Uncategorized

Chro Jay (မာဂျေ)

ခရိုဂျေ

မာဂျေ၊ အောက်တိုဘာ ၂၆၊ ၂၀၁၃ 

(မြန်မာတိုင်းမ်စ်ကနေ ကူးယူဖော်ပြသည်)

“ရော့ တပည့်မောင်ကြွက်နီ၊ မင်းဆရာ ကလောင်အမည်ကို အရင် မာဂျေကနေ အခု ခရိုဂျေလို့ ပြောင်းလိုက်ပြီ။ ဒီမှာ ကတ်ယူထားဦး” ဆိုပြီး ပေးလိုက်ရင်ပဲ 
သင်းက-
 “အလိုလေးဗျာ၊ခေတ်ပျက်မှာ အာဏာရှိသူတွေနဲ့ပေါင်းပြီး ချမ်းသာလာတဲ့ သူဌေးတွေကို ခရိုနီလို့ ခေါ်ကြ တယ်။အဲဒီလိုပဲ ဂျာနယ်လစ်တချို့ ၀န်ကြီး၊ ၀န်ကလေးတွေနဲ့ ပေါင်းပြီး တိုက်ခန်းတွေ အစိုးရဈေးနဲ့ရ၊ကားတွေ ၀ယ်ခွင့်ရတာကို ခရိုဂျာလို့ခေါ်ကြတယ်။ ခင်ဗျားကြီးက အဆန်းပါလား၊ခရိုဂျေဆိုပြီးဘာလဲ ခင်ဗျားကြီးက အဲဒီ လို အခွင့်အရေးတွေမရလို့ အဲဒီခရိုနီတွေ၊ ခရိုဂျာတွေကို မနာလို ၀န်တိုစိတ် နဲ့ ဂျေတွေဝင်ပြီး ခရိုဂျေလို့ ပြောင်းလိုက် တာလား” တဲ့။

“ဟာ ဟာ ဟ မင်းဒီလိုမှတွေးပါ့မလား လို့။ မင်းစကားက ခရိုနီကို မှီခိုကပ်ပါး လုပ်နေတဲ့ နောက်ဆွဲတစ်ယောက် ပြောသလို ဖြစ်နေပြီ။ခရိုနီ၊ ခရိုနီနဲ့ ရေးနေကြတာတွေက သူများခိုးတာ မနာလိုလို့၊
ကိုယ်က ခိုးခွင့်မရလို့ စာနယ်ဇင်း သမားတွေက လျှောက်ရေးနေတယ် ဆိုတဲ့ လေသံပဲ”

“ကြားရတာ မသတီလိုက်တာဗျာ။ ဒါပေသည့် သတိထားဦးနော်၊ ခရိုနီတွေ ကို အပြုတ်တိုက်မယ်ဆိုတဲ့  ဂျာနယ်တစ်စောင်တော့ ဖိအားတွေဝိုင်းပေးလိုက်တာ ရပ်သွားပြီ”

“မင်းက အဲဒီလိုထင်တာကိုး။ အဲဒီလို ရပ်ဖို့ ခရိုနီတွေ သိန်းပေါင်း ဘယ်လောက်ပေးလိုက်ရတယ် ဆိုတာ မင်းသိလိုက်လား။ ခရိုနီတွေဆီက ငွေညှစ် နေကြတာ အခုမှ မဟုတ်ဘူး။ တချို့က ရေးပြီး ငွေညှစ်တယ်။ တချို့က ကျွန်တော်မရေးဘဲ လက်ရှောင်နေမယ် လို့ပြောပြီး ငွေညှစ်တယ်။ တချို့ နယ် တွေမှာ ဂျာနယ်လစ်တွေကို  အာဏာပိုင်တွေနဲ့ တန်းတူ လိုင်းကြေးပေးနေရတာ မင်းသိလား။  ခါတော်မီ ဂျာနယ်လစ်တွေက အဆိုးဆုံး”

“ဗျာ…အဲလိုကြီးလား”

“အဲလိုကြီးပဲ မောင်ကြွက်နီ။ ငါလည်း ခရိုနီတွေကို ရေးတာပဲ။ ဒါပေသည့် ငါက သရော်စာလို၊ ရိတိတိ စောင်း တောင်းတောင်း ရေးတော့ ငါ့စာဖတ်ပြီး ခရိုနီတွေကြားမှာ အပျင်းပြေစရာ၊ သူတို့ချင်း နောက်စရာလို ဖြစ်သွား တယ်။ အမှန်က နင်ပဲငဆ ဟုတ်ဟုတ် မဟုတ်ဟုတ် ဆဲရမှာကွ။ ငါမှားသွား တယ်။ မီဒီယာလောကမှာ အစိုးရ တာဝန်ရှိ ၀န်ကြီး၊ ၀န်ကလေးတွေ နဲ့တွေ့ရင် ကြမ်းပေါ်မှာ ဒူးထောက်ထိုင်၊ အဘွအဘွနဲ့ ခေါ်ပြီး ဟိုဟာတောင်း၊ ဒီဟာတောင်း တဲ့ သူတောင်းစားဂိုဏ်း က တစ်ဂိုဏ်း၊ ရေးလိုက်ရမလား၊ ရေးနေပြီနော်၊ နာမည်ပျက်သွားမယ် နော်ဆိုပြီး မြိုးမြိုးမြက်မြက်ရအောင် ငွေညှစ် တဲ့ ပြန်ပေးဂိုဏ်းက တစ်ဂိုဏ်း၊ နိုင်ငံရေး အရ၊ လူမျိုးရေးအရ၊ ဘာသာရေးအရ ဟုတ်ဟုတ် မဟုတ်ဟုတ် ငါနဲ့မတူ ငါ့ ရန်သူဆိုပြီး ဆော်ထည့် လိုက်မယ်ဆို တဲ့ လူမိုက်ကြီးဂိုဏ်းက တစ်ဂိုဏ်း၊ နိုင်ငံခြားက အထောက်အပံ့ယူပြီး ဇိမ် ကျနေတဲ့
ပြည်တော်သာဂိုဏ်းက တစ်ဂိုဏ်း၊ မိဘတွေ မဟုတ်တာလုပ်ခဲ့ တာတွေ ပေါ်မှာစိုးလို့ ဂျာနယ် လောက ထဲဝင်ပြီး အကာအကွယ် ပေးနေတဲ့ မိဘဂုဏ်ရည်ဂိုဏ်းက တစ်ဂိုဏ်း၊ ငါတို့ လို တွေ့ တာ သိတာကို ဘယ်လောက် ခင်ခင် ဘယ်သူ့မျက်နှာမှ မထောက်ဘဲ ရေးတဲ့ အော့ကြောလန် ဂိုဏ်းက တစ် ဂိုဏ်း ရှိတယ်။ အဲဒီဂိုဏ်းထဲမှာ ငါတို့ ဂိုဏ်းက အဆင်းရဲဆုံး၊ အမွဲတေဆုံး” 

“ဒါပေသည့် ပြည်သူလူထုကတော့ ခင်ဗျားတို့ကို ဖွင့်မပြောသည့်တိုင်အောင် စိတ်ထဲကကျိတ်ပြီး ချီးကျူးနေ ကြမှာလေ”

“အေး ငါလည်းမင်းတွေးသလို အဲဒီ မဟုတ်တဲ့အတွေးတွေနဲ့ သာယာခဲ့ဖူးတယ်။ လက်တွေ့ ပြန်စဉ်းစားကြည့် လိုက်တော့ အဲဒါတွေဟာ မှားရုံမက ပြာပုံတိုးတဲ့ အယူအဆတွေ ဖြစ်နေတာ တွေ့ လိုက်ရတယ်။ ငါတို့ဂိုဏ်း နာမည် တောင် အော့ကြောလန်ကနေ ပြာပုံတိုး ဂိုဏ်းဆိုပြီး ပြောင်းရတော့မလို ဖြစ်နေ ပြီ။ ဒါကြောင့် ဒီနေ့ကစပြီး သူတောင်း စားဂိုဏ်းရဲ့ အမူအကျင့်တွေ၊ ပြန်ပေး ဂိုဏ်းရဲ့ အမူအကျင့်တွေ၊ လူမိုက်ကြီး ဂိုဏ်းရဲ့ အမူအကျင့်တွေ၊ ပြည်တော်သာ ဂိုဏ်းရဲ့ အမူအကျင့်တွေကို ရောသမ မွှေပြီး လိုက်နာကျင့်သုံးမယ့် ဘယ်သူ သေသေ ငဂျေမာရင်ပြီးရော ဂိုဏ်းတစ်ခု ထောင်တော့မယ်။ ဒါကြောင့် ကလောင်နာမည်ကိုတောင် ခရိုဂျေဆို ပြီး ပြောင်း
လိုက်တာ။ ခရိုနီတွေဆီက ရသလောက်ယူမလို့”


“ဒါဆိုရင် ခင်ဗျားတို့ပြောပြောနေတဲ့ စာနယ်ဇင်းကျင့်ဝတ်တို့၊ အက်သစ် (Ethics) တို့ ဘယ် သွားထားမလဲ”

“ကျင့်ဝတ်တော့ မသိဘူး။ တရုတ် တန်းမှာ ဆန်ပြုတ်ရောင်းတဲ့ ကျင်ဝှက် တော့သိတယ်။  အက်သစ်လည်း မသိ ဘူး။ အက်စစ်ပဲ သိတယ်။ အချဉ်ရေထဲ ရောတာ”
 
“စဉ်းစားပါဦးဗျာ။ စတုတ္ထမဏ္ဍိုင်ကြီး ခင်ဗျားကြောင့် ပြိုလဲနေဦးမယ်”

“စတုတ္ထမဏ္ဍပ်လို့ ပြောစမ်းပါ။ အဲဒါ ကြီးက အစောကြီးကတည်းက ခြကိုက် ပြီး ပြိုနေပြီးသား။ မင်းခုနပြောတဲ့ ကျင်ဝှက်တို့၊ အက်စစ်တို့ကို ပါးစပ်က မချတဲ့သူတွေပဲ မဟုတ်တာလုပ်စားခဲ့ကြ တာ။ ပြည်သူကတော့ မသိရှာဘူး။ အဲဒီလူတွေကို အဟုတ်မှတ်ပြီး ကြည်ညို နေကြတာဟ”

“ကဲ ခင်ဗျားကြီးက အဲဒီလို သူများကို အပုပ်ချ ရေးချင်ပါပြီတဲ့၊ အချက် အလက်တွေက ဘယ်ကရမှာလဲ”

“အောင်မယ်လေး မောင်ကြွက်နီ ရယ်၊ မင်းငါ့ကို အထင်သေးလိုက်တာ။ မင်းဆရာက အစိုးရအလုပ် နှစ် ၂၀ လုပ် ပြီးမှ ပြုတ်လာတာပါ။ အကုန်နီးပါး အတွင်းသိ အစဉ်းသိ။ ပြီးတော့ စီးပွား ရေးသမားဆိုတာ သူများကို ခြေသိပ်ထိုး တတ်တာ။ သူတို့မုန်းတဲ့သူတွေ၊ သူတို့ ပြိုင်ဘက်တွေ သတင်းဆို ထမင်းကျွေး ပြီးတောင် လက်တို့ပြောတာ။ ဘယ်လူ ကြီးက ဘယ်အလုပ်ကို  သူကိုယ်တိုင် နိုင်ငံခြားအဆက်အသွယ်ရှာပြီး ရာခိုင် နှုန်းဘယ်လောက် ပွဲခယူလိုက်တာ၊
ဘယ်ဌာနကို ကုမ္ပဏီတွေက ပေးသွင်း နေရတဲ့ တရားမ၀င် ရန်ပုံငွေတွေကို ဘယ်သူ့မယားငယ် စာရင်းထဲ လွှဲပေး ရတာ၊ ဘယ်သူ့ကို ကျပ်သန်း ၁,၀၀၀ ပွဲခ ပေးရင် ဘယ်နားက မြေကွက်ဖြစ်ဖြစ် ရအောင်လုပ်ပေးတာ၊ ဘယ်စီမံကိန်း ကိုရဖို့ ဘယ်လူကြီးက ဘယ်လောက်ယူ တာကအစ ဘယ် FRC က နိုင်ငံသား နာမည်နဲ့ ကုမ္ပဏီထောင်ထားတာ အလယ်၊ လက်နက်ပွဲစားအသစ်က ဘယ်သူဖြစ်သွားပြီအဆုံး ငါ့ဆီမှာ အကုန်ရှိတယ်”

“တော်ပါတော့ဗျာ၊ ကြားရတာနဲ့တင် ကြက်သီးထနေပါပြီ။ ခင်ဗျားကြီးက တကယ့် စာနယ်ဇင်း  မာဖီးယားအစစ် ကြီးပဲ”

“ငါကဘယ်သူ့မှလည်း မခြိမ်းခြောက် ရသေးပါဘူး။ မိုးပေါ်ထောင်ပစ်နေ တုန်းပါ၊ မကြောက်ပါနဲ့” ဆိုပေမယ့်  မောင်ကြွက်နီကတော့ အတော်လန့် နေပုံပဲ။ ငါ့ကလောင်ပြောင်းတာ မြို့ထဲမှာ လျှောက်ပြောပေးဦး ဆိုတာတောင်မပြောရဲဘူးဆိုလို့ ဒီနေရာကနေ ကိုယ့် ဟာကိုယ် တိုင်းသိပြည် သိ ကြေညာ လိုက်ပြီနော်။  ကျွန်တော့်နာမည် ခရိုဂျေ”။

Credit To – http://myanmar.mmtimes.com/index.php/features/7680-2013-10-24-10-12-06.html 


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts