင်မတန်လိုအပ်လာပါတယ်။ ဒါပေမဲ့ ကက(ကြည်း)လေးလပါတ်အစည်းအဝေးမှာ စစ်ရေးချုပ်က စစ်သား စုဆောင်းရေးတပ် တခုတည်းနဲ့ လုပ်ဆောာင်ဖို့ အခက်အခဲ ရှိနေပြီး အင်အား၅ သိန်း အချိန်မှီပြည့်ဖို့ မလွယ်ကူ ကြောင်း တင်ပြခဲ့ပါတယ်။ ကက(ကြည်း)က တပ်သားသစ်စုဆောင်းရေးကို စစ်ဆင်ရေးသဖွယ်ပြုလုပ်ဖို့ စီမံချက် ရေးဆွဲတင်ဖို့၊ တိုင်း၊တပ်မ၊ စစ်ဌာနချုပ်တွေကို ညွှန်ကြားလိုက်သလို စစ်သားစုဆောင်းရေးမှာ တိုင်း၊တပ်မတွေ
နဲ့ ဆက်သွယ်ဆောင်ရွက်ရာတွင် POWER မြှင့်တင့်တဲ့အနေနဲ့ တပ်အင်အားဖြည့်တင်းရေးညွှန်ကြားရေးမှူးရုံး၊ ဗိုလ်ချုပ်အဆင့်ဖြင့် ဖွဲ့စည်းပုံကို တိုးချဲ့လိုက်ပါတယ်။
-၃-
၇။    ခြေလျှင်တပ်ရင်း၊တပ်ဖွဲ့ မှူးများက မိမိအပေါ်ကျလာတဲ့ ဝန်ထုပ်ဝန်ပိုး သက်သာစေရန် တပ်ခွဲမှူးအဆင့်ထိ ခွဲတမ်းချပြီး လေးလပါတ်တပါတ်လျင် တပ်သားသစ် ဘယ်နှစ်ဦးနှုန်း စုဆောင်းရမည် စတာတွေနဲ့ အဆင့်ဆင့်ဖိအားပေးလာပါတယ်။ တပ်ခွဲမှူးတွေဟာ မိမိသတ်မှတ်ခံရတဲ့ စည်းရုံးရေးနယ်မြေဂွင်ရှိ ကျေးရွာများသို့ နယ်မြေစိုးမိုးရေး ခေါင်းစဉ်ပြကာ ဆင်းပြီး ရွာလူကြီတွေနဲ့ ဒူးတိုက်ဆွေးနွေးရပါတယ်။ ရွာလူကြီးတချို့ ဟာ ရွာထဲက လူဆိုးလူတေသုံးမရသူများ ပေးကြသလို တချိုကြတော့ အလှည့်ကျမဲစနစ်နဲ့ ပေးကာ တချိုက ရံပုံငွေ
ကောက်ပြီး စစ်ထဲလိုက်သူရဲ့မိသားစုအား ပံ့ပိုးတဲ့စနစ်လည်း ရှိပါတယ်။ တချို့က ပိုက်ဆံမတတ်နိုင်လို့ အိမ်နဲ့ လယ်ယာတွေမှာ အလုပ် လုပ်နေတဲ့သူကို မထဲ့နိုင်ဘဲ ကျောင်းမထားနိုင်တဲ့ ကလေးကိုသာ ထဲ့လိုက်ရလို့  ကလေးစစ်သားတွေ ဖြစ်သွားတာလည်းရှိပါတယ်။

၈။    စစ်ဌာနချုပ်အဆင့်ဆင့်ဟာ တပ်သားသစ်(တသသ)  စုဆောင်းနိုင်ဖို့ နည်းလမ်းများ ကြံဆကုန်ပြီးထပ်ဆင့် ဖိအားပေးရာမှာ စစ်သည်များ သာမန်ခွင့်တလ ခွင့်ပြန်ချင်ရင် တသသ ဘယ်နှစ်ဦးခေါ်လာပေးရမယ်၊ တပ်ထဲက ထွက်ချင်ရင် တသသ ဘယ်နှစ်ဦးစုဆောင်ပေး(တချို့တပ်ဆိုရင် ၄ဦးတောင်း)မှ တပ်မှ ထွက်ခွင့်ရမယ်၊ တိုက်ပွဲ မဆင်နွဲရဘဲ ဧဧလူလူနေရတဲ့ တပ်ရင်းတွေမှာ OFFICIATING ယာယီတပ်ခွဲမှူးဗိုလ်မှူး(ဗိုလ်ကြီး) ဆိုရင်  အပွင့်တင်၊ ရာထူးတိုးဖို့တသသ ရှာခိုင်းတာမျိုး၊ စုဆောင်းရရှိမှူ ပြန်တမ်းတင်ရန် စတာတွေ လုပ်ခိုင်းလာပါတယ်။ ဒုဗိုလ်ချုပ်ကြီးသိန်းစိန် အတွင်းရေမှူး(၁) (ယခုသမ္မတ) ရဲ့ ကိုယ်ရေးအရာရှိဗိုလ်ကြီးဟာ တပ်မ(၁၁) ထံ တဆင့်မြှင့်ရာထူး OFFICIATING ရလို့ပုသိမ်ဆင်းကာ ၂၀၀၅ခုနှစ် ပေါက်ဈေးအရ တဦးလျှင် တသိန်းနှုန်းနဲ့ တသသ တွေ ဝယ်ပြီး တပ်ရင်းအတွက် စီစဉ်ပေးရတယ်လို့ သိရပါတယ်။ မြို့တွေရှိ ဆိပ်ကမ်း၊ ဘူတာရုံ၊ ကားဂိတ်တွေ မှာ တပ်ထိန်းတွေဟာ ရဲနဲ့ပေါင်းပြီး လှည့်ကင်းလုပ်ရင်း ယောင်ပေပေလုပ်နေသူ လူငယ်များကို တရားမဝင်လူဖမ်းပွဲကြီး လုပ်ကာ တပ်ထဲကို သွတ်သွင်းနေတဲ့အပြင်  ခွင့်ပြန်စစ်သည်တွေကို ဖမ်းတဲ့အရေး ရှင်းရသလို ခွင့်မဲ့
ပျက်ကွက်စစ်သည်တွေလည်း ရပ်ကွက်အတွင်းသိသွားလို့ ဖမ်းပြီးမူလတပ်ကိုပြန်မပို့တော့ဘဲ တသသအဖြစ်ပို့လိုက်လို့ တပ်သစ်နဲ့ တပ်ဟောင်း အဲဒီ တသသ ကိစ္စ ကြိတ်ပြီးရှင်းရတာလည်းရှိပါတယ်။ စီမံချက်တွေနဲ့ မည်သို့ပင်စုဆောင်းစေကာမှူ ရရှိတဲံ့ တသသ အရေအတွက်ဟာ တပ်မှထွက်ပြေးနေတဲံ့ ခွင်မဲ့ပျက်ကွက်စစ်သည်များပြားလာမှူကြောင့် တိုးချဲဖွဲ့လိုက်တဲ့တပ်တွေ အပေါ်ပြည့်မှီ နိုင်ခြင်း မရှိဘဲ ဆိုင်းဘုတ်သာရှိပြီး လူ မရှိတဲ့တပ်၊ တပ်မဲံ့ဗိုလ်ဘဝ၊ဆရာများပြီး ရဲဘော်ရှားတဲံ့ဘဝ၊ ရင်ဆိုင်နေရတဲ့တပ်တွေ  ရှိနေဆဲပဲ ဖြစ်တယ်။

၉။    တပ်ချုပ်အနေနဲ့တပ်မတော် ယန္တယားအဆောက်အဦးဟာ ရွှေကျောင်းပြောင်ပြောင်ဝမ်းခေါင်ခေါင် ဖြစ်နေတာကို တကယ်ဘဲမသိတာလား၊ မသိချင်ယောင်ဘဲ ဆောင်နေတာလားဆိုတာ စာဖတ်သူတွေ ချင့်ချိန် နိုင်ပါတယ်။ မိမိအဖွဲ့အစည်းကိုတောင် ပြုပြင်ပြောင်းလဲဖို့ တုံ့နှေးနေမယ်ဆိုရင် ထိပ်ပိုင်းပုဂ္ဂိုလ်တွေဟာ  ရာထူးနဲ့အဆင့်တွေမက်မော လွန်းကြတာမို့ ငြိမ်းချမ်းရေးကို  မြတ်နိုးပါတယ်၊စိတ်ဝင်းစားတယ်လို့ ပြောလာတဲ့အပေါ် စာဖတ်သူတို့ယုံကြည်ဖို့ ခက်ခဲလိမ့်မယ်ထင်ပါတယ်။ သမ္မတက ခေါ်ယူတဲ့ ၄၈ ပွင့်ဆိုင် ဆွေးနွေးပွဲကို ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ တက်ရောက်ခြင်းမရှိဘဲ ရေတပ်စစ်ရေးလေ့ကျင့်ခန်းကို တက်ရောက် နေတာ တွေ့ရပါတယ်။ အမျိုးသားပြန်လည်သင့်မြတ်ရေးကို ဦးစားပေးပြီး တနိုင်ငံလုံးစစ်မှန်တဲံ့ ငြိမ်းချမ်းရေး ရရှိဖို့ကျင်းပတဲ့ အစည်းအဝေးကို ထိပ်သီးများအားလုံး တက်ကြပြီး စစ်ရေးထက်နိုင်ငံရေးကို အရေးကြီး ဦးစား ပေး သင့်၊မသင့် စာဖတ်သူတိုင်းသိရှိနားလည်ကြပါတယ်။ အဲဒီရေတပ်စစ်ရေးလေ့ကျင့်အခမ်းအနားမှာ တပ်ချုပ်
က ဂန္ဘီရဗေဒင်ကိန်းခန်းအရ ကြည်းတပ်စစ်ဆင်ရေးမှာ ကွဲနေလို့ ရေတပ်ယူနီဖေါင်းကြီး ပြောင်းဝတ်နေတာဟာ ယတြာချေတယ်လို့ စစ်ဖက်နီးစပ်သူများက ထင်မြင်နေကြပါတယ်။ ဒါကြောင့် လက်ရှိဖြစ်ပေါ်နေတဲ့ နိုင်ငံရေး ရေစီးကြောင်း အပေါ် သူတို့ရဲ့ပြုမှူလုပ်ကိုင်ပုံကို ကြည့်ပါက ငြိမ်းချမ်းရေးမြတ်နိုးတယ်ဆိုတာကို ဘယ်လိုပေတံ နဲ့တိုင်းတာပြီး ဘယ်လို ဦးတည်နေတယ်ဆိုတာ စဉ်းစားရခက်လှပါတယ်။

လာမဲ့အပိုင်း၆မှာတော့ Power line Up နဲ့Duty functionကြောင့် အရေးပါတဲံ့ ဌာနကြီးများပြိုင်ဆိုင်မှူများ၊ စစ်ဆင်ရေးတခုကို ကျွမ်းကျင်စွာကိုင်သွားနိုင်သူအကြောင်းကို အဓမ္မခိုင်းနေတဲ့ တပ်ထိပ်ပိုင်းအရာရှိကြီးများ လေ့လာနိုင်စေဖို့ ဆက်ပြီးတင်ပြသွားပါ့မယ်။

 

(ဓာတ်ပုံ – ဆိုရှယ်မီဒီယာများ၊ ယတြာထွက်ချေတယ်ဆိုပြီး ပျံ့နေတဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ပုံ)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts