သရော်စာ

အီကြာအော် – “ဖွတ်ကလေး၊ အီကြာအော်နှင့် ဘကြီးပြောင် ညာတယ်”

အီကြာအော် – “ဖွတ်ကလေး၊ အီကြာအော်နှင့် ဘကြီးပြောင် ညာတယ်”
(မိုးမခ) ဧပြီ ၉၊ ၂၀၁၅

၂၀၁၅ ခုနှစ်ကုန်လျှင် ရွာလုံးကျွတ် ခက်သေးလွှတ်တော်ရွေးကောက်ပွဲကြီး ကျင်းပမည် ဆိုသော ကောကဟာလ သတင်းကြောင့် ခက်သေးတရွာလုံး ရွစိရွစိ ဖြစ်နေကြသည်။ ရွေးကောက်ပွဲဟုသာ ဆိုရသည်၊ အရင်တခေါက်တုန်းက ဘယ်သူကရွေးထားမှန်းမသိသော လူဂျီးများကို ဘယ်သူက ကောက်ပြီးတင်လိုက်သည်မသိ ဥုံဖွဆိုပြီး ရွာလူဂျီးများ ဖြစ်လာကြသည်တွင် ဘကြီးပြောင်တောင် ပါသည် မဟုတ်ပါလား။

ရွာလုံးကျွတ်နီးပါး ထောက်ခံမှုဖြင့် အတည်ပြုထားခဲ့သည် ဆိုသော ခက်သေးရွာ၏ ဖွဲ့စည်းပုံအခြေခံဥပဒေကလည်း အီကြာအော်တို့ ကြိုက်ကြိုက် မကြိုက်ကြိုက် ရိုက်စားပင်။ အတည်မပြုခင် ကတည်းက ရိုက်ထုတ်ထားပြီးသား စာအုပ်ကြီးစိမ်းစိမ်းကြီးက သူတို့ကို လှောင်ပြောင်နေသလို ခံစားကြရသည်။ ယောင်ပေပေ ခက်သေးရွာသားသန်းခြောက်ဆယ်ခန့် အနက်က မဲပေးသူအားလုံးနီးပါး ထောက်ခံထားခဲ့သည်ဟု လူဂျီးများက ဆိုခဲ့ကြလေသည်။ တလောက သန်းကောင်စာရင်း ကောက်တော့မှ ရွာသား ၁၀ သန်းခန့် ဘယ်ရောက်သွားမှန်းမသိ ဖြစ်ရပေသည်။

ခက်သေးရွာရွေးကောက်ပွဲတွင် ထောက်ခံမဲကို ဒိုင်ခံ၍မဲနှိပ်ရသဖြင့် ရပ်ကွက် လူဂျီးများကား လက်တောင် တော်တော်ညောင်းသွားခဲ့ကြသည်ဟု ဆိုလေသည်။ ဤသို့သော အမျိုးချစ်စိတ်အစစ်များဖြင့် အမှားကိုအမှန်ခြစ်ကာ ရွေးချယ်သော ရွေးကောက်ပွဲတွင်ကား လွန်ခဲ့သော ၁၀ က ကွယ်လွန်သွားခဲ့သူ အီကြာအော်၏ အဖိုးနှင့် အဖွားတောင် အနားမရခဲ့၊ သေရွာမှ ပြန်လာပြီး ထောက်ခံမဲများ ပေးကြသည်ဟု ရပ်ကွက်လူဂျီးများက ဆိုကြလေသည်။ ကျေးဇူးတင်စရာ ကောင်းပေစွ…..။ ခက်သေးရွာတွင် လွယ်သည်များကို ခက်အောင် လုပ်ထားသော်လည်း လူဂျီးများဆန္ဒရှိလျှင်ကား ဘာလုပ်လုပ် လွယ်ကူလှပေသည်။

အီကြာအော်က သူမရွေးခဲ့သည့် လွှတ်တော်အမတ် အရွေးခံရသည်မို့ ကြိတ်မနိုင် ခဲမရ ဖြစ်ခဲ့ရသည်။ ဒီတခါဆိုရင်တော့ ငါတို့မရွေးပဲ မဲရရင်တော့ အသိပဲဟု အီကြာအော်တယောက် ပုဆိုးခြုံထဲက လက်သီးပြရသည်မှာလည်း အမောပင်။

ဘပြောင်တယောက် ဒီတခါရွေးကောက်ပွဲတွင် မပါတော့ဘူးဟု ပြောထားခဲ့သော်လည်း အခုတော့ စိတ်ပြောင်းနေပြီလိုလို ကောလဟာလက ထွက်လာရပြန်ပေသည်။ ခွေးနှစ်ကောင် ရွာထိပ်တွင်ကိုက်ကြသည်ကိုပင် လောင်းလေ့ရှိသော အီကြာအော်တို့လို အလောင်းအစား ဝါသနာအိုး ခက်သေးရွာသားများအတွက် ဘကြီးပြောင် ရီတိုင်းယားသွားမည်၊ မသွားဘူး ဆိုသည်ကို လောင်းကြေးဖြင့် လောင်းစရာအထိ ဖြစ်လာရပေသည်။

