ကဗျာ မောင်စွမ်းရည်

မောင်စွမ်းရည် – ‘ ဒို့ငြိမ်းချမ်းရေးဘာကြောင့်ဝေး ’

 
မောင်စွမ်းရည် – ‘ ဒို့ငြိမ်းချမ်းရေးဘာကြောင့်ဝေး ’
(မိုးမခ) မတ် ၇၊ ၂၀၁၅
ဟိုလူ ပုတုတ်၊ စူပုတ်ပုတ် 
ဗိုလ်ချုပ်ဘယ်လိုဖြစ်လာသလဲ။
ဖြစ်မှာပေါ့ဟ။
စစ်သားကပေါ၊ စစ်တပ်ပေါတော့
စစ်ဗိုလ်ပေါရော။
စစ်ဗိုလ်ပေါတော့၊ ဗိုလ်ချုပ်ပေါရော။
ဗိုလ်ချုပ်ပေါတော့၊ သောကောရောကော
ဟိုလူရောပဲ
ရောယောင်ဗိုလ်ချုပ်ဖြစ်လေရော။
နေပါအုံးကွ၊ မေးပါရစေ။
စစ်ဗိုလ်တွေပေါ၊ စစ်သားရောပဲ
ပေါတာများတာ၊ လွန်သကွာ
ဘာကြောင့် ဘယ်လိုပေါတာလဲ။
ပေါမှာပေါ့ဟ။
သူပုန်ကပေါ၊ သူကန်ပေါတော့
စစ်သားလဲပေါ၊ စစ်တပ်ပေါရော။
စစ်ဗိုလ်စစ်သား၊ ဒီလောက်များလျက်
သူပုန်သဘက်၊ မငြိမ်သက်
မပျက်မဆုတ်၊ မျိုးမပြုတ်တာ
ဘယ်လိုပါလိမ့်။
ဟဲ့…။
သူပုန်သဘက်၊ အကုန်ပျက်
ခက်ရချေရဲ့။
သူပုန်ပျက်ရင်
စစ်မက်ဘယ်မှာရှိမလဲ
စစ်မက်မရှိ၊ ရှိတဲ့စစ်သား
ဘယ်သွားထားမလဲ။
စစ်သားများရင်၊ စစ်ဘုရင်ဖြစ်
စစ်တပ်အာဏာသိမ်းနိုင်သေး
ဆွေးနွေးရေးလဲမလုပ်ဘူး
ငြိမ်းချမ်းရေးလဲမလုပ်ဘူး။
ဦးနေဝင်းကြီး မွေးတဲ့ကြက်
တသက်စားဖို့လုပ်ထားတာ
တမနက်စာတွက် မသတ်ဘူး။
ဟေး- ဟေး- ဟေး။
ဆွေးနွေး မတတ်၊ ဒီမှာ ရပ်စို့
အာပတ်သင့်ရင် မခက်လား။
မောင်စွမ်းရည် 

 

၂၀၁၄ စက်တင်ဘာ ၂၇

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts