U Win Tin ဟံသာဝတီ ဦးဝင်းတင် ဦးဝင်းတင်

ဦးဝင်းတင် (၁၉၃၀-၂၀၁၄) ၈၅ နှစ် မြောက် မွေးနေ့ အမှတ်တရ

ဦးဝင်းတင် (၁၉၃၀-၂၀၁၄) ၈၅ နှစ် မြောက် မွေးနေ့ အမှတ်တရ
(မိုးမခအင်တာဗျူး ပြန်လည်တင်ဆက်ခြင်း) ၂၀၁၂ က အပြောင်းအလဲ … ဘယ်သူ့အတွက်လဲ
(မိုးမခ၊ ဒီဇင်ဘာ ၂၄၊ ၂၀၁၂)

၂၀၁၂ ခုနှစ်ဟာ မြန်မာပြည်နိုင်ငံရေးရှုခင်းအတွက် အပြောင်းအလဲတွေနဲ့ နှစ်လို့ ဆိုကြပါတယ်။ အဲည်အပြောင်းအလဲတွေနဲ့ ပတ်သက်ပြီး ဆရာဦးဝင်းတင်နဲ့ တွေ့ဆုံမေးမြန်းပြီး ဆရာ့သဘောထားကို မေးမြန်းခဲ့ရာကနေ အချက်အလက်အချို့ကို ကောက်နုတ်ဖော်ပြလိုက်ပါတယ်။

·       ၂၀၁၁ ခုနှစ်အတွင်းက ပြင်ဆင်ခဲ့တဲ့ အင်န်အယ်ဒီပါတီရဲ့ ခြေလှမ်းတွေကနေပြီးတော့ ၂၀၁၂ မှာ နိုင်ငံရေးအပြောင်းအလဲတွေ ဖြစ်လာခဲ့တယ်။ ပထမ ၁ ချက်က ၂၀၁၁ နိုဝင်ဘာမှာ ပါတီကို ပြန်ပြီး မှတ်ပုံတင်မယ်လို့ ဆုံးဖြတ်လိုက်တာ။ ဒီဇင်ဘာမှာ မှတ်ပုံတင်တယ်။ ပြီးတော့ ၂၀၁၂ ဧပြီ ၁ မှာ ကြားဖြတ်ရွေးကောက်ပွဲဝင်တယ်။ အမတ် ၄၆ နေရာအနက် ၄၃ နေရာမှာ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် အပါအ၀င် အနိုင်ရရှိတယ်။ ၂၀၁၂ မေ ၁ မှာ လွှတ်တော်အမတ်များအဖြစ် စတင်ကျမ်းကျိန်ပြီး တာဝန်ထမ်းဆောင်တယ်။ အဲဒီက စပြီးတော့ မြန်မာပြည်ရဲ့ နိုင်ငံရေးပင်မရေစီးထဲကို ဒေါ်အောင်ဆန်းစုကြည်နဲ့ အင်န်အယ်ဒီပါတီတို့ ထင်ထင်ရှားရှားဝင်ရောက်လာတယ်။ အဲသည် ပင်မရေစီးမှာ အခြားနိုင်ငံရေးအင်အားစုတွေ၊ လှုပ်ရှားမှုတွေကလည်း ၀င်ရောက် ဆောင်ရွက်တာတွေ ပိုမို ဖြစ်ထွန်းလာတယ်။

·       အဲသည်မှာ ပြည်တွင်း ပြည်ပက နိုင်ငံရေးအင်အားစုပေါင်းစုံကလည်း ၂၀၁၂ အတွင်းမှာ မြန်မာပြည်ရဲ့ ပင်မရေစီးနိုင်ငံရေးလမ်းကြောင်းထဲ ၀င်ရောက်ဖို့ ကြိုးစားလာကြတယ်။ အဲသည်မှာ အပစ်အခတ် ရပ်စဲရေးတို့၊ ငြိမ်းချမ်းရေးတို့၊ ဥပဒေဘောင်အတွင်း ၀င်ရောက်ရေးတို့ စတဲ့ အကြောင်းအရာတွေ ဆွေးနွေးပြောဆိုကြတယ်။ ဒါပေမယ့် အဓိကကတော့ နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးအဖြေရှာဖို့၊ ပြည်တွင်းငြိမ်းချမ်းရေး ရရှိဖို့နဲ့ ၂၀၀၈ အခြေခံဥပဒေကို ပြန်လည် ပြင်ဆင်နိုင်ဖို့က အဓိကအချက်တွေ ဖြစ်တယ်ဆိုတာကို အားလုံးက မြင်လာကြတယ်။

·       နောက်တချက်ကတော့ မြန်မာပြည်တွင်းမှာ နိုင်ငံရေးအပြောင်းအလဲ တစုံတရာရှိတယ်ဆိုပြီးတော့ ဥရောပသမဂ္ဂတို့၊ အမေရိကန်တို့၊ အာဆီယံတို့ ဘာတို့ကနေပြီး စီးပွားရေးတွေ အကူအညီတွေကို ဖွင့်လှစ်လာကြတယ်။ အားပေးလာကြတယ်။ အမေရိကန်သမ္မတ အိုဘားမားကိုယ်တိုင်က မြန်မာပြည်ဒီမိုကရေစီရေး လုပ်ဆောင်နေမှုတွေကို ထောက်ခံမှုပြသတဲ့ အနေနဲ့ မြန်မာပြည်ကို ကိုယ်တိုင်လာရောက်တယ်။ ဒါပေမယ့် ဒီအပြောင်းအလဲတွေက အများပြည်သူကို အကျိုးရှိစေမှာလား၊လက်ရှိ အာဏာချုပ်ကိုင်ထားသူတွေကိုပဲ အကျိုးစီးပွားဖြစ်ထွန်းစေမှာလားဆိုတာကို ကြည့်ရမယ်။

·       နောက်ပြီးတော့ လူမှုရေးမျက်နှာစာပေါ့။ Civil Society အဆင့်တွေ အလွှာတွေတိုင်းမှာ လှုပ်ရှားမှုတွေ၊ ဆန္ဒထုတ်ဖော် တောင်းဆိုမှုတွေ ပိုမိုကျယ်လောင်လာတယ်။ ကချင်ပြည်နယ်အရေး၊ ရခိုင်ပြည်နယ် မငြိမ်သက်မှုတွေ၊ မိုးထိမိုးမိလုပ်သားတွေ၊ လက်ပံတောင်းတောင်၊ စက်ရုံအလုပ်သမားတွေ၊ တောင်သူလယ်သမားတွေရဲ့ အရေးကိစ္စတွေအားလုံး ရှေ့တန်းကို ရောက်လာတယ်။ ကာယကံရှင်တွေကိုယ်တိုင်က ရဲရဲဝံ၀ံ ထုတ်ဖော်တောင်းဆိုလာတဲ့အခါမှာ ပတ်ဝန်းကျင်က၊ တိုင်းပြည်က ပြည်သူတွေကိုယ်တိုင်ကလည်း ၀န်းရံ ထောက်ခံမှုတွေ ရလာတယ်။ အဲဒီအရေးအခင်းတွေကနေပြီး တိုင်းပြည်မှာ တရားဥပဒေစိုးမိုးဖို့၊ မလိုလားအပ်တဲ့ အကျိုးမရှိတဲ့ မျှတမှု မရှိတဲ့ စည်းမျဉ်းတွေ၊ ဥပဒေတွေ၊ အုပ်ချုပ်ရေးစနစ်တွေကို ပြုပြင်ပြောင်းလဲဖို့ လိုအပ်တာတွေ ထင်ရှားလာတယ်။

·       အခုလက်ရှိ လက်ပံတောင်းတောင်အရေး စုံစမ်းရေးကော်မရှင်ရဲ့ ထုတ်ပြန်မှုတွေကို စောင့်ကြည့်မယ်ဆိုရင် ကော်မရှင်က ပြည်သူတွေအတွက် တကယ်အကျိုးရှိတဲ့ စီမံကိန်းတွေ ဖြစ်ဖို့၊ ဒေသခံပြည်သူတွေကို ကာကွယ်မှု၊ စောင့်ရှောက်မှုတွေ ရှိဖို့အထိကိုပါ ပညာရှင်တွေ၊ အဖွဲ့အစည်းတွေကို ဖိတ်ခေါ်ဆောင်ရွက်စေမယ် သဘောမျိုးတွေရတယ်။ ဒါဟာ ပြည်သူတွေဖက်က ရပ်တည်မှုပြသတယ်လို့ ဆိုနိုင်တယ်။ အဲသည်နဲ့တချိန်တည်းမှာပဲ သံဃာတော်တွေဖက်က တောင်းဆိုနေတာတွေကိုလည်း အစိုးရက အရေးယူပေးရမယ်။

·       တဖက်နေပြီးတော့ ဆန္ဒထုတ်ဖော်သူတွေကို ဖမ်းတာ၊ တားဆီးတာ၊ တရားစွဲတာတွေ မလုပ်ဖို့၊ ပြန်ပြီး လွှတ်ပေးဖို့၊ တာဝန်ရှိသူတွေကို ဖော်ထုတ်အရေးယူပေးဖို့ လိုအပ်တယ်။ အစိုးရကိုယ်တိုင်က ၀န်ခံပြီးမှတော့ တာဝန်ယူစရာရှိတာတွေ ယူပြီး လုပ်ပေးရတော့မှာပေါ့။ သတင်းထဲမှာ စစ်ကိုင်းတိုင်းဒေသကြီးက ၀န်ကြီးတဦးကလည်း ပြောလိုက်တယ်။ နေပြည်တော်ကနေ တိုက်ရိုက်အမိန့်နဲ့ လုပ်တာပါလို့ ပြောတယ်။ ဒါကြောင့် ကိုယ့်တာဝန်ကို ရဲရဲဝံ့ဝံ့ ယူကြပါ။ ထိခိုက်ဒဏ်ရာရတဲ့ ဆရာတော်၊ သံဃာတွေကို ကျန်းမာရေး၊ ဆေးဝါး အစစ စောင့်ရှောက်မှု၊ ကူညီပံ့ပိုးမှုတွေကို အပြည့်အ၀လုပ်ဆောင်ပေးရမယ်။

·       ရှေ့လျောက်ပြီးတော့ မြန်မာပြည်အခြေအနေက တိုးတက်လာမှာလားဆိုတာကို ဒေါ်အောင်ဆန်းစုကြည် အိန္ဒိယခရီးစဉ်မှာ ပြောခဲ့တာနဲ့ ကိုးကားပြီးပြောချင်တယ်။ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲဟာ လွတ်လပ်ချင် လွတ်လပ်မယ်၊ တရားမျှတမှု ရှိချင်မှ ရှိလိမ့်မယ်။ တရားမျှတ၊ လွတ်လပ်တဲ့ ရွေးကောက်ပွဲတွေဖြစ်ဖို့ လိုအပ်ပါတယ်။ အခုလက်ရှိအခြေအနေမှာလည်း လွတ်လပ်မှု ရှိတယ်၊ လွတ်လပ်တယ်ဆိုတိုင်း ကျနော်တို့ဆီမှာ တရားမျှတမှု ရှိရဲ့လား။ ဒါကို ကြည့်ရမယ်။

·       ဒီတော့ ၂၀၁၂ မှာ အပြောင်းအလဲတွေ ရှိတယ်လို့ ပြောပေမယ့် အခုအချိန်အထိတော့ ပြည်သူလူထုအတွက် လက်ဆုတ်လက်ကိုင်ပြနိုင်တဲ့ အပြောင်းအလဲတွေ မခံစားရသေးဘူးလို့ ပြောချင်တယ်။ ဘာတွေ ပြောင်းတယ်ပဲ ဆိုဆို ခုချိန်ထိမှာ ပြည်သူလူထုကြီး တရပ်လုံးမှာ ဆင်းရဲမွဲတေမှုကနေ ပြောင်းလဲတိုးတက်လာတယ်ဆိုတာ မတွေ့ရသေးဘူး။ ဒီလိုမျိုးပြောတော့ လူတွေက မကြိုက်ချင်ကြဘူး။ ကျနော်တို့ကို ပြောချင်ကြတယ်။

·       ကျနော်က ဟိုတုန်းကတည်းက ကြားဖြတ်ရေးကောက်ပွဲအတွက် စစ်ကိုင်း၊ မန္တလေး၊ မုံရွာ ခရီးစဉ်သွားတုန်းကတည်းက ဒီအတိုင်း ကျနော် ပြောခဲ့တာပဲ။ အခုအချိန်မှာ ကျနော်က ဦးသိန်းစိန်နဲ့ လက်ရှိအစိုးရလုပ်နေတယ်ဆိုတဲ့ တိုင်းပြည်အပြောင်းအလဲ၊ ဒီမိုကရေစီအပြောင်းအလဲကို အယုံအကြည်မရှိပါဘူး။ အပြောင်းအလဲဆိုတာ ဘယ်မှာလုပ်တာလဲ၊ ဘယ်နေရာမှာ လုပ်နေတာလဲ ဆိုတာကို မေးပါ။ မြင်အောင်ကြည့်ပါလို့ ပြောခဲ့တယ်။ အဲသည်အတွက် အယုံအကြည်မရှိဘူး၊ သံသယရှိတယ်ဆိုတဲ့ အပိုင်း၊ မေးခွန်းထုတ်တဲ့ သူတွေ ရှိမှာပဲ။ ဒါကတပိုင်း၊ ကျန်တဲ့အပိုင်းကတော့ အဲသည်လို မယုံကြည်ဘူး၊ မေးခွန်းထုတ်တယ်၊ သံသယရှိတယ်လို့ ဝေဖန်ပြောဆိုလာတဲ့သူတွေကို ၀ိုင်းပြီးတော့ ဟန့်တားကြတာ၊ ပြစ်တင်ဝေဖန်ကြတဲ့ အပိုင်း။ ”မလုပ်ပါနဲ့၊   ဆန္ဒမပြပါနဲ့၊ မပြောပါနဲ့ … ဒီအစိုးရက နောက်ပြန်လှည့်သွားလိမ့်မယ်…” ဆိုတဲ့ အကြောင်းပြချက်တွေနဲ့ …။

·       ကျနော့်သဘောအရပြောရရင် အဲလိုဖြစ်နေတာကိုက လက်ရှိအစိုးရကိုယ်တိုင်က နောက်ပြန်ဆုတ်ဖို့နေနေသာသာ ရှေ့ကို ဘာမှ တိုးတက်အောင် မဆောင်ရွက်နိုင်သေးလို့ပဲ။ နိုင်ငံရေး ဆုတ်သွားမယ်ပြောရအောင် ဒီအစိုးရက ဘယ်တုံးက နိုင်ငံရေးရှေ့တက်သေးလို့လဲ။ ကျနော်ဆောင်းပါးတွေ မီဒီယာတွေမှာ ပြောပါတယ်။ ကျနော်တို့လုပ်ရမယ့် အလုပ်က နိုင်ငံရေးလမ်းကြောင်းမှာ ရှေ့တိုးအောင်လို့ လမ်းကြောင်းပေါ်တက်အောင်လို့ ဆွဲခေါ်ရမယ်၊ တွန်းတင်ရမယ်၊ နောက်ပြန်ဆုတ်မှာကို မစိုးရိမ်ပါနဲ့။ ဒုံရင်း ဒုံရင်းပဲ။ ပိုနေမြဲ ကျားနေမြဲ နေတုန်းပဲ။ နိုင်ငံရေးအရ ရှေ့တိုးနိုင်ဖို့ဆိုတာက လူထုအပေါ်မှာပဲ မူတည်တယ်။ လူထုရဲ့ နိုင်ငံရေး နိုးကြားမှု၊ ဆန္ဒ၊ သဘောထား၊ နိုင်ငံရေးအသိအမြင် တက်ကြွမှုတွေပေါ်မှာ မူတည်တယ်။ လူထုရဲ့ အကြောက်တရားကနေ ရုန်းထွက်နိုင်မှုပေါ်မှာပဲ မူတည်ပါတယ်။

·       ဒေါ်အောင်ဆန်းစုကြည် အခုခရီးစဉ်မှာ ပြောကြားခဲ့တာကိုပဲ ပြန်ပြီး ကိုးကားချင်ပါတယ်။ တိုင်းပြည်ရဲ့ နိုင်ငံရေးအပြောင်းအလဲရှိပြီ ဆိုတာကို ဘယ်သူကမှ မပြဌာန်းနိုင်ပါဘူးတဲ့။ လူထုကိုယ်တိုင်က ယုံကြည်လက်ခံပြီး ပြဌာန်းမှသာလျင် ပြည်သူအတွက် စစ်မှန်တဲ့ နိုင်ငံရေးအပြောင်းအလဲဖြစ်တယ် ဆိုတာကို ပြောချင်တယ်။

·       ခုချိန်မှာ ပတ်ဝန်းကျင်မှာ ၀ါဒဖြန့်ချိနေကြတယ်။ အချင်းချင်း ပြောဆိုနေကြတယ်။ တယောက်နဲ့ တယောက် ပြစ်တင်စွပ်စွဲတာတွေ လုပ်ကြတယ်၊ နိုင်ငံရေးအပြောင်းအလဲဖြစ်နေပြီ ဘာညာဆိုတာတွေ၊ နောက်ပြန်ဆုတ်မယ် ဆိုတာတွေ၊ ရှေးရိုးအမြင်စွဲတယ် ဘာညာဆိုတာတွေ … ဒါတွေက အဓိကမဟုတ်ပါဘူး။ အဓိကကတော့ ကျနော်တို့တွေက ရှေ့ကို ဒီထက်တိုးဖို့ ၀ိုင်းပြီး လူထုအားနဲ့ ဆက်လုပ်ကြ၊ တွန်းကြ၊ ဆွဲကြဖို့ပဲ လိုတယ် ဆိုတာပါ။ ပြောနေ ဆိုနေကြတဲ့သူတွေ၊ အစိုးရတွေ၊ ပြည်သူတွေအားလုံး  ဒီမိုကရေစီလမ်းကြောင်းပေါ် တက်လာအောင် ဆက်ပြီး တွန်းကြပါလို့ ပြောချင်ပါတယ်။

(Photo – U Win Tin in a white T-shirt, 13th Dec 2012, Yangon)

 


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts