တူမောင်ညို သူတို့အာဘော်

တူမောင်ညို – လျှောမွေးကို ဗာရာဏသီချဲ့နေတဲ့ ဆင်ဖြူတော်ငြိမ်းချမ်းရေး

တူမောင်ညို – လျှောမွေးကို ဗာရာဏသီချဲ့နေတဲ့ ဆင်ဖြူတော်ငြိမ်းချမ်းရေး
(မိုးမခ) ဧပြီ ၁၀၊ ၂၀၁၅

သမ္မတဦးသိန်းစိန်ရဲ့ အပြောကဒီလိုပါ

“ ငြိမ်းချမ်းရေးအတွက် မျှော်လင့်ချက်ရောင်ခြည်တင်မကပါဘူး၊ အလင်းတန်းတွေ ပေါ်လာပြီဖြစ် တယ်လို့ ကျွန်တော်တို့ပြော လို့ရပါပြီ၊မကြာခင်ငြိမ်းချမ်းရေးရဖို့လည်း အားလုံးဝိုင်းပြီးဆုတောင်းပေးကြပါ” တဲ့။

တကယ်မြင်တွေ့နေရတာကတော့ စစ်လေယာဉ်ပေါ်ကနေကြဲချနေတဲ့ ငရဲဗုံးတွေရဲ့အလင်းတန်းတွေ၊ အမြောက်ကြီးတွေနဲ့ ပစ် ခတ်နေလို့ ပေါ်လာထွက်လာနေတဲ့ သေမင်းရဲ့အလင်းရောင်တန်းတွေသာဖြစ်ပါတယ်။ ဒီအလင်းတန်းတွေထဲကနေ ဖျက်ကနဲမြင်နေရ တာတော့နေ့စဉ်နဲ့အမျှအတုံးအရုံးသေဆုံး၊ဒဏ်ရာရနေကြတဲ့ အောက်ခြေတပ်ဗိုလ်တပ်သားတွေ၊ ကျန်ရစ်သူ မိသားစုဝင်များရဲ့မျက်ဝန်း တွေထဲမှ မျက်ရည်စတွေသာဖြစ်ပါတယ်။

ပြန်ကြားဝန်ကြီးအပြောက ဒီလိုပါ

“ဒီနေ့မှာတော့ နိုင်ငံ့ခေါင်းဆောင် နိုင်ငံတော်သမ္မတကြီးနှင့် တပ်မတော်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တို့က ငြိမ်းချမ်းရေးကိုဖော်ဆောင်နိုင်တဲ့ ရှားရှားပါးပါးနိုင်ငံ့ခေါင်းဆောင်၊ တပ်မတော်ခေါင်းဆောင်များအဖြစ်သမိုင်းဝင်သွားပြီပြောလို့ရပါတယ်” တဲ့။

ပြန်ကြားရေးဝန်ကြီးပြောတာကိုဖတ်လိုက်ရတဲ့အခါ ရှားပါးပြီး၊မျိုးတုန်းပျောက်ကွယ်လုနီး ပါးဖြစ်နေတဲ့ ဧရာဝတီလင်းပိုင်နဲ့ ပန်ဒါနီဝက်ဝံ ၂ ကောင်ရဲ့ ဓါတ်ပုံတွေကို မျက်စေ့ထဲပြေးမြင်မိပါတယ်။ ရှားရှားပါးပါးနိုင်ငံခေါင်းဆောင်၊တပ်မတော်ခေါင်းဆောင်ဖြစ်တဲ့  သမ္မတနဲ့ကာချုပ်ကိုလည်း မျိုးတုန်းပျောက်ကွယ် မသွားဖို့ ဘယ်လိုထိန်းသိမ်းစောင့်ရှောက်ကြမလဲဆိုတာ (WWF) နဲ့ အခုကတည်းက စတင်ပြီး အလျှင်အမြန် ဖိတ်ခေါ်ညှိနှိုင်း တိုင်ပင်ဆောင်ရွက်သင့်ပြီလို့မြင်ပါတယ်။

အားမနာတမ်းပြောရရင် စာချုပ်မူကြမ်းလက်မှတ်ထိုးကြတာကို “ ငြိမ်းချမ်းရေး” မနက်ဖန်ရတော့မလောက် လျှာအရိုးမရှိတိုင်း  လျှောမွေးကို ဗာရာဏသီချဲ့ပြောဆိုနေကြတာပါ။

သူတို့စစ်တပိုင်းအစိုးရထိပ်ပိုင်းတွေ အာတွေ့ပြီးပြောနေတဲ့ “ထာဝရငြိမ်းချမ်းရေး”ဆိုတာက ထာဝရဝေးကွာနေဆဲဖြစ်ပါတယ်။ တကယ်တော့ မတ်လ ၃၁ ရက်နေ့က (NCA) စာချုပ်မူကြမ်းကို (NCCT)နဲ့ (UPWC)တို့ သဘောတူလက်မှတ်ထိုးကြတာသာဖြစ်ပါတယ်။ ဒီထက် ဘာဆို ဘာမှ မပိုပါဘူး။

အဖြစ်မှန်ကို ဖုံးကွယ်ပြီး၊ လိုသလို ပုံကြီးချဲ့ပြောနေလုပ်နေတာတွေဟာ လိမ်ညာကောက်ကျစ်မှုဖြစ်ပါတယ်။ မျှော်လင့်ချက် မှားတွေပေးပြီးမှိုင်းတိုက်နေတာဖြစ်ပါတယ်။

သူတို့ ပြောနေတဲ့ပြည်တွင်းပြည်ပ၌အလွတ်သဘော(၂၂) ကြိမ်၊တရားဝင်(၇) ကြိမ် ဆွေးနွေးခဲ့ကြတယ်ဆိုတဲ့ တစ်နှစ်နဲ့ငါးလ ဆိုတဲ့ အချိန်တိုအတွင်းကိုပဲ မူတည်ပြောရရင် အပစ်အခတ်တကယ်မရပ်စဲနိုင်သေးပါဘူး။ မပစ်မခတ်ပဲ ရက်ပေါင်း၃၀ ကြာအောင် နေခဲ့ တဲ့ရက်မရှိခဲ့ပါဘူး။ (၇)ကြိမ်မြောက်ဆွေးနေစဉ်အတွင်းမှာလည်းအပစ်အခပ်မရပ်စဲနိုင်ခဲ့သလို၊ မတ်လ ၃၁ ရက်နေ့ (NCA) စာချုပ်မူကြမ်း လက်မှတ်ရေးထိုးပြီးနောက်ပိုင်း ရက်သတ္တပတ်အတွင်းမှာလည်း အပစ်အခတ်ရပ်စဲသွားတယ်လို့မရှိခဲ့ပါ။

ရေရှည်တည်တံ့နိုင်မယ့် အပစ်အခတ်ရပ်စဲကိုတောင် ပီပီပြင်ပြင်မဆောင်ရွက်နိုင်သေးဘဲ၊ “ငြိမ်းချမ်းရေး အလင်းတန်းတွေပေါ် လာပြီ”လို့ပြောနေဟာ အိပ်မပျော်တဲ့ညတွေများပြီးစိတ်ကစင့်ကလျားဖြစ်လို့ စိတ်ကူးပေါက်ရောက်လျှောက်ပြောနေတာမျိုးနဲ့တူပါတယ်။

တကယ်တော့ ငြိမ်းချမ်းရေးဆိုတာ တည်ရှိနေတဲ့နိုင်ငံရေးပြဿနာတွေကို ဘယ်လောက်အတိုင်းအတာ အထိဖြေရှင်း၊ ပြေ လည်စေနိုင်ခဲ့သလဲဆိုတဲ့ အချက်အပေါ်မှာ ငြိမ်းချမ်းရေးရဲ့နယ်နိမိတ်အဝန်းအဝိုင်း၊ ငြိမ်းချမ်းရေးတည်တံ့နိုင်တဲ့ကာလ အကန့်အသတ် က တည်နေတာဖြစ်ပါတယ်။

ငြိမ်းချမ်းရေးဆိုတာ မိုးပေါ်ကကျလာမှာ မဟုတ်သလို၊ မြေကြီးထဲကနေ အလိုအလျောက်ပေါ်ထွက်လာမှ မဟုတ်ပါဘူး။ တိုင်း ပြည်နဲ့ ပြည်သူများအတွက် ရာစုနှစ်ဝက်ကျော်ကြာ ထိခိုက်နစ်နာနေရတဲ့ ပြည်တွင်းစစ်နာတာရှည်ရောဂါဆိုးကြီးရဲ့ ဇစ်မြစ်ကို ခုတ်ဖြတ် ပြီး၊ ဒီမိုကရေစီလည်းရှိ၊နဲ့တန်းတူသွေးစည်းမှုလည်းရှိတဲ့ အခြေခံအပေါ်မှာ ငြိမ်းချမ်းရေးကိုအခိုင်အမာ တည်ဆောက်သွားကြရမှာ ဖြစ် ပါတယ်။  တန်းတူမှုလည်းရှိ၊ ဒီမိုကရေစီလည်းရှိမှ ငြိမ်းချမ်းရေးနဲ့ ညီညွတ်ရေးကို တည်ဆောက်နိုင်မယ်၊ ငြိမ်းချမ်းရေးနဲ့ ညီညွတ်ရေးရှိမှ တိုင်းပြည်နဲ့ပြည်သူခေတ်မီဖွံ့ဖြိုးတိုးတက်ရေး၊ အခြားနိုင်ငံများနဲ့ရင်ဘောင်တန်းနိုင်ရေးဆိုတဲ့ လမ်းကိုလျှောက်လှမ်းနိုင်မှာဖြစ်ပါတယ်။

ဒါကြောင့် ဒီမိုကရေစီနဲ့တန်းတူမှုကို အခြေခံကျကျဖြေရှင်းပြေလည်စေနိုင်မှသာလျှင် ရေရှည်တည်တံ့ပြီး အာမခံချက်ရှိစေမယ့် ငြိမ်းချမ်းရေးကို အခိုင်အမာတည်ဆောက်နိုင်ပါလိမ့်မယ်။ “၂၀၀၈ အခြေခံဥပဒေ”ဟာ ဒီမိုကရေစီစံနှုန်းလည်းမပြည့်ဝ၊ တန်းတူရည်တူ လည်းမရှိတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေတစ်ခုဖြစ်ပါတယ်။ ဒီအခြေခံဥပဒေကို အတင်းအဓမ္မလက်ခံစေခြင်း၊ ၂၀၀၈ အခြေခံဥပဒေဘောင်ထဲ ဇွတ်အတင်း သွတ်သွင်းနေခြင်းတို့ဟာ ငြိမ်းချမ်းရေးရရှိစေနိုင်မည့် မှန်ကန်သော ဖြေရှင်းနည်းမဟုတ်ပါ။

“၂၀၀၈ အခြေခံဥပဒေ” ဘောင်ထဲဇွတ်အတင်းသွတ်သွင်းနေခြင်း၊ အဓမ္မလက်ခံစေခြင်းတို့ဟာ နိုင်ငံရေးပြဿနာကို တစ်ဖက် သတ်အနိုင်ကျင့်ဖြေရှင်းနည်း၊ နိုင်ငံရေးပြဿနာကို အပေါ်ယံဟန်ပြ ဖြေရှင်းနေသည့် နည်းလမ်းများသာဖြစ်ပါတယ်။

နိုင်ငံရေးပြဿနာကိုအပေါ်ယံပဲ ဖြေရှင်းနိုင်ခဲ့တယ်ဆိုရင် ရရှိလာတဲ့ငြိမ်းချမ်းရေးဆိုတာကလည်း  လူကြားကောင်းရုံ၊ ဝါဒဖြန့် ကောင်းရုံ၊ ကုလ၊ ဂျပန်၊နော်ဝေ အစရှိတဲ့ ပြည်ပနိုင်ငံအချိ့ထံမှ ပရိုပိုဆယ်တင်ပိုက်ဆံလက်ဖြန့်တောင်းနိုင်တဲ့ ၊ အပေါ်ယံဟန်ပြငြိမ်းချမ်း ရေး၊ တနပ်စားငြိမ်းချမ်းရေးပဲ ဖြစ်နေမှာပါ။

“တပ်မတော်ရဲ့သဘောထားရပ်တည်ချက် ၆ ချက်” ဆိုသည်ကို စစ်တပ်က၊ စစ်အုပ်စုက ၊ စစ်တပိုင်းအစိုးရက အမြဲစွဲကိုင် ထား သမျှ ကာလပတ်လုံး “ထာဝရငြိမ်းချမ်းရေး”သည် ထာဝစဉ်ကွာဝေးနေမှာပဲဖြစ်ပါတယ်။ ညီညွတ်ရေးနဲ့ ငြိမ်းချမ်းရေးကင်းဝေးနေ တဲ့တိုင်းပြည်မှာ ဒီမိုကရေစီ လည်းမရှိနိုင်သလို၊ ခေတ်မီဖွံ့ဖြိုးတိုးတက်ဖို့ ဆိုတာလည်း ဘယ်လိုမှမဖြစ်နိုင်ပါ။  (၆၇)  နှစ် ကြာမြင့်လာပြီ ဖြစ်တဲ့ လွတ်လပ်ရေးသတ်တမ်း – ပြည်တွင်းစစ်သက်တမ်းကာလ ဖြစ်ရပ်များက ဤအချက်ကို အထင်အရှားသက်သေခံနေပါတယ်။

(ဗိုလ်) ဦးသိန်းစိန်စစ်တပိုင်းအစိုးရအနေနဲ့ ဒီမိုကရေစီနဲ့တန်းတူမှုရှိတဲ့အခြေခံအပေါ်မှာ ပြည်တွင်းစစ်ကိုရပ်ဆိုင်းပြီး၊ ပြည်တွင်း ငြိမ်းချမ်းရေးကို တည်ဆောက်ဖို့လိုပါတယ်။ “တပ်မတော်ရဲ့သဘောထားရပ်တည်ချက် ၆ ချက်” အလျှင်အမြန်စွန့်လွှတ်ဖို့လိုအပ်ပါတယ်။ သို့မှသာ “ထာဝရငြိမ်းချမ်းရေး” ဆိုတဲ့ အဆင့်သို့ တက်လှမ်းနိုင်ပါလိမ့်မယ်။

သရုပ်ဖော် ကာတွန်း စောငို (၂၀၁၀)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
MoeMaKa English Site

Similar Posts