ကဗျာ

ဇင်လင်း – ဗိုလ်အောင်ကျော်ရဲ့ အခန်းဆက်တိုက်ပွဲ

 

ဇင်လင်း – ဗိုလ်အောင်ကျော်ရဲ့ အခန်းဆက်တိုက်ပွဲ

(မတ်လ ၂၀၁၅၊ လက်ပံတန်းကျောင်းသား အရေးတော်ပုံသို့)

(မိုးမခ) ဧပြီ ၁၊ ၂၀၁၅

 

• လေအဟုန်ထဲမှာ

လင်းယုန်အုပ်ကြီးလို

လက်သီးဆုပ်များစွာ ပျံဝဲနေတယ်…..။

 

• အံ့ဖွယ်ဘနန်း…လူထုပရိသတ် ရံဝန်း

ကျောင်းစာသင်္ခန်းထဲက

နိုင်ငံတော်ရဲ့ အနာဂတ်ကြယ်စင်တွေ..

အာဏာရှင်ကို အန်တု…

လမ်းမတွေပေါ် ရုံးစုခဲ့ပေါ့…

သမိုင်းအသစ်တခု ထုဆစ်နေကြပြီလေ။

 

• လင်းယုန်အုပ်ရဲ့ ကြွေးကြော်သံ

ဗိုလ်အောင်ကျော်ထံ…တိုင်တည်နေသလိုပဲ…

အမှန်တရားအတွက်…အခန်းဆက်တိုက်ပွဲ…

လွတ်လပ်မှုအတွက်…အခန်းဆက်တိုက်ပွဲ…

ဥာဏ်ပညာသစ်အရေးတော်ပုံအတွက်…အခန်းဆက်တိုက်ပွဲ…

ဗိုလ်အောင်ကျော်ရဲ့…အခန်းဆက်တိုက်ပွဲကို…

လင်းယုန်ပျိုတွေ…လက်ဆင့်ကမ်း သယ်ဆောင်နေကြပေါ့…။

 

• သံတိုင်နဲ့ လက်ထိပ်…ပုလိပ်နဲ့ လုံထိန်း…

ဘယ်လိုပင် ခြိမ်းခြောက်သော်လည်း…

မကြောက်မရွံ့….ထိုးဖေါက်…ဗကသ အလံတော်အောက်မှာ…

သွေးသောက်ရဲဘော်တသင်း…သံမဏိစိတ်ဓါတ်ချင်းချိတ်ဆက်…

ယုံကြည်ချက် အလင်းရောင်ဆီ …သစ္စာမပျက် ချီတက်နေကြပြီလေ။

 

• ဗိုလ်အောင်ကျော် ရင်းခဲ့တဲ့သွေး….

နယ်ချဲ့ကိုလိုနီစနစ်ကို ဆွေးမြေ့ယိုင်လဲစေခဲ့တယ်…

ဒီ ကနေ့ ကျောင်းသားထုရဲ့သွေးဟာလည်း….

စစ်အာဏာရှင်စနစ် ယန္တရားကို…မသွေမုချ…ကျိုးကျစေလိမ့်မယ်…

ရွှေရေစိမ် ဒီမိုကရေစီအတုကို မသွေမုချ ကျိုးပဲ့ကြေမွစေလိမ့်မယ်…။

 

• ဗိုလ်အောင်ကျော်…ရဲဘော်ရဲ့…သွေးအစက်စက်ဟာ..

မျိုးဆက်အသစ်..အသစ်တို့ကို…လမ်းပြနေဆဲ….

ဘယ်မှာ အချည်းအနှီးဖြစ်ပါ့မလဲ….

အာဏာရှင်အဆက်ဆက်ကတော့..ရဲဘော်ရဲ့ဂုဏ်…ဗကသရဲ့ဂုဏ်ကို..

ဖေါ်ကျူးးဖို့ ဝေးစွ…တစ္ဆေခြောက် ခံရသလို..ကြောက်နေတာပ။

 

• ဗိုလ်အောင်ကျော်….ရဲဘော်ကို ကိုယ်စားပြု…ကျောင်းသားလူငယ်ထုရဲ့…

လက်သီးဆုပ်များစွာ … မိုးယံမှာ … ပျံဝဲနေတယ်…

ဗိုလ်အောင်ကျော်…. လူထုဟာ ကျောင်းသားထုနဲ့ တသားတည်း ရှိနေတယ်…

ဗိုလ်အောင်ကျော်…. လူထုဟာ ရဲဘော်ကို သတိရနေဆဲရှိတယ်…

လူထုဟာ…ကိုလိုနီခေတ် အတွင်းဝန်ရုံးတိုက်ပွဲကို သတိရနေဆဲရှိတယ်…။

 

• ဗိုလ်အောင်ကျော်…

ဒီကနေ့ လူထုဟာ ကျောင်းသားထုဘက်မှာ…မားမားမတ်မတ်ရပ်နေဆဲပါပဲ။

ဒီကနေ့လူထုဟာ လက်ပံတန်းသပိတ် ဘက်မှာ … မားမားမတ်မတ်ရပ်နေဆဲပါပဲ။

တရားမျှတတဲ့ အရေးပုံမှန်သမျှ…လူထုက ထောက်ခံကြစမြဲ ဖြစ်တယ်။

တရားမျှတတဲ့ အရေးပုံမှန်သမျှ သမိုင်းက ကမ္ဗည်းတင်စမြဲ ဖြစ်တယ်။

 

• ဗိုလ်အောင်ကျော်… ရဲဘော်ကို ဂုဏ်ပြု…

ကျောင်းသားထုဟာ ခေတ်အဆက်ဆက် တရားမျှတမှုဘက်မှာ သင်နဲ့အတူရှိနေတယ်။

 

 

ဇင်လင်း

မတ်လ ၂၀၁၅။

 

(ဓာတ်ပုံ -ထွန်းဝင်းငြိမ်း ။  ဗိုလ်အောင်ကျော် (၁၉၁၅ ဒီဇင်ဘာ – ၁၉၃၈ ဒီဇင်ဘာ))


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts