သူတို့အာဘော် ငြိမ်းချမ်းအေး

ငြိမ်းချမ်းအေး – ကျောင်းသားတွေနိုင်တယ်

ငြိမ်းချမ်းအေး – ကျောင်းသားတွေနိုင်တယ်
(မိုးမခ) မတ် ၁၂၊ ၂၀၁၅

(၁၀) တန်း မြန်မာစာမေးခွန်းအမှားတဲ့ ဟုတ်မဟုတ်တော့ မသိပါ၊ လူတချို့ အွန်လိုင်း လူမှုကွန်ရက်တွေမှာ တင်နေကြ၊ မျှနေကြပါတယ်။  ပညာရေးကို ထောက်ပြလိုတဲ့သဘောပေါ့။  ကောင်းပါတယ်။

တကယ်တော့ အခြေခံကျကျ ပြောရရင် ပညာရေး စနစ်မကောင်းကြောင်းကို သတ်ပုံအမှားတွေ၊ မေးခွန်းစာရွက် အလွဲတွေ၊ လမ်းညွှန် ဆိုင်းဘုတ် စာလုံးအသုံး အမှားတွေနဲ့ သက်သေပြစရာမလိုပါဘူး။  ကိုယ့်အိမ် ဧည့်ခန်းမှာ ချိတ်ထားတဲ့ ဘွဲ့ဓာတ်ပုံ ကို ပြန် ဓာတ်ပုံရိုက် Facebook ပေါ်တင်လိုက်၊ အလွယ်ဆုံး သက်သေပြနည်းပါ။  အကြောင်းကို ရှာလိုမှုမဲ့တဲ့ နိစ္စဓူဝ Facebook အလုပ် (Activities)  တွေနဲ့ ဘွဲ့ဓာတ်ပုံ ထပ်တူကျကြောင်း တွေ့ရပါလိမ့်မယ်။

ပညာရေးစနစ်ဆိုးဆိုတာ ခွေးကိုက်သေ၊ ခြင်ကိုက်သေ၊ ချီးပါသေ ဖြစ်နေတဲ့ တိုင်းပြည်စနစ်ဆိုးရဲ့ လက္ခဏာပါ။  လမ်းပေါ်ရေလျှံတာ၊ တိုက်ပြို၊ ကားကျပ်၊ လမ်းကျပ်၊ ကားမှောက်၊ လူသေ၊ နေ့စဉ် အလောင်းချင်းထွေးနေရတာ၊ ဆေးရုံတွေ အခွံတွေချည်း ဖြစ်နေတာလိုမျိုးပဲ စနစ်ရဲ့ ရောင်ပြန်ပါ။

မြင်မြင်သမျှ ပါမောက္ခ၊ တွေ့သမျှလူ ပါရဂူ ဖြစ်နေတဲ့ ပညာဝမ်းဖောဝမ်းယောင်ခေတ်ကြီးကို ဖန်တီးပြီး နဖားကြိုးထိုး ကြိုးကိုင်မင်းလုပ်ရတာပိုလွယ်လို့ ပညာရေးကို အလေးထား ဦးစားပေး အရင် ပြင်ရမှာ မှန်ပါတယ်။ ဒါပေမဲ့ အရင်းစစ်မြင်ရမှာက တခြား ကဏ္ဍအသီးသီလို စနစ်ဆိုးရဲ့ ဓားစာခံ သားကောင် ဖြစ်ခဲ့ရတာမို့ စနစ်ကို အပြုတ်တိုက်မှသာ အလုံးစုံ ဖြေရှင်း ပညာရဲရင့် ပွဲလယ်တင့်၊ ပညာရွှေအိုး တကယ် လူမခိုးနိုင်၊ မနှိမ်နိုင်၊ လူလူချင်း ခေါင်းပုံဖြတ် မခံရ၊ နိုင်ငံတကာမှာ အောက်တန်းနောက်တန်းမကျ ဖြစ်မှာကို အခြေခံကျကျ နားလည်နိုင်ရင် ကောင်းပါမယ်။

ကျောင်းသားသပိတ်၊ ပညာရေး ပြုပြင်ပြောင်းလဲရေး ကို အကြောင်းအမျိုးမျိုးနဲ့ ထောက်ခံသမှုပြုတာ၊ အနည်းဆုံး နားလည်မှုပေးတာ ကျေးဇူးတင် တန်ဖိုးထားပါတယ်။  အခုအကြမ်းဖက်ခံရလို့ နာကြည်းစိတ်နဲ့ ဝင်ထောက်ခံတာလည်း ကြိုဆိုပါတယ်။

ဒါပေမဲ့ အဆုံးတိုင် တိုင်းပြည် ပြဿနာ   ဖြေရှင်းနိုင်တဲ့ ထောက်ခံဝန်းရံမှုမျိုးကိုလည်း တောင်းဆိုပါရစေ..။

ဖိနှိပ်သူနဲ့ အဖိနှိပ်ခံ၊ တရားမှုနဲ့ တရားမဲ့မှု၊ ဓမ္မနဲ့ အဓမ္မ တိုက်ပွဲမို့ ပညာရေးကျောင်းသားလှုပ်ရှားမှုကို ထောက်ခံဝိုင်းဝန်းခြင်း မျိုး ဖြစ်ရင် ပိုကောင်းပါမယ်။

လွတ်လပ်ခြင်း၊ ငြိမ်းချမ်းခြင်း၊ တန်းတူညီမျှရှိခြင်း၊ အခွင့်တူအားလုံး ပါဝင်ခွင့်ရှိခြင်း ဆိုတဲ့ လောကကို စောင့်ရှောက် စည်ပင် ချမ်းသာနိုင်စွမ်းရှိတဲ့ ဒီမိုကရေစီ လောကပါလတရား တိုင်းပြည်မှာ အမြစ်တွဲ ရှင်သန် ရေရှည် တည်တံ့စေလိုခြင်း ဖြစ်ရင် ပိုကောင်းပါမယ်။

ဒီလို ဓမ္မကို ဖော်ဆောင်၊ တရားမှုကို ရရှိခံစားစေတဲ့ ဒီမိုကရေစီ လောကပါလတရားကို ယုံကြည် မြတ်နိုး လိုချင်လို့ ဒီတရားနဲ့ ဆန့်ကျင်ဘက် အဓမ္မ စစ်အာဏာရှင်စနစ်ဆိုးကို အဆုံးတိုင် ဖုတ်ကြည်း သင်္ဂြိုဟ် မြေမြှုပ် ပစ်မှ ရမယ်ဆိုတဲ့ အသိ၊ စိတ်ဓာတ်နဲ့ ဒီမိုကရေစီ ပညာရေး လှုပ်ရှားမှုကို ပိုမို ဝန်းရံ ကာယ၊ စိတ္တ တနိုင် အားပေးကြဖို့ မေတ္တာရပ်ခံလိုပါတယ်။  ခရီးကြမ်းလမ်း တိုက်ပွဲက အခုမှ  စ ပါတယ်။

သတ်ပုံမှားတဲ့ညတွေဖြစ်နေရတာဟာ သတ်ပုံ သတ်နည်း အသွယ်သွယ်နဲ့ လက်နက်အားကိုး လူတစု အာဏာချုပ်ကိုင် မင်းမူ တည်ရှိနေလို့ပါ။  သတ်ပုံ အမှားတွေကို မြင်သလို၊ ကိုယ့်အိမ်က ဘွဲ့ဓာတ်ပုံကိုလည်း မြင်ပါ၊ သတ်ပုံ သတ်နည်း စုံတဲ့ ရင်းမြစ် စနစ်ဆိုးကိုလည်း မြင်ကြပါ။

ဒါက ကျောင်းသားတွေကို ထောက်ခံမှုရှိကြတဲ့ လူအများကို ကျေးဇူးတင်စကားဆိုရင်းနဲ့ အမြင်ကို တင်ပြခြင်းပါ။

နောက်တမျိုး ပြောစရာ ရှိလာတာကတော့ ကျောင်းသားလှုပ်ရှားမှုအစကနေ အခုနောက်ဆုံး အကြမ်းဖက်ဖြိုခွင်းခံရချိန် အထိ သရော်၊ လှောင်ပြောင်၊ ပြက်ရယ် အာမနာပ ပြုခဲ့ကြသူ လူတစုကိုလည်း သတင်းစကား ပေးချင်ပါတယ်။  ဒီလူတစုဆိုတာ စနစ်တကျ ဦးနှောက်ဆေးခံ၊ ဝါဒမှိုင်းဖြန့်ဖို့ လေ့ကျင့်ပေးခံထားရတဲ့ စနစ်ဆိုးရဲ့ ဒေါက်တိုက် မောင်းတံ လက်တံ တွေကို အဓိက ဆိုလိုချင်တာမဟုတ်ပါဘူး။  ဒီလူအုပ်စုနဲ့ ပုဂ္ဂလိက ရင်းနှီး ဆက်နွှဲ ပတ်သက်မှု ပိုရှိကောင်းရှိနိုင်ပေမဲ့ တကယ်တော့ လူသာမန်လို့ သတ်မှတ်နိုင်တဲ့ လူတန်းစားကကို စနစ်ဆိုးရဲ့ သွယ်ဝိုက်မှိုင်းတိုက် အပျော့စား လွှမ်းမိုးမှုတွေကို ခံရရင်း အာဏာရှင် အကျင့်ဝင်၊ ကျောင်းသားလှုပ်ရှားမှုကို မနှစ်မြို့ကြတော့တယ် လူမျိုးတွေကို အဓိက ပေးချင်တဲ့ စကားပါ။

အခု အစိုးရရုပ်သံကလည်း (၁၀) တန်း ဖြေမယ့် ကျောင်းသားတွေရဲ့ မိဘတွေနဲ့ တွေ့ဆုံမေးမြန်းခန်းတွေ မပြတ်လွှင့်နေပြီး ဘယ်လောက် တိုင်းပြည် တည်ငြိမ်အေးချမ်းရေးကို လိုလားကြောင်း ထုတ်ပြောခိုင်းနေတဲ့ သေနတ်ထောက်၊ ဓားမိုး၊ နံပါတ်တုတ်ဆောင် စစ်မိုကရေစီ ငြိမ်ဝပ်ပိပြားရေး လှုံ့ဆော်ရေးတွေလုပ်နေလို့ ဒါတွေ အတွက် တနိုင် တန်ပြန် သတင်းစကားလည်း ဖြစ်ပါတယ်။

“Don’t halloo till you are out of the wood.”
ဒီအင်္ဂလိပ်စကားကို ဗိုလ်ချုပ်အောင်ဆန်း သူ့ နောက်ဆုံးမိန့်ခွန်းမှာ ထည့်ဆိုသွားခဲ့ဖူးတယ်..။

“စစ်ပွဲအကြီးအတွင်းက.. တောကြီးမျက်မည်းအတွင်းက မထွက်နိုင်ခင် ငါတော့ ဘေးလွတ်ပြီလို့ မအော်ပါနဲ့..” ဆိုပြီး ဆိုသွားခဲ့ဖူးတယ်..။

အခုလည်း လက်ပံတန်း ပင်မ သပိတ်စခန်းကို ဖြိုခွင်းပြီးပြီ၊ ပြဿနာ တွေ အေးပြီ၊ (၁၀) တန်းကျောင်းသားတွေ စိတ်အေးလက်အေး စာမေးပွဲ ဖြေနိုင်ပြီ မထင်လေနဲ့။

အာဏာ ထိုင်ခုံ တည်မြဲရေးအတွက် အုပ်စိုးသူဟာ တိုင်းပြည်မှာ ပညာမတတ်အောင်၊ သမိုင်းမသိအောင်၊ ‘အ’ အောင်၊ တွေးခေါ်မြော်မြင်ကြံဆလိုမှုမဲ့အောင်၊ အမိန့်နာခံ ငြိမ်ဝပ်ပိပြားမှုကို ဂုဏ်အရည်အချင်းလို့ ခံယူအောင် စနစ်တကျ ကြံစည် စီမံပါတယ်။

ဒီစနစ်အဖွဲ့အစည်း ရှင်သန် စစ်ကျွန် ဖြစ်နေသရွေ့ အတိတ်သမိုင်းနဲ့ မျက်မှောက်အတိုင်းပဲ အနာဂတ်မှာလည်း ကျောင်းသားဆိုတဲ့ အုပ်စုတခုလုံးကို ရန်သူသဖွယ် ရှေ့လျောက်ဆက်ဆံ ခံရမယ်၊ ပညာရပ်ဝန်းကို နာလန်မထူနိုင်အောင် ဆက်ဖိနှိပ်မယ်။

အကျိုးဆက် တိုင်းပြည်လည်း တိုးတက်ချမ်းသာရာ မဲ့နေဦးမှာပါပဲ။

လူတန်းစား တစု၊ လူတစု နဲ့ ခင်ဗျားတို့ သားသမီးတွေ အခု နံပါတ်တုတ်ဒဏ်က လွတ်နေပေမယ့် စနစ်ရဲ့ ရိုက်ပုတ် တုန့်နှောင် ချုပ်ကိုင်မှုဒဏ်ကတော့ ဒီအတိုင်းငြိမ်ခံနေသမျှ ဘယ်တော့မှ လွတ်မှာမဟုတ်ပါဘူး။ အနာဂတ် ခင်ဗျားတို့ မျိုးဆက်လည်း ကျွန်ကြီး ကျွန်လေး ပဲကွာမယ်၊ စနစ်ဆိုးရဲ့ ကျေးကျွန် သားကောင်တွေ ဖြစ်မြဲ ဖြစ်နေမှာဦးမှာပါ။

ပညာရေးဥပဒေပြင်လိုခြင်းက (၂၀၀၈) စစ်ဖွဲ့စည်းပုံ ကို ပြင်လိုတဲ့ သဘော အခြေခံ အဆင့်ပါ။

မြေသိမ်း၊ ယာသိမ်း၊ ကျောင်းဖြို၊ ဘုရားဖျက်၊ သိမ်ဖျက်၊ ကျည်ဆန်ပေး၊ တုတ်ကျွေးကနေ ဖိနှိပ်တဲ့ ဥပဒေပြဋ္ဌာန်းမှု၊ မှိုင်းတိုက်တဲ့ ပညာရေးစနစ် ဖန်တီးမှုအထိ ဖိနှိပ်ရက်စက်မှုမျိုးစုံနဲ့ တည်ဆောက်ထားတဲ့ လူနဲ့ လူချင်း အားကြီးသူက နိုင်ရာစားရာ ကြီးနိုင် ငယ်ညှဉ်း လက်နက်ရှိသူ မင်းမူစတမ်း တောရိုင်းဥပဒေ စိုးမိုးရာ တိရစ္ဆာန်ဝါဒ ရှင်သန်ထွန်းကား အမြစ်တွယ်ရာ စစ်ခရိုနီအရင်းရှင်စနစ် မပျက်သုဉ်းသရွေ့ နိုင်ငံသားအားလုံးရဲ့ အနာဂတ်လည်း အပြည့်အဝ လူသားဂုဏ်အင် ညီညွတ် အဆင့်မီ နေနိုင်မှာမဟုတ်ပါ။

ဆိုတော့ ဒီစနစ်ဆိုးက မရုန်းနိုင်သရွေ့ ငါတော့ ဘေးလွတ်တယ် မဆိုချင်ကြပါနဲ့..။
“Don’t halloo till you are out of this brutal system.”

ဆိုရင်လည်း အသိမဲ့မှု ရလဒ်ပဲ ဖြစ်ပါမယ်။  အသိကန်းလို့ စစ်တစ္ဆေ မကြောက်တတ်သူများ နားလည်နိုင်ကြပါစေ..။

နိဂုံးချုပ်ရရင် လက်နက်အားကိုးနဲ့ အဓမ္မတွေ မင်းမူနေလို့၊ ဓမ္မက ရုပ်လုံးမပေါ်နိုင်၊ ပညာက နောက်တန်းရောက်နေသလို ဖြစ်နေပေမဲ့ ဧကန်မုချ ဓမ္မက အဓမ္မကို၊ တရားမှုကို တရားမဲ့မှုကို အောင်နိုင်ရာမှာ လောကနိယာမ ဓမ္မတာပါ။  ဓမ္မကို ကိုယ်စားပြုတဲ့၊ တရားမှုကို ဖော်ဆောင်မယ့် ဒိမိုကရေစီ ပညာရေး တိုက်ပွဲ အဆုံးမှာ အောင်မြင်မှာ မလွဲဧကန်ပါ။  ဒါကြောင့် အခု ဒီတိုက်ပွဲကို အစ ဖော်၊ အနာခံ ခေါ်သံ ပြုသူ ကျောင်းသားတွေနိုင်ပါတယ်။

ငြိမ်းချမ်းအေး
မတ် ၁၁၊ ၂၀၁၅

(ဆောင်းပါးပါ အာဘော်ကို ဝေဖန်ရန် nyeinchanaye81@gmail.com သို့ စာရေးနိုင်ပါသည်။)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts

One thought on “ငြိမ်းချမ်းအေး – ကျောင်းသားတွေနိုင်တယ်

Comments are closed.