“ဟေ့ကောင် ဖွတ်ကလေး……….၊ မင်း ဘယ်လို ထင်သလည်း……….၊ဘပြောင်က ရီတိုင်းယားမယ်ထင်သလား၊ ရီတိုင်းမယားဘူးထင်သလား…….။”

အီကြာအော်က သူ့ဆီ လာလည်သော တပည့်ကျော် ဖွတ်ကလေးကို ပညာစမ်းလိုသဖြင့် မေးလိုက်လေသည်။

“ဘပြောင်ကတော့ ရီတိုင်းမယားဘူး ထင်တာပဲ ဆရာအော်ရဲ့”

အီကြာအော်က သူ့အမြင်ကို ကန့်ကွက်သူမရှိပဲ ဖွတ်ကလေးက ထောက်ခံလိုက်သဖြင့် ခက်သေးရွာသားတို့၏ ထုံးစံအတိုင်း မိမိနှင့် သဘောတူပါက ပြုံးဖြီးဖြီးလုပ်လေ့ရှိသည့်အတိုင်း ပြုံးပြုံးကြီး ဖြစ်သွားလေသည်။

“မင်း………..တော်သားပဲကွ၊ ဒါမှ ငါ့တပည့်”
“ကဲ …ပြောစမ်းပါဦး….၊ ဘပြောင်က ရီတိုင်းမယားဘူးဆိုတာ……..၊ မင်းဘယ်လိုလုပ်ပြီးသိတာလည်း……….”

“ဟာ…..ဆရာအော်ကလည်းဗျာ……..၊ ဘပြောင်ကို အမ်အာတီဗွီဖိုးမှာ ခဏခဏ တွေ့တယ် မဟုတ်လား….”

“အေးလကွာ လတိုင်းလတိုင်း………..“မိဘရွာသူရွာသားညား ခံဗျား”…..ဆိုပြီး တို့အားလုံးကို လစဉ် ခံခိုင်းတာ ရိုးတောင် ရိုးနေပြီ……….၊ကြွက်နီတို့ ကလေးတသိုက်တောင် တီဗွီမှာဘပြောင်ပုံထွက်လာရင် သူမိန့်ခွန်း မခြွေခင်ကတည်းက “မိဘရွာသူရွာသားညား ခံညာ” ဆိုပြီး ကြိုအော်တတ်နေကြပြီလေ….”

“ဘပြောင်က မိန့်ခွန်းပြောလို့ ရီတိုင်း… ယားပုံမရဘူး ဆရာအော်…”

“ဘာကွ….”

“ဘပြောင်က မိန့်ခွန်းပြောရင် ရီရင်းနဲ့ ယားလို့ကုပ်နေတာ တခါမှ မတွေ့ရလို့…..ရီတိုင်း မယားဘူးလို့ ပြောနိုင်တာပေါ့….”

“သေလိုက်ပါတော့ ဖွတ်ကလေးရယ်….၊ ရီတိုင်းယားဆိုတာ အင်္ဂါလိပ် ဘာသာစကားအရ အလုပ်လုပ်တာကနေ အနားယူပြီး ပင်စင်ယူတာကို ပြောတာကွ….၊ ရီတိုင်းရီတိုင်း ယားတာ ပြောတာ မဟုတ်ဘူး….၊ မင်းတို့ လူငယ်တွေ အင်္ဂါလိပ်စာလေးဘာလေးလည်း လေ့လာပါဦးကွာ…၊ ဗဟုသုတကလည်း နည်းလိုက်တာ…၊ အရင်တခါ လူရည်ချွန်ကိစ္စတုန်းကလည်း မင်းက ဆရာမ “ရီတာကောင်း” ကို ရီတာပဲ ကောင်းသလိုလိုနဲ့….အံ့ပါရဲ့ကွာ၊ အေးလေ တို့ခက်သေးရွာရဲ့  ပြင်ညာရေးစံနစ်ကိုပဲ အပြစ်တင်ရတော့မှာပေါ့”

အီကြာအော်လည်း ဖွတ်ကလေးက သူ့ကိုထောက်ခံ၍ ပြောသည်မဟုတ်မှန်းသိကာ တော်တော်ပင် တင်းသွားတော့သည်။

“သိဘူးလေ ဆရာအော်ရဲ့ ….၊ရီတိုင်းယား ဆိုတော့….အထူးအဆန်းမှတ်ပြီး ပြောတာပါ….၊ ဘပြောင်တို့လို ရွာလူဂျီးတွေကတော့ ဆရာအော်ပြောသလို ရီတိုင်းကတော့ မယားတာ သေချာတယ်…၊ ဘယ်ရွာလူဂျီးမှ သေတဲ့အထိ ရီတိုင်းယားဖို့ မမြင်ပါဘူးဗျာ…..”

“အဲဒါကြောင့် ငါတို့အမေပုက ဘကြီးပြောင် ညာတယ် ပြောတာပေါ့ကွ…”

ခက်သေးလွှတ်တော်ရောက် ရွာသူဂျီးအမေပုက ဘကြီးပြောင်တယောက် မျက်နှာပြောင်ပြောင်နှင့် အခုတမျိုး တော်ကြာတမျိုး ပြောလေ့ရှိသည်ကို ကြည့်မရတော့ပေ။ မကြာမီကပင် ရွာပေါင်းစုံမှ မီဒီယာများက ဗျူးသောအခါတွင် “ဘကြီးပြောင် ညာတယ်”ဟု အတိအလင်း ပြောခဲ့သည် မဟုတ်ပါလား။

“ရှင်တို့ ဆရာတပည့်နှစ်ယောက် ဘာတွေ ဖွနေကြတာလည်း”

မီးဖိုချောင်ထဲမှ ရုတ်တရက် ထွက်လာသော ဒေါ်အွန်မေး၏ မေးခွန်းကြောင့် ရီတိုင်းယားဒီဘိတ်လုပ်နေကြသော အီကြာအော်နှင့် ဖွတ်ကလေးတို့ ဒီဘိတ်ကို မြန်မြန် ဘရိတ်အုပ်လိုက်ကြရသည်။ ဒေါ်အွန်မေးကား အမေးအမြန်းထူသောကြောင့် ခက်သေးရွာသားတို့အကြိုက် ကိုရီးယားမင်းသမီးအွန်စောကိုမှီး၍ အွန်မေးဟု အမည်တွင်ရသည် မဟုတ်ပါလား။

“ဘာမှ မဟုတ်ပါဘူးကွာ…ဘကြီးပြောင် ရီတိုင်းယားမယား ဆွေးနွေးနေကြတာပါကွ…”

“ရှင်တို့ ဆရာတပည့်ကလည်း အရည်မရ အဖတ်မရတွေပဲ ပြောနေတာ…၊ဖွဘုတ်လုပ်တဲ့သူတွေလိုပဲ….၊အလုပ်မရှိ ကြောင်ရေချိုးသလိုများ လုပ်နေကြတယ်၊ ကျုပ်တို့ ခက်သေးရွာက ရွာလူဂျီးအဆက်ဆက် ဘယ်ရွာလူဂျီးကများ အရှင်ထွက်ဖူးလို့လည်း…၊ကျုပ်တို့တသက် အနှစ် ငါးဆယ်တောင် ကျော်လာခဲ့ပြီလေ ကိုအော်ရဲ့..”

အီကြာအော်လည်း ဒေါ်အွန်မေး ပြောသည်မှာကား ဟုတ်နေသဖြင့် ငြိမ်ကုတ်နေရလေတော့သည်။ “အွန်အွန်တို့ကတော့ လုပ်ချလိုက်ပြန်ပြီ”ဟု စိတ်ထဲမှသာ မန့် လိုက်ရသည်။

ထိုစဉ်အခါတွင် ရွာလယ်မှ ကြွက်နီတို့ ခလေးတသိုက် အမှိုက်ပုံမှ ကောက်လာသော ပလပ်စတစ်မိုက်ကိုကိုင်၍ လွှတ်တော်လုပ်တမ်းကစားနေသည့်အသံက ထွက်လာသည်။

ကြွက်နီတယောက်  ကလေးအုပ်၏ ရှေ့ဆုံးမှနေ၍ အားရပါးရ မိုက်ကိုခဲကာ အော်နေသည်။

“မိဘရွာသူရွာသားညား ခံညာ
မိဘရွာသူရွာသားညား ခံညာ
မိဘရွာသူရွာသားညား ခံညာ……”

ကြွက်နီနောက်မှ ပုဆိုးခွင်းလုံးသိုင်း၍ လိုက်ပါလာကြသော ကလေးများက ကြွက်နီကို လက်ညှိုးထိုး၍ ဝိုင်းအော်နေကြလေသည်။

“ဘကြီးပြောင် ညာတယ်
“ဘကြီးပြောင် ညာတယ်
ဘကြီးပြောင် ညာတယ်”။    ။

သဗ္ဗေသတ္တာ ကမ္မသကာ
အီကြာအော်

 


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts