သတင်းပဒေသာ

မိုးမခ အွန်လိုင်းနှင့် ပုံနှိပ်မှ စာမူများ ထပ်ဆင့်ကူးယူဖော်ပြနိုင်သည် … သို့သော်

မိုးမခ အွန်လိုင်းနှင့် ပုံနှိပ်မှ စာမူများ ထပ်ဆင့်ကူးယူဖော်ပြနိုင်သည် … သို့သော်
(မိုးမခ) မတ် ၁၇၊ ၂၀၁၅

မြန်မာပြည်တွင်းနဲ့ ပြည်ပမီဒီယာ၊ အွန်လိုင်း၊ ပုံနှိပ်၊ တသီးပုဂ္ဂလစာမျက်နှာများက မိုးမခမှာ ဖော်ပြခဲ့တဲ့ စာမူတွေကို ထပ်ဆင့်ကူးယူဖော်ပြကြတာနဲ့ ပတ်သက်ပြီးတော့ မိမိတို့မီဒီယာက ကြိုတင်ပြီး ကန့်ကွက်တားဆီးထားခြင်း မရှိပါ။ သို့သော် … မိုးမခကို အကြောင်းကြားခြင်း၊ မူလ စာရေးသူကို အကြောင်းကြား အသိပေးခြင်းတို့ကိုတော့ ပြုလုပ်စေလိုတယ်။ EDITORS@MOEMAKA.NET ကို စာရေးပြောပြလိုက်ရုံပါပဲ။ မိုးမခ၏ စာရေးသူများကို မိမိတို့ကဆင့် အကြောင်းကြား ခွင့်တောင်းပေးနိုင်ပါတယ်။ ကိုယ်တိုင်လည်း တိုက်ရိုက်သိကျွမ်းပါက တိုက်ရိုက် ခွင့်တောင်းကြစေလိုပါတယ်။

ခွင့်ပြုချက် ရတယ်ဆိုရင် သက်ဆိုင်ရာမီဒီယာ၊ ပုဂ္ဂလိကစာမျက်နှာမှာ ကူးယူဖော်ပြရာမှာ မိုးမခကနေ ကူးယူပါတယ်ဆိုတဲ့ ခရက်ဒစ် ထည့်ပေးစေလိုပါတယ်။ စာရေးသူဆီက ခွင့်ပြုချက်ရယူတယ်ဆိုလည်း ဖော်ပြစေလိုပါတယ်။ စာမူခ အကျိုးခံစားခွင့်ကတော့ စာရေးသူနဲ့ သက်ဆိုင်ရာတို့ ညှိနှိုင်းကြပါ။ မိမိတို့ မိုးမခက ထုတ်ဝေသူမူပိုင်ခွင့်အရ “မိမိမီဒီယာ၏ဖော်ပြချက်ကိုကူးယူခြင်း” ကော်ပီရိုက်အထိပဲ တာဝန်ယူပြီး စာမူရှင်၏ ကော်ပီရိုက်ကိုတော့ ထပ်ဆင့်ကူးယူသူများက သီးခြား ရှင်းလင်းစေလိုပါတယ်။ တစုံတရာ အသိအမှတ်မပြုဘဲ ကူးယူခြင်း၊ ထုတ်ဝေသူ၏ ကော်ပီရိုက်၊ စာမူရှင်၏ ကော်ပီရိုက်ကို လေးစားမှု မရှိဘဲ ကူးယူခြင်းကိုတော့ ကန့်ကွက်ပါတယ်။

မိမိတို့ မိုးမခမီဒီယာက သူများမီဒီယာ၊ တသီးပုဂ္ဂလစာမျက်နှာများက စာမူများကို ကူးယူဖော်ပြခဲ့တယ်ဆိုရင်လည်း ကြိုတင်ခွင့်တောင်းပြီး ဖော်ပြတာဖြစ်ကြောင်း အသိပေးအပ်ပါတယ်။ မိမိတို့မိုးမခကိုယ်တိုင်က တပါးသူ၏ စာမူများကို အသိမပေးဘဲ ကူးယူတင်ပြမိသည်ဟု တွေ့ရှိပါက ကျနော်တို့ထံ ဝေဖန်ထောက်ပြပါ။ ရှင်းလင်းဆောင်ရွက်ပေးမှာ ဖြစ်ပါတယ်။ မိုးမခစာရေးသူများကလည်း မိုးမခမှာ ဖော်ပြပြီးသား မိမိစာမူတွေကို အခြားနေရာမှာ ခွင့်တောင်းခြင်းမရှိဘဲ ထပ်မံကူးယူဖော်ပြထားတာတွေ့ရှိပါက မိုးမခကို အကြောင်းကြားပါ။ မိမိတို့ကိုယ်တိုင် ဆက်သွယ်ပြီး ၎င်းတို့ကို စုံစမ်းမေးမြန်းပေးမှာ ဖြစ်ပါတယ်။

(ခြွင်းချက်တခုကတော့ မိမိတို့ကိုယ်တိုင် ခွင့်ပြုချက် တိုက်ရိုက်မတောင်းနိုင်ဘဲ ကူးယူဖော်ပြတဲ့ သတင်း၊ ပုံ၊ ဓာတ်ပုံ၊ စာသားတို့ကို မူရင်းဇစ်မြစ်ကို ယှဉ်တွဲ ဖော်ပြတင်ဆက်တာမျိုးတွေ မိုးမခမှာ ရှိပါတယ်။)

ကျေးဇူးတင်ပါတယ်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts