ကဗျာ ဆောင်းယွန်းလ

ဆောင်းယွန်းလ – ကမ္ဘာတည်မယ့် အသံ

 ဆောင်းယွန်းလ – ကမ္ဘာတည်မယ့် အသံ
(မိုးမခ) မတ်လ ၁၄၊ ၂၀၁၅

ကျားဟာ
ကြားတဲ့နားကို
သနားရိုးထုံးစံမရှိဘူး
မြေခွေးလိုကျင့်တဲ့ ကျားတွေအတွက်တော့
ငါတို့ဟာ မြက်မစားတဲ့ ခြင်္သေ့တွေပဲဖြစ်တယ် ….။

ဘယ်တော့မှကျမလာမယ့် အချိန်ကို
အချိန်ကျလာနိုး
မျှော်ကိုးနေမိတာကိုက
မျှော်လင့်သူတို့ရဲ့ အမှားပဲဖြစ်တယ် …။

ခေါင်းပေါ်ကိုကျလာတဲ့
ဒုတ် ဓါး လှံနဲ့
ခန္ဒာကိုယ်ကို ထွင်းဖောက်စေတဲ့
သေနတ်ကျည်ဆံတွေထဲမှာ
အာဏာကလွဲပြီး ကျန်တာဘာမှမရှိလို့
ကိုယ့်အချိန်ကိုယ်တိုက်ယူသူတွေရဲ့
ဦးနှောက်နဲ့ နှလုံးသားကိုတော့
ဘယ်လိုမှ ပေါက်အောင်ဖောက်နိုင်မှာမဟုတ်ဘူး….

လေထိုးပြီး
လေလျှော်မယ်ဆိုရင်တော့
အိပ်မက်ကို
အိပ်မက်ထဲမှာပဲ ထားခဲ့ပေါ့
စကားလုံးတွေကို
ကျောင်းသုံးစာအုပ်ထူထူထဲမှာပဲ ထားခဲ့ပေါ့ …။

ယုံကြည်ချက်ကို
အသက်ပေးပြီး ထုဆစ်သူတွေရဲ့ လမ်းမှာ
မျှော်လင့်ချက်ဟာ
ဘယ်တော့မှမနွမ်းမယ့် ပန်းတွေလို
အကြိမ်ကြိမ်အဖန်ဖန် ပွင့်နေဦးမှာ သေချာတယ်
သေချာတယ်… သေချာတယ်….. သေချာတယ် ။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts