ကဗျာ

ခက်ဦး – နွေကြွေပန်းတို့ ရာဇဝင်

ခက်ဦး – နွေကြွေပန်းတို့ ရာဇဝင်
(မိုးမခ) ဧပြီ ၁၀၊ ၂၀၁၅

အမြင်မှာနုချင်နုမယ်

အံတစ်ကြိတ် စုံအမှိတ်မှာ

ပိတ်ဆုပ်ညှစ်တွန်းထား

ပင်စည်သားတည့်တည့်လည်း

ဆထက်ဆင့်ကဲ

ခေါင်းနဲ့ ထိုးခွဲခဲ့တယ် ။

မိုး …

မျှော်စရာမလိုဘူး

မြေဆီက

လက်စိပ်စိပ် အသံတိတ်တိတ်

ချိတ်ကမ်းသယ်ကြ အာဟာရ

ဘယ်ညာဆန့်ထွက်လက်များမှာ

အရွက်ဦးတွေ စိမ်းသစ်ဝေကြ

အားကုန်ထပ် ဆောင့်အရုန်းမှာ

ဖူးကင်းဆင့်ဆင့် တိုးရစ်ညီလေ

စိမ်း သစ် ဝေ ကြ ။

ဥတုပျက်မို့

မြေကြမ်းရှထက် ဖြန့်ကျက်တဲ့အပူ

အမြစ်တွေကုတ်အောင် တခုံတမင်စုပ်ယူ

ကျေးဇူးတရားနဲ့သည်အပူ ကျေကျေနပ်နပ် လှယ်ယူ

ပူလိုက်စမ်း

မီးရဲလို ချွေးလူးရွှဲစို ပူလိုက်ကြစမ်း

ဟိတ် ! ကောင်းကင်

ဒီအပူတွေနဲ့များ

ဝတ်ဆံလွယ်ပိုး ဝတ်ရည်အိုးတွေ

ညှိုးငိုင် ထိုးယိုင် ကျိုးနိုင်မယ်ထင်သလား

ကြည့်စမ်းပ

သေသေချာချာကြည့်စမ်းပ

ဟောဒီမှာ … …

ပင်လုံးအုပ် တနှံ့တပြား

အဖူးစိုင် အခိုင်ဖွဲ့ စိမ်းစို ပြန့်ကားလိုက်ကြပုံ ။

ယုတ်ယုတ်ညံ့ညံ့…… ဒင်းတို့

မိုးလုံးတနှံ့ ထစ်ချုန်း ဆဲဆို

မည်းညှို့အုံ့ပြို ထစ်ချုန်း ဆဲဆိုကြ

လျှပ်ပျက်သံတရွှမ်းရွှမ်း မိုးကြိုးသံ ခပ်ကြမ်းကြမ်းမှာ….

မြှားတန်းနဲ့ မိုးစက်ကျည်ဆန် တဖွဲဖွဲအမှန်မှာ…..

လေပြင်းထဲ…. မုန်တိုင်းထဲမှာ…..

နွေကြွေပန်းတို့ခမျာ…….

အဝါရောင် အဆုပ်ဆုပ် ပွင့်ထွက် ပန်းထွက်

သေပွဲဝင်ရ သေကြရှာပြီ ။

မြေသားထက် မကျဆင်းစေနဲ့

မြေသားထက်တော့ ချ မနင်းခြေပါနဲ့ကွယ်

အမြတ်တနိုး စိုက်ထိုးကြ ပူဇော်ကြ

အလေးတယူ မွှေးကြူကြ ပန်ဆင်ကြ

သတ်သတ်မှတ်မှတ် အလှတပ်ကြ

ချိတ်ကြ တွယ်ကြ ဆင်ကြ ယဉ်ကြ

ဒါ … …

မြေအပူ အငှါးယူအောင်းလို့

သူရဲကောင်းတွေ ကျဆုံးရတာပ

သူရဲကောင်းတို့ ကျဆုံးခန်းသာပ

ရွှေအဆင်းတို့ ဝင်းဖန့်နေမြဲ

ရနံ့သင်းသင်းတို့ မွှေးပျံ့မစဲပါလေ……..။

ခက်ဦး

၈ . ၄ . ၂၀၁၅။ ညဥ့် ၁၂ : ၄၀

PHOTO – https://img0.etsystatic.com/013/0/5327242/il_570xN.453355416_1bi1.jpg


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts