အတွေးအမြင် ဒေါက်တာခင်မောင်ဝင်း (သချာင်္)

ဒေါက်တာခင်မောင်ဝင်း(သင်္ချာ) – အာဏာ၊ အင်အား၊ လုပ်ပိုင်ခွင့်ဟူသော သဘောတရားများ


ဒေါက်တာခင်မောင်ဝင်း(သင်္ချာ) – အာဏာ၊ အင်အား၊ လုပ်ပိုင်ခွင့်ဟူသော သဘောတရားများ
(မိုးမခ) ဧပြီ ၁၀၊ ၂၀၁၅

နိုင်ငံရေးဝေါဟာရ အဖြစ်အဓိပပ္ပါယ်သတ်မှတ်မည်ဆိုလျှင် အာဏာ (Power), အင်အား (force) နှင့် လုပ်ပိုင်ခွင့် (Authority) တို့ကို အောက်ပါအတိုင်းသတ်မှတ်နိုင်သည်။

Power (အာဏာ) လူတစ်ဦး သို့မဟုတ် အုပ်စုတစ်ခုကို သူတို့ဆန္ဒအရ မလုပ်သောအလုပ်ကို လုပ်ရန်တွန်းအားပေးသော အင်အားဖြစ်သည်။ Force (အင်အား) လူပုဂ္ဂိုလ်များကို ရုပ်အားဖြင့် အန္တရယ်ပြု ခြင်းအားဖြင့် ၎င်းတို့အစွမ်းကို ယုတ်လျော့စေသောအရာ။

Authority (လုပ်ပိုင်ခွင့်) အာဏာနှင့်အင်အားကို တရားဝင်အသုံးပြုနိုင်သော အခွင့်အရေး။

ဤအဓိပပ္ပါယ်သတ်မှတ်ချက်များသည် နိုင်ငံရေးရှုထောင့်မှပေးထားခြင်းဖြစ်သည်။ Power နှင့် Force တို့ကို ရှုပသိပံပ္ပရှုထောင့်မှလည်း အဓိပပ္ပါယ်သတ်မှတ်နိုင်သေးသည်။ ဤဆောင်းပါးတွင် သိပံပ္ပရှုထောင့်ကို မပြောတော့ဘဲ နိုင်ငံရေးဝေါဟာရအဖြစ်သာလေ့လာပါမည်။

နိုင်ငံရေးဝေါဟာရများအားလုံးသည် အစဉ်အမြဲအငြင်းပွားစရာများရှိနေပါသည်။ ၎င်းသည်နိုင်ငံရေး ဝေါဟာရများ၏ သဘာဝ၊ ဖြစ်ရိုးဖြစ်စဉ်ဖြစ်သည့်အတွက် ရှောင်လွှဲ၍ရသောအရာမဟုတ်ပါ။

အာဏာနှင့်လုပ်ပိုင်ခွင့်သည် တစ်ခါတစ်ရံတွင် တစ်ခုနှင့်တစ်ခုဆန့်ကျင်ဘက်များဖြစ်နေတတ် သည်။ အာဏာသည် သေနပ်ပြောင်းဝတွင်ရှိသည်ဟူသော အဆိုရှိသကဲ့သို့ လုပ်ပိုင်ခွင့်သည် သဘော တူညီမှုကိုဖြစ်စေသည်ဟူ၍ အဆိုရှိသည်။ အာဏာနှင့်လုပ်ပိုင်ခွင့်ကို နိုင်ငံရေးနှင့်လူမှုရေးသဘောတရား အရ လေ့လာမည်ဆိုလျှင် အာဏာသည် လူတစ်ဦး သို့မဟုတ် လူတစ်စုကို ဘာလုပ်ရမည်ကို အမိန့်ပေး ခြင်းနှင့် ဆိုင်သည် လုပ်ပိုင်ခွင့်သည် လုပ်ကိုင်သောအလုပ်၏ မှန်ကန်ခြင်းတရားမျှတခြင်းနှင့် ဆိုင်သည်ဟု ဆိုနိုင်သည်။ လူတစ်ယောက်ယောက်ကို တစ်ခုခုလုပ်ရန် အာဏာသုံး၍ တွန်းအားပေးနိုင်သည်။ သို့သော် လုပ်ပိုင်ခွင့်ဖြင့်ခိုင်းသော အလုပ်ကို သူ့အလိုဆန္ဒအရလုပ်စေသည်။ ဤသည်ကား အာဏာနှင့် လုပ်ပိုင်ခွင့် တို့၏ နှိုင်းယှဉ်ချက်ဖြစ်သည်။

ပြင်သစ်ဒဿနပညာရှင် ဂျွန်းဂျပ်ရှုးစိုး (Jean Jacques Rousseau, 1712 – 78) က အာဏာနှင့် လုပ်ပိုင်ခွင့်တို့သည် ဒွံတွဲနေသဖြင့်၊ ခွဲ၍ မရနိုင်ဟုဆိုသည်။ အာဏာနှင့်လုပ်ပိုင်ခွင့်တို့၏ အဓိပပ္ပါယ်ဖွင့်ဆို ချက်များတွင် အင်အားမပါမဖြစ်ပါဝင်နေသည်။ ရှုးစိုး၏ အယူအဆမှာ အင်အားသည် ရုပ်ပိုင်းဆိုင်ရာနှင့် သက်ဆိုင်သော အာဏာဖြစ်သောကြောင့် အင်အားသည် အမှန်တရားနှင့်တရားမျှတမှုကို မရရှိနိုင် – ဟူ၏။ အင်အားသည် လူ့ကျင့်ဝတ် ကောင်းမွန်ခြင်းကို ဘယ်လိုဖြစ်နိုင်မည်နည်း – ဟု ရှုးစိုးက မေးခွန်းထုတ်ခဲ့ သေးသည်။ တစ်ဖက်တွင်လည်း၊ ရှုးစိုးက ဤသို့ဆိုထားသည် – အုပ်ချုပ်သူနဲ့ အုပ်ချုပ်ခံရသူကြားမှာ လူမှုရေးသဘောတူညီချက် (social contract) ဆိုတာရှိပါတယ်။ အဲဒီသဘောတူညီချက်အရ လူတိုင်းဟာ ဥပဒေကို လိုက်နာဖို့တာဝန်ရှိပါတယ်။ ဥပဒေကို မလိုက်နာတဲ့လူတွေကို လိုက်နာအောင်လုပ်နိုင်တဲ့ အင်အား မရှိရင် အဲဒီလူမှုရေးသဘောတူညီချက်ဟာ ဘာမှအဓိပပ္ပါယ်မရှိဖြစ်သွားပါလိမ့်မယ်။

ဤနေရာတွင် ရှုးစိုးသုံးသွားသော စကားတစ်ခုမှာ – ‘လွတ်လပ်ဖို့အတွက် အင်အားသုံးရမယ်’ (Forced to be free) ဟူ၍ ဖြစ်သည်။ အတိအကျဘာကိုဆိုလိုသည်ဟူသည်ကိုတော့ ဒဿနပညာရှင်များ အမျိုးမျိုးဖော်ထုတ်နေဆဲဖြစ်သည်။ အချုပ်အားဖြင့် ပြန်၍ ပြောရလျှင် အာဏာနှင့်လုပ်ပိုင်ခွင့်သည် တစ်ခု နှင့် တစ်ခုဆန့်ကျင်ဘက်ဖြစ်နေပြီး၊ ဆက်လည်းဆက်စပ်နေ၏။ ခွဲ၍မရအောင်လည်းတွဲနေ၏။

ဤသို့ဆိုလျှင် အာဏာနှင့်လုပ်ပိုင်ခွင့်သဘောတရားသည် လွယ်မလိုနဲ့တော်တော်ရှုပ်တာဘဲ။ နိုင်ငံရေးသိပံပ္ပဘာသာရပ်ကို ကျယ်ကျယ်ပြန့်ပြန့်သိလျှင် ပိုများရှင်းသွားနိုင်မလား – ဟု စဉ်းစားနိုင်သည်။

နိုင်ငံရေးသိပံပ္ပပညာရှင်များဘက်မှ ဤသို့ဆိုပြန်သည် – အာဏာနှင့်လုပ်ပိုင်ခွင့်တို့၏ ဆက်သွယ် ချက်သည် ထင်သလောက်ကြီးကျယ်သော ပြဿနာမဟုတ်ပါ။ နိုင်ငံများထဲတွင် မည်သည့်နိုင်ငံများသည် အာဏာကြောင့်တည်နေသနည်း။ မည်သည့်နိုင်ငံများသည် လုပ်ပိုင်ခွင့်ကြောင့်တည်နေသနည်း – ဟူသည် ကို ခွဲခြား၍ သိအောင် လုပ်လိုက်လျှင် ရှင်းသွားလိမ့်မည်။

အာဏာနှင့်လုပ်ပိုင်ခွင့်အကြောင်းကို ရေးသားကြသော နိုင်ငံရေးသိပံပ္ပပညာရှင်အများအပြားရှိပါ သည်။ အမျိုးသမီး နိုင်ငံရေးပညာရှင် အေပြီကာတာ (April Carter) က Authority and Democracy (1979) (လုပ်ပိုင်ခွင့်နှင့် ဒီမိုကရေစီ)ကျမ်းတွင် ရေးသားထားသည်မှာ – လုပ်ပိုင်ခွင့်ဟူသော အရာသည် သူတစ်ခုတည်းစစ်စစ်မရှိနိုင်ပါ။ လွတ်လပ်မှုကို အားပေးသည်ဟုဆိုသော ဖွဲ့စည်းပုံ အခြေခံဥပဒေအရ အုပ်ချုပ်သော အစိုးရသည်ပင်လျှင် လုပ်ပိုင်ခွင့်စစ်စစ်ဖြင့် အုပ်ချုပ်နိုင်စွမ်းမရှိပါ။ အကြောင်းမှာ အစိုးရဖြစ် လျှင် နောက်ဆုံး၍ အင်းအားကိုအားကိုးရမည်ဖြစ်သည်။ မည်သည့်အစိုးရမဆို၊ မည်ကဲ့သို့ပင်အကြင်နာ တရားရှိစေကာမူ၊ အင်အားသုံးခြင်းကိုရှောင်၍ မရနိုင်ပါ။ နိုင်ငံရေးရှုထောင့်မှကြည့်လျှင် ဘာနဲ့မှမရောသော လုပ်ပိုင်ခွင့်စစ်စစ်သည် အတွေးနယ်ထဲတွင်သာ ရှိသောသဘောတရားသက်သက် ဖြစ်သည်။ ထို့ကြောင့် ၀ိယောဓိကိုရှောင်တိမ်း၍မရပါ။ အာဏာနှင့်လုပ်ပိုင်ခွင့်တို့သည် ဆန့်ကျင်ဘက် သဘောတရားများ ဖြစ်သော်လည်း ၎င်းတို့ကိုခွဲခြားထား၍ တော့မရပါ။ ဤသည်ကားအေပြီကာတာ၏ ရေးသားချက်များဖြစ် သည်။

အမျိုးသမီးနိုင်ငံရေးပညာရှင် ဘာဘရာဂွတ်ဒွင် (Barbara Goodwin) က Using Political Ideas (1997) (နိုင်ငံရေးသဘောတရားများကို သုံးခြင်း) ကျမ်းတွင် ဤသို့ရေးသားထားသည်ကို တွေ့ရသည်။ အာဏာနှင့် လုပ်ပိုင်ခွင့်ကို ခွဲခြားသတ်မှတ်အောင် ကြိုးပမ်းမှုများသည် ကျဆုံးဖို့သေချာသည်။ သာမန်နိုင်ငံ ရေးအခြေအနေအောက်တွင် နှင့် နိုင်ငံဆိုင်ရာအဖွဲ့အစည်းတိုင်းတွင် အာဏာနှင့်လုပ်ပိုင်ခွင့်သည် အတူ ယှဉ်တွဲ၍ ရှိနေကြပြီး တစ်ခုကို တစ်ခုပံ့ပိုးပေးနေကြသည်။ နောက်တစ်ဖက်မှ ကြည့်လျှင် နိုင်ငံရေးသိပံပ္ပ သဘောတရားသည် နိုင်ငံတော်ထက် ကျယ်ပြန့်သည်။ နိုင်ငံဟူသည် နိုင်ငံရေးသိပံပ္ပဘာသာ၏ တစ်စိတ် တစ်ဒေသမျှသာဖြစ်သည်။ နိုင်ငံရေးသိပံပ္ပတွင် လူပုဂ္ဂိုလ်အချင်းချင်းတို့၏ ဆက်သွယ်ချက်များကို ထည့်သွင်း စဉ်းစားသည်။ ဤနေရာတွင် အာဏာနှင့်လုပ်ပိုင်ခွင့်တို့ကို ခွဲခြားနိုင်လိမ့်မည်။ ဤသည်ကား ဘာဘရာဂွတ် ဒင်၏ရေးသားချက်ဖြစ်၏။

တေလာ (Taylar) သည် အစိုးရမပါသောအဖွဲ့အစည်းများ (Stateless societies) များကို အထူး စိတ်ဝင်စားသူ ဖြစ်သည်။ သူ၏ကျမ်း Community, Anarchy and Liberty (1982) အဖွဲ့အစည်း၊ မင်းမဲ့ဝါဒ နှင့် လွတ်လပ်မှု) တွင် ရေးသားထားသည်မှာ အင်အားမသုံးသော လူ့အဖွဲ့အစည်းမျိုးသည် ဖြစ်နိုင်ချေရှိ သည်ဟု ဆိုသည်။ တစ်ဖန်လက်ဝဲ၀ါဒီ မက်ဖါစန် (Macpherson, 1911-87) ကမူ မိသားစုတိုင်းတွင် ကုန် ပစ္စည်းများထုတ်ရောင်းချရန်လည်းကောင်း၊ အလုံအလောက်ရှိသော လူ့အဖွဲ့အစည်းတွင် အင်အား မသုံး ဘဲ ပူးပေါင်းဆောင်ရွက်၍ နေနိုင်သည်။ ယင်းလူ့အဖွဲ့အစည်းသည် အာဏာမပါဝင်သော လုပ်ပိုင်ခွင့် ဖြစ်ရပ်တည်နေခြင်းဖြစ်သည်။ သို့သော် ဤအဖွဲ့အစည်းမျိုးသည် အရင်းရှင်များကြီးစိုးသော အဖွဲ့အစည်း မျိုးဖြစ်သည်ဟုကား(လ)မာ့(စ) (Kark Marx, 1818 – 83) ကဆိုသည်။ ကား(လ)မာ့(စ) အဆိုအရ ကုန်ထုတ်လုပ်သူများသည် သူတို့၏ ကိုယ်ကျိုးအတွက် ဦးစားပေးမှု၏ တွန်းအားကြောင့် ပြည်သူ့အကျိုးကို မဆောင်နိုင်ဟူ၏။

လူမှုရေးနယ်ပယ်တွင် မိဘနှင့်သားသမီး၊ ဆရာနှင့်တပည့်၊ ဆရာဝန်နှင့်လူနာတို့၏  ဆက်ဆံမှုတို့ သည် လုပ်ပိုင်ခွင့်ကို သာအလေးထားပြီး အာဏာမပါဝင်သောနယ်ပယ်များဖြစ်သည်ဟူ၍ လူမှုရေး ပညာရှင်များက ဆိုကြပြန်သည်။

ဤဆောင်းပါးတွင် အာဏာ၊ အင်အား၊ လုပ်ပိုင်ခွင့်ဟူသော ဝေါဟာရများ၏ အဓိပ္ပါယ်သတ်မှတ်ချက် များမှ စတင်ခဲ့ပြီ။ ဤသဘောတရားများနှင့်ပတ်သက်၍ နိုင်ငံရေးနှင့်လူမှုရေးပညာရှင်များဖြစ်ကြသော ရှုးစိုး၊ အေပြီကာတာ၊ ဘာဘရာဂွတ်ဒင်၊ တေလာ၊ မက်ဖါစန်၊ ကား(လ)မာ့(စ) တို့၏ အမြင်များကို ဖော်ပြထားပါ သည်။

ကျမ်းကိုး

John Hoffman and Paul Graham : Introduction to Political Theory (2006)

Carter, A : Authority and Democracy (1979)

Roussean : Social Contract (1760)

Taylar : Community, Authority and Liberty (1982)

Photo credit – http://shoplylive.s3.amazonaws.com/cache/90/24/90241005f2bf3392bfce4dec16e4a3eb.jpg


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
MoeMaKa English Site

Similar Posts