ဗိုလ်ထက်မင်း ဝေဖန်ရေးရာ

ဗိုလ်ထက်မင်း – ငြိမ်းချမ်းရေးမြတ်နိုးရင် တပ်မတော်သားများကို ဘာကြောင့် အဓမ္မ စစ်တိုက်ခိုင်းနေရတာလဲ? – ၎


ဗိုလ်ထက်မင်း – ငြိမ်းချမ်းရေးမြတ်နိုးရင် တပ်မတော်သားများကို ဘာကြောင့် အဓမ္မ စစ်တိုက်ခိုင်းနေရတာလဲ? – ၎
(မိုးမခ) ဧပြီ ၈၊ ၂၀၁၅

၁။    တပ်မတော်(ကြည်း) ဗိုလ်သင်တန်းကျောင်း (ဗထူး) ဗသကရဲ့ ရည်ရွယ်ချက်ထဲက တခုဖြစ်တဲ့ အရည်အချင်း ပြည့်ဝသော အရာရှိများ ဖြစ်ပေါ်လာစေရန်နဲ့ခြေလျင်တပ်မတပ်စုကို ပိုင်နိုင်စွာ ကွပ်ကဲပြီး စစ်မြေပြင်တွင် တိုက်ပွဲဝင်စေရန်ဟု ဆိုပြီးပါရှိလေရာ သာမန်လူများအဖို့ ရုတ်တရက်ကြည့်ပါက ကောင်းမွန်သလို ထင်ရပေမဲ့ တကယ်တမ်း အတွင်းသိသူများကတော့ DSA နဲ့နှိုင်းယှဉ်ပြီး ဗသကကို အဆင့်နိမ့်ထားတာလို့သိရပါတယ်။ ဒုဗိုလ်ချုပ်မှူကြီးမောင်အေး ဗသက ကျောင်းကို လာစစ်ခဲ့စဉ်က ကျောင်းအုပ်ကြီးက ကျောင်း ရည်ရွယ်ချက်ဖြစ်တဲ့ ‘နောင်တခေတ်ရဲ့ ခေါင်းဆောင်ဆိုပြီး’ တင်ပြရာ ‘နောင်တခေတ်ရဲ့စစ်ခေါင်းဆောင်ဆိုကာ’ ပြင်ခိုင်းခဲ့ပါတယ်။

ယခုလည်း ခြေလျင်တပ်မတပ်စုကို ပိုင်နိုင်စွာကွပ်ကဲဖို့ ဆိုထားရာ တကယ်တမ်းသင်တန်းတွေမှာ ပို့ချတဲ့ standard  စံထားမှူအရ အနည်းဆုံးတဆင့်မြှင့်ရာထူး ကိုင်နိုင်ဖို့ညွှန်ကြားထားရာ ခြေလျင်တပ်ခွဲကို ပိုင်နိုင်စွာ ကွပ်ကဲဖို့ဖြစ်သင့်ပါတယ်။ ကျောင်ဆင်းစ ဒုဗိုလ်များဟာ ခြေလျင်တပ်ရင်းသို့ ရောက်သည်နှင့် တပ်စုမှူး မလုပ်ရတော့ဘဲ တပ်ခွဲမှူးတာဝန် တဆင့်မြှင့် တက်ကိုင်ရလို့ဂယောင်ချောက်ချား ဖြစ်သူတွေ ရှိနေတယ်လို့ သိရပါတယ်။ DSA အားလုံးကို မဆိုလိုသော်လည်း တချို့မှာ ကျောင်းတော်ကြီးစိတ် (ဗသက စစ်ဗိုလ်များက သူတို့ကို ဒေါ်စိန်အေးလို့ နာမည်ပြောင်ပေးထား) မွေးထားပြီး စစ်ရုံးလိုနေရာမျိုးမှာ ဂျူနီယာညီငယ်နဲ့တပည့်ဖြစ်သူ DSA တွေကို ရွေးခေါ်ခဲ့ရာ ဒေါ်စိန်အေးများသာ လွှမ်းမိုးနေကာ စီနီယာ အနေထားမျိုးနဲ့ဦးကျိုး နေတာမို့ လာက်ကိုင် တိုက်ပွဲစဉ်တွေလိုမျိုးမှာ ပစ်ကူ စစ်ကူ စီမံချက်သစ်တွေ၊ စစ်မြေပြင်တပ်တွေရဲ့အခက်အခဲအား ဖြေရှင်း ပေးရမည့် အုပ်ချုပ်မှုတို့ကို မတင်ပြရဲကြတော့ဘဲ အဓမ္မ သာတိုက်ခိုင်းနေတာကြောင့် ကျဆုံးဒဏ်ရာရ သူများနေတယ်လို့သုံးသပ်ပါတယ်။

၂။    ကာယကံရှင်များရဲ့လုံခြုံရေးအရ အမည်နဲ့တပ်နံပါတ်များကို ဖေါ်ပြခြင်း မပြုတော့ဘဲ ဖြစ်စဉ်တခု တင်ပြလိုရာမှာ DSA ကျောင်းဆင်း တပ်မမှူးတစ်ဦးကို ဗိုလ်သင်တန်းကျောင်းဆင်း တပ်ရင်းမှူးတဦးက တော်ရုံသူများမလုပ်ရဲ့တဲံ့ တင်ပြချက်အား ရဲ့ဝံ့စွာ လုပ်ဆောင်လိုက်မှူကြောင့် တပ်မမှူးကိုယ်တိုင်က DSA စိတ်၊မာနမရှိဘဲ တပ်ရင်းမှူးအား လက်ခံစောင့်ရှောက် ပေးလိုက်တဲ့အကျိုးရလဒ် ရရှိသွားပုံကို တင်ပြသွားပါ့မယ်။

၃။    တပ်မမှူး ကိုယ်တိုင် လာစစ်မည့် သတင်းရထားလို့တပ်ရင်း တရင်းလုံး ရှေ့တန်းထွက်တန်းစီ စစ်ဆေးခံဖို့ အုတ်သြသောင်းနင်း ပျာယာခပ်နေကြပါတယ်။ လုပ်ထုံးလုပ်နည်းအရ ရှေ့တန်းစစ်ထွက်အင်အားကို တပ်မဌာနချုပ် ထံ ကြိုတင်စာရင်း တင်ပြကြရပြီး တပ်မမှ နည်းဗျူဟာမှူး တဦးဦး၊ ဒုတပ်မမှူး ၊တပ်မမှူး တဦးဦးက လာရောက် စစ်ဆေးရပါတယ်။ တပ်ရင်းမှူး ရုံးခန်းမှာ တပ်ရင်းမှူး၊ စစ်ကြောင်း(၂)မှူး၊ တပ်ရေးဗိုလ်ကြီး၊ တပ်ရင်းအရာခံဗိုလ်  တို့ဟာ ခေါင်းချင်းဆိုင်လျက်ရှိကာ အောက်ပါအတိုင်း ပြောဆိုကြပါတယ်-

တပ်ရေးဗိုလ်ကြီး – “ အဘ၊ ကျွန်တော်တို့ တပ်မကို တင်ထားတဲ့စာရင်းအရ စစ်ထွက်အင်အား စုစုပေါင်း ၁၂၀နဲ့တင်ထားတယ်။ တင်ပြီးပြီးချင်းမှာပဲ စစ်သည် ၃ဦးမြို့ထဲကို ခဏဆိုပြီး ပြန်မလာတော့ဘူး။ သူ့တပ်ခွဲက ခွင့်မဲ့ပျက်ကွက် ဆိုပြီးတင်လာတယ်။ နောက်သင်တန်းတက်ဖို့ ထပ်ဖယ်ရာမှာက ၁၂ ဦး ဖြစ်တယ်။ အားကစားအတွက် တိုင်းကို စေလွှတ်ဖို့  ၅ဦး ပြောလာတယ်။ တပ်နယ်က တွဲဘက်တာဝန် ၁ ဦးဆိုရင် စုစုပေါင်း ၉၉ဦး ပဲ ကျန်တော့တယ်။”

တပ်ရင်းမှူး  “ ဟ … ဒါဆိုရင် ၁၀၀ တောင် မပြည့်တော့ပါလား။ ယခုဝင်ရမဲ့ စစ်ဆင်ရေးဧရိယာက မိုင်းပေါတဲ့အပြင် ရန်သူတပ် တွေလည်းများတယ်လေ။ ရှေ့တန်းစခန်း စုပုံရိက္ခာ လည်းလုပ်ရအုံးမယ်ဆိုတော့ ကွိုင်ဘဲ။  ဒီတော့ကွာ။ မြေပြင်အမှန်တိုင်း တင်ပြကြည့်လိုက်မယ်“

စစ်ကြောင်းမှူး – “ အကိုကြီးရေ၊မလုပ်ပါနဲ့။ တော်ကြာ တဆင့်မြှင့်ရာထူးတိုး သင်တန်း မတက်လိုက်ရပဲ နေအုံးမယ်။ တပ်ရေးဗိုလ်ကြီး -မောင်ရင် တခုတော့ လုပ်ကြည့်ကွာ၊ တပ်မမှူး စစ်ဆေးခံတဲ့ အချိန် သင်တန်းတက်မဲံ့ သူတွေထဲက လောလောဆယ် မသွားသေးမဲ့သူတွေ။ အားကစား သွားမဲံ့သူတွေကို တိုင်းက မင်းသူငယ်ချင်းတွေနဲ့ညှိပြီး မလွှတ်သေးဘဲ ခဏတန်းစီ ဝင်ခိုင်းလို့ မရဘူးလား။”

တပ်ရင်းမှူး – ” ဟူး …  နေပါစေတော့ကွာ၊ ငါ့လက်အောက်က အရာရှိရဲဘော်တွေကို ဖိအားပေး အတင်း မလုပ်ခိုင်းပါနဲ့တော့၊ အင်အားနည်းတာကို လူကြီးသိသွားလို့် သက်ညှာစွာ စဉ်းစားပေးရင် အမြတ်ပေါ့၊ ဒါကိုမှ လက်မခံရင် ကုသိုလ်ကံပေါ့၊ ငါသင်တန်း နောက်ကျရင်လည်း မတတ်နိုင်ဘူး။ အရဲ့စွန့်ပြီး တင်ပြကြည့်ရမှာဘဲ။  ကံကံဧ။်အကျိုး ယုံပြီး မေတ္တာဘဲပို့နေတော့မယ်၊ တပ်ရေးဗိုလ်ကြီး တပ်မကို ပေးထားတုံးက စာရင်းထက် လျှော့သွားရတဲ့ အကြောင်းရင်း စာရွက်စာတမ်း အထောက်အထားပြင်ထားကွ။ ထွက်ပြေးသွားတဲ့ စစ်သည်၃ဦး ကိစ္စ

ကတော့ ရှေ့တန်းထွက်ခါနီး ဆိုတော့ သိက္ခာကျမယ်၊ ငါတို့ရှေ့တန်း ရောက်ကြမှ ခွင့်မဲ့စာရင်းတင်ကွာ။ အဲဒီ အတွက် မင်္ဂလာဒုံမှာ ရဲဘော်သစ်ကို ပေါက်ဈေးအတိုင်း ဝယ်ယူဖြည့်တင်း ဖို့စီစဉ်ပါ။”

ဒီလိုနဲ့တပ်မမှူးကြီး လာရောက်လေရာ တပ်ရင်းမှူးက တန်းစီပြီး တန်းအပ်ပါတော့တယ်။

တပ်ရင်မှူး – “ အမှတ်(  )ခြေမြန်တပ်ရင်း၊ ရှိရင်း( )၊ တန်းစီ( ၉၉)၊ ပျက်ကွက်( )၊ ပျက်ကွက်()မှာ သင်တန်း(၁၂)၊ အားကစား(၅)၊ တွဲဘက်တာဝန်(၁)၊ နောက်ချန်အင်အား( )။ တပ်မမှူး သြဝါဒနာခံရန် အသင့် …”

တပ်မမှူး “ ဟေ … ဘယ်လို၊ ဘယ်လို။ ကိုယ့်ဆီ စာရင်းတင်ထားတာ ၁၂၀ မဟုတ်လား။ မှားပြီး ပြောလိုက်တာလား၊”

တပ်ရင်းမှူး“ အဘ … မမှားပါဘူး။ ဒါ လက်ရှိ နောက်ဆုံးအခြေအနေပါ။ မယုံရင်အိမ်ထောင်သည်လိုင်းခန်းထဲ လိုက်ကြည့်လို့ရပါတယ်။”

တပ်မမှူးက ခေါင်းကို ဖြေညှင်းစွာယမ်းကာ တပ်ရင်းကို သက်သာပေးခိုင်းလိုက်ပြီး စင်မြှင့်ပေါ်ကဆင်းလာပါတယ်။ ဒီနောက် တပ်ရင်းမှူး၊စစ်ကြောင်းမှူး၊ တပ်ရေးဗိုလ်ကြီးတို့ကို ခေါ်ပြီး မဏ္ဏုတ်မှာ စာရင်းဇယားများနဲ့ စစ်ပါတော့တယ်။ တပ်ရင်းမှူးက စာရင်းလျှော့နဲ့ ရတဲ့ဖြစ်စဉ်ကို ရဲရဲတင်းတင်း အချက်အလက်ပြည့်စုံ့စွာ တင်ပြနိုင်တဲံ့အပြင် တပ်မမှူးကို စာရင်းနဲ့ကွဲလွဲ သွားတဲံ့အတွက် သူ့မှာ တာဝန်ရှိတယ်လို့ ပြောလိုက်ရာ တပ်မမှူးက  လက်ကာလိုက်ပြီး အောက်ပါအတိုင်း ညွှန်ကြားပါတယ်။

“မင်းမှာ အပြစ်မရှိပါဘူး၊ ငါက ဒါမျိုးမှ သဘောကျတယ်။ တချို့တပ်ရင်းမှူးတွေက လိမ်ညာပြီး စာရင်းအတိုင်းတင်လို့ ငါတို့ကသူတို့အင်အားရှိတယ် ထင်ပြီး ခိုင်းနေတော့ မဖြစ်သင့်တာ ဖြစ်ကုန်တာပေါ့၊ ဒီတော့ကာ မင်းတို့တပ်ရင်း မူလသတ်မှတ်ထားတဲ့စစ်ဆင်ရေးဂွင်က ကြမ်းလို့မဝင်နဲ့တော့၊ အနီကြောင်း (ကားလမ်းမ) ထိန်းဖို့နဲ့စခန်းထိုင် တာဝန်ယူကွာ၊ သင်တန်းကိုလည်း မလွှတ်နဲ့တော့၊ နောက်တန်းပြန်နားမဲ့ တပ်ရင်းဆီက လူချိန်းဖို့ တပ်မကို ပြန်ရောက်ရင်ပြောလိုက်မယ်။ တပ်နယ်ကိုပေးဖို့ တွဲဘက်တာဝန် မလိုဘူး။ ငါအခုဘဲ ဝင်ပြောလိုက်မယ်။”

၎။         တပ်ရင်းမှူးရဲ့တက်လမ်းကို အနစ်နာခံပြီး စွန့်စားစွာ တင်ပြလိုက်မှူကြောင့် မူလကဆိုးဝါးကြမ်းတမ်းတဲံ့ စစ်ဆင်ရေးဧရိယာမှ သက်သာကောင်းမွန်တဲ့ စစ်ဆင်ရေးဧရိယာကိုတောင် ပြောင်းလိုက်ရတဲ့အတွက် တပ်မိသားစုရဲမေတွေရဲ့ကျေးဇူးတင်ဝမ်းသာတဲ့ အကြည့်တွေကို သူ့မျက်လုံးထဲက ယခုထိ မထွက်သေးကြောင်း၊ တပ်ရင်းမှူးတဦးက သူရဲ့ဖြစ်စဉ်အား စာရေးသူကို ဝမ်းသာအားရ ပြောသွားပါတော့တယ်။

၅။     တပ်မတော်မှာ ထုံးစံလိုဖြစ်နေတဲ့ အထက်အရာရှိကို လက်အောက်က အခက်အခဲရှိလို့ တင်ပြရင် ဆင်ခြေပေးတယ် … ဒီကောင် Complain သိပ်တက်တယ်၊ ပိုဆိုးလာရင်ဒီကောင် ‘Anti’ လို့ စွပ်စွဲလိုက်ပါသေးတယ်။  ရေဗူးပေါက်တာ မလိုချင်ဘူး၊ ရေပါတာဘဲ လိုချင်တယ်ဆိုတဲ့ ပေးတာယူ၊ ခိုင်းတာလုပ်၊ ပြန်မပြောနဲ့ အစဉ်အလာဖြင့် တပ်မတော်ကြီးအတွင်း တသွေး၊တသံ၊ တမိန့် ဆိုတာကို ဥပယ်တမျဉ် အသုံးချပြီး အထက်အရာရှိများ ဗိုလ်ချုပ်များက အဓမ္မ စစ်တိုက်ခိုင်းနေအုံးမှာဖြစ်တယ်။ ဆိုလိုတာက လောက်ကိုင်ဒေသတောင်ကုန်း

တွေမှာ ရန်သူရှိနေတာကို သိနေတာရယ်၊ ကျောက်တောင်ဖြစ်နေလို့ တက်တိုက်ရင် သေကုန်မှာကို သိသိကြီးနဲ့ အထက်ပါ တသွေး၊ တသံ၊ တမိန့်ဖြင့် အဓမ္မ တိုက်ခိုင်းတာတော့ မဖြစ်သင့်ပါ။  တပ်ရင်းမှူးတွေရဲ့လိုလားတဲ့ စီမံချက်တွေရှိရင် တင်ပြခိုင်းဘို့လိုသလို လေကြောင်း၊အမြောက် ပစ်ကူစီမံချက်၊ အကာအကွယ်ရှိစေမဲ့ သံချပ်ကာယာဉ်လိုမျိုး၊ လူလက်နက်အင်အား ပံ့ပိုးပြီးမှသာ ဆက်တိုက်ဖို့က တပ်ရင်းမှူးတွေရဲ့တာဝန်ဆိုတာကို ညှိနှိုင်းဆောင်ရွက်သင့်ပါတယ်။ ဒါကြောင့် အထက်ပါတပ်မမှူးနဲ့တပ်ရင်းမှူးတို့ အပြန်အလှန်နားလည်ခွင့်လွှတ်တဲ့ ဖြစ်စဉ်ကို လေ့လာပြီး အထက်အရာရှိကြီးများအနေနဲ့လက်ခံ ပြုပြင်ပေးဘို့တိုက်တွန်းလိုပါတယ်။

လာမည့်အပိုင်းမှာတော့ ငြိမ်းချမ်းရေး လိုလားတယ်ဆိုပြီး တကယ်တမ်းကျတော့ ငြိမ်းချမ်းရေးအား အရောင်ဆိုးမဲ့ စကားလုံးတွေကို ဘယ်သူကပြောနေတာလဲ ဆိုတာ တင်ပြသွားပါမယ်။

Photo Credit – http://wakhama.blogspot.com/2015/02/blog-post_17.html


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts