ကဗျာ ကျော်ဟုန်း

ကျော်ဟုန်း – ဂုဏ်သရေရှိ လူကြီးမင်းလေးများရဲ့ သမိုင်းသစ်

 ကျော်ဟုန်း – ဂုဏ်သရေရှိ လူကြီးမင်းလေးများရဲ့ သမိုင်းသစ်
(မိုးမခ) မတ်လ ၆၊ ၂၀၁၅

လုံးဝ သစ်တယ်ကွာ…
သူ့ ထက် သစ်တာတောင်
သူ့ လောက် မသစ်နိုင်တော့ဘူး။

အလုံးစုံ အသစ်
သမိုင်းသစ်ကို
ခေတ်ဒေါင်းပျိုတို့ 
လှမ်းတက် သစ်လိုက်ပြီ။

ကြည့်လိုက်ကြ၊
ဒီနေ့  ခွပ်ဒေါင်းပျိုတွေက …

ထမီခြုံ ကိုယ်ယောင်ဖျောက်
အသွင်ပြောင်းထားတဲ့
မိစ္ဆာကောင် စစ်အုပ်စုပုံကို
သူတို့  လှစ်ဟပြနိုင်ခဲ့တယ်။

မိစ္ဆာကောင်စစ်အုပ်စုရဲ့
တာဝန် သိုးရေခြုံထားတဲ့
ဝံပုလွေ ရမ်းကားတွေကိုလည်း
အပေါ်ရုံ ခွာပြနိုင်ခဲ့တယ်။

အိပ်ငိုက်နေတဲ့
ရာဇဝင်ဒေါင်းအိုတွေကိုလည်း
လှုပ်နှိုး ဆော်သြနိုင်ခဲ့တယ်။

အရေးကြီးတော့ သွေးနီး
လက်သည်းဆိတ် လက်ထိပ်နာ
ဒေါင်းတမန်တို့  နှိုးထလော့။

ဟိုမှာ … ဒီမှာ
ထမီဲခြုံ ချေးစားစုန်းကဝေ
လဒတွေကို မှိုင်းသွင်း
ခွပ်ဒေါင်းတွေကို ထိုးဆိတ်နေပြီ။

“ဒီအစိုးရကို ငါမယုံဘူး”
ဘဘ ဦးဝင်းတင်စကား ပဲ့တင်ဟပ်
၂၀၁၅ အခင်းအကျင်းကို
လူနဲ့ ဘီလူး စည်းခြားပေး
ဗကသခွပ်ဒေါင်းတို့  လှစ်ဟပြ
တို့ များပြည်သူတွေက
လက်နှေးမနေကြနဲ့ ဟေ့ …။

အမြဲတမ်း အထက်စည်းက
ကိုယ်လိုရာ ကျုံးသွင်းခဲ့
အာဏာရူး စစ်အုပ်စုရဲ့
ပုံစံခွက်က ရေ အဖြစ်မခံ
ရေလျင် သွင်သွင်စီးရဲတဲ့ မြစ်
အဲ့ဒါဟာ …
ဒီနေ့  ဗကသ ဖြစ်တယ်။

ငြိမ်းချမ်းစွာ မျှတခြင်းနဲ့ 
အာဏာရှင်ကို စစ်ခင်းရဲတာ
ဒီနေ့  ဗကသ ဟုတ်တယ်။

ကျော်ကိုကို၊ ဇေယျာလွင်
မင်းသွေးသစ်၊ ဖြိုးဖြိုးအောင်
ဒီနေ့  ခွပ်ဒေါင်းပျို ဗကသတွေ
ငယ်နုပျိုငြားပေမယ့်
အသိဥာဏ် ခေါင်ထွတ်ဦး
ရှေ့ ရေးကို ရည်မျှော်ဆော်
ပြည်ခေါ်နိုင်တဲ့ တိုက်ပွဲ
တပ်ဦးအောင်လံတွေ လွင်လွင့်
လုံးဝ သစ်လိုက်ပြီ။

ရှေးအခါက
ဒေါင်းသမိုင်းကိုလည်း ဆောင်ထိန်း
မနှေးမကြာ
ဒေါင်းသမိုင်းကိုလည်း ပြောင်လိမ်း
အလုံးစုံ သစ်လိုက်ပြီ။

ဆက်တိုက်ကြဟေ့ …
ဘွဲ့ ရ ပညာမတတ်တဲ့
ခေတ်မမီ ပညာရေး၊
အခြေခံပြည်သူ့ ရင်သွေးတွေ
အခြေခံပညာမသင်နိုင်တဲ့ ပညာရေး၊
ရှေ့ ရေးမျှော် ကိုယ်ကျိုးမဖက်
အနာဂတ်အတွက် တိုက်ပွဲ
အောင်နိုင်သည်ထိ ဆက်တိုက်။

ဆက်တိုက်ကြဟေ့…
ပြည်တွင်း ပြည်ပနေရာအနှံ့ 
ဝန်းရံ အားပေးနေတယ်၊
တရားသော တိုက်ပွဲ
လိုက်ပွဲတွေ ဘယ်လောက်လိုမလဲ
အောင်သည်အထိ နွှဲကြမယ်။

ဒီကနေ့ ခွပ်ဒေါင်းပျိုတွေ
ငယ်ပေမယ့် လူကြီးဆန်
ဂုဏ်သရေ ဖြိုးမောက်လျှံ
ဂုဏ်မပြုရ မနေနိုင်အောင်
ဦးညွတ် ဂါဝရပြုမိရဲ့၊

ခွပ်ဒေါင်းသွေးမို့  ရဲသကိုး
ခွပ်ဒေါင်းအတက်မို့  မြသကိုး။   ။

ဓာတ်ပုံ ဘီဘီစီ ၀က်ဘ်ဆိုဒ်မှ ကူးယူသည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts