သူတို့အာဘော်

အရှင်စန္ဒိမာ (မွန်စိန်တောရ) – ဘင်္ဂလားဒေ့ဂ်ျနှင့် ရုရှားနိုင်ငံတို့မှ ရယူစရာ အစွန်းရောက်ဝါဒသင်ခန်းစာ

အရှင်စန္ဒိမာ (မွန်စိန်တောရ)   – ဘင်္ဂလားဒေ့ဂ်ျနှင့် ရုရှားနိုင်ငံတို့မှ ရယူစရာ အစွန်းရောက်ဝါဒသင်ခန်းစာ 

(မိုးမခ) မတ် ၁၊ ၂၀၁၅

(၁)

 

အမေရိကန်နိုင်ငံသား ဘင်္ဂလားဒေ့လူမျိုးဘလော်ဂါ အဝီဂျစ်ရွိင်း (Avijit Roy) ဟာ ဖေဖေါ်ဝါရီ ၂၆ ရက်နေ့က ဒါကာမြို့ လမ်းမပေါ်မှာ သဘောထားတင်းမာတဲ့ အစ္စလာမ်မစ်လူအုပ်စုရဲ့ ရက်ရက်စက်စက် သတ်ဖြတ်တာ ခံလိုက်ရပါတယ်။ ဇနီးဖြစ်သူနဲ့အတူ စာအုပ်ပွဲတော်မှ ပြန်ထွက်လာတဲ့အချိန်မှာ စောင့်ဆိုင်းနေတဲ့ အဆိုပါလူအုပ်စုက သားလှီးဒါးတွေနဲ့ သူ့ကို ဝိုင်းခုတ်သတ်ခဲ့ကြပါတယ်။ ရာပေါင်းများစွာသော ဒါကာမြို့တော်က လူထုကြီးဟာ ရွိင်းအတွက် ဝမ်းနည်းပူဆွေးမှုကို ပြသခဲ့ကြပါတယ်။    

မကြာသေးခင်ကပဲ ရွိင်းဟာ လက်တွေ့လည်းမကျ ကျိုးကြောင်းဆီလျှော်မှုလည်းမရှိတဲ့ ယုံကြည်မှုကို ဆန့်ကျင်ခြင်းဟာ ကျိုးကြောင်းဆီလျှော်တဲ့ အယူအဆပါလို့ သူ့ဖေ့ဘွတ်စာမျက်နှာပေါ်မှာ ရေးသားခဲ့ပါတယ်။ သူဟာ ဘုရားသခင်မရှိဆိုတဲ့ atheism အယူအဆကို လက်ခံထားသူတယောက်ပါ။ လာမယ့်မေလမှာ ထုတ်ဝေမယ့် မဂ္ဂဇင်းတစောင်ရဲ့ ဆောင်ပါးတပုဒ်မှာ ရွိင်းက ဘာသာရေးအစွန်းရောက်ဝါဒကို ကူးစပ်လွယ်တဲ့ ဗိုင်းရပ်နဲ့ နှိုင်းယှဉ်ရေးသားထားခဲ့ပါတယ်။  

ကျောင်းသားတွေ ဆရာတွေ ဘလော်ဂါတွေဟာ ဒါကာတက္ကသိုလ်မှာ စုရုံးကြပြီး ရွိင်းသတ်ဖြတ်ခံရမှုကို ဆန့်ကျင်ကန့်ကွက်ခဲ့ကြပါတယ်။ မူဆလင်လူများစုဖြစ်တဲ့ ဘင်္ဂလားဒေ့ဂ်ျနိုင်ငံမှာ လွတ်လပ်စွာ ထုတ်ဖေါ်ရေးသားတတ်ကြတဲ့ free thinker လို့ ခေါ်တဲ့ ရွိင်းတို့လို စာရေးဆရာများဟာ အစွန်းရောက်တွေရဲ့ ခြိမ်းခြောက်မှုတွေ သတ်ဖြတ်မှုတွေကို ခံကြရလေ့ရှိပါတယ်။ ရွိင်းဟာ သူ့အယူအဆကို ရေးသားဖေါ်ပြမိတာကြောင့် ဘာသာရေးအစွန်းရောက်တွေရဲ့ ရက်ရက်စက်စက် သတ်ဖြတ်တာကို ခံသွားလိုက်ရပါပြီ။ ယနေ့ ကမ္ဘာမှာ ပျံ့နှံ့နေတဲ့ အစွန်းရောက်ဘာသာရေးဗိုင်းရပ်ရဲ့ အကျိုးရလဒ် နောက်ဆုံးအဖြစ်ဆိုးတခုလို့ ပြောရပါလိမ့်မယ်။ 

(၂) 

 

အခြားဝမ်းနည်းဖွယ် သတင်းတပုဒ်ကတော့ ဖေဖေါ်ဝါရီ ၂၇ ရက်နေ့က အထင်ကရ ရုရှားအတိုက်အခံနိုင်ငံရေးသမား လက်ထောက်ဝန်ကြီးချုပ်ဟောင်း ဘောရစ်နမ်ဆော့ဗ် (Boris Nemtsov) ဟာ သေနတ်သမားတွေရဲ့ လက်ချက်နဲ့ မော်စကိုမြို့က ကရင်မလင်နန်းတော်အနီးမှာ အသတ်ခံခဲ့ရပါတယ်။ 

ဘောရစ်နမ်ဆော့ဗ်ဟာ ယခုဖြစ်နေတဲ့ ယူကရိန်းစစ်ပွဲကို ဆန့်ကျင်သူဖြစ်သည့်အပြင် ယူကရိန်းမှ ခွဲထွက်ခဲ့တဲ့ ကရိုင်းမီးယားဒေသအရေးကိစ္စမှာလည်း ရုရှားအစိုးရရဲ့ ရပ်တည်ချက်အပေါ် ပွင့်ပွင့်လင်းလင်း ဝေဖန်ခဲ့သူတယောက် ဖြစ်ပါတယ်။ 

ဘောရစ်နမ်ဆော့ဗ်ဟာ ယူကရိန်းစစ်ပွဲမှာ ရုရှားရဲ့ ပါဝင်ပတ်သက်မှုနဲ့ သမ္မတပူတင်ရဲ့  ရန်လိုကျူးကျော်တဲ့ အပြုအမူကို ဆန့်ကျင်ကြဖို့ တနင်္ဂနွေနေ့မှာ ပြုလုပ်မယ့် လူထုချီတက်ပွဲအတွက် စည်းရုံးလှုံ့ဆော်နေရင်း ယခုလို အသတ်ခံလိုက်ရတာပါ။ 

ဘောရစ်နမ်ဆော့ဗ်ကို ရိုးသားဖြောင့်မတ်တဲ့ ဒီမိုကရက်တယောက်အဖြစ် လူမှုရေးမီဒီယာတွေမှာ အောက်မေ့တသ ဂုဏ်ပြုရေးသားနေကြပါတယ်။ သူဟာ အစွန်းရောက်အမျိုးသားရေးဝါဒီတွေရဲ့ သတ်ဖြတ်တာကို ခံသွားလိုက်ရပါပြီ။ လွဲမှားတဲ့ အမျိုးသားရေးဗိုင်းရပ်ရဲ့ အကျိုးဆက်တခုအဖြစ် အဖိုးတန်တဲ့ နိုင်ငံရေးသမား ဘောရစ်နမ်ဆော့ဗ်ကို ရုရှားပြည်သူတွေ ဆုံးရှုံးလိုက်ရပါပြီ။ 

(၃)

မြန်မာနိုင်ငံမှာလည်း အစွန်းရောက်အမျိုးသားရေးဝါဒရော အစွန်းရောက်ဘာသာရေးဝါဒပါ ယခုနှစ်ပိုင်းတွေအတွင်း ခေါင်းထောင်လာတာကို တွေ့ခဲ့ရပါတယ်။ ဘင်္ဂလားဒေ့ဂ်ျဘလော်ဂါ အဝီဂျစ်ရွိင်းရေးခဲ့သလို မြန်မာ့လူ့အဖွဲ့အစည်းအတွင်းမှာလည်း အစွန်းရောက်အယူအဆတွေဟာ ဗိုင်းရပ်လို ပျံ့နှံ့လာနေပါတယ်။ 

အာဏာရှင်ဝါဒအမြစ်တွယ်နေဆဲ အကျင့်ပျက်ခြစားမှု ကိုယ်ကျိုးရှာမှုတွေနဲ့ ဝိသမလောဘသမားတွေ နေရာရ အာဏာပြ ထင်တိုင်းကြဲခွင့်ရနေဆဲ မြန်မာနိုင်ငံမှာ  တလွဲဆံပင်ကောင်း လူမျိုးဘာသာအစွန်းရောက်မှုတွေနဲ့ တပူပေါ်နှစ်ပူဆင့် လောင်စာထည့်  မီးထိုးပေးမှုတွေကို အထူးသတိထားသင့်ပါတယ်။ 

ဘင်္ဂလားဒေ့ဂ်ျနှင့် ရုရှားနိုင်ငံတို့မှာ လတ်တလောဖြစ်ပေါ်ခဲ့တဲ့ ဘာသာရေးအစွန်းရောက်ဝါဒနှင့် အမျိုးသားရေးအစွန်းဝါဒတို့ရဲ့ အကျိုးဆက် ကြေကွဲဖွယ်ဖြစ်ရပ်ဆိုးတွေဟာ မြန်မာနိုင်ငံအတွက် ဆင်ခြင်သတိထားစရာ သင်ခန်းစာတွေပဲ ဖြစ်ပါတယ်။ 

လူများစု သာမာန်လူတန်းစားတွေရဲ့ ကြပ်တည်းဆင်းရဲမှုတွေ မြင့်မားဆဲ ကဏ္ဍတိုင်းမှာ ချွတ်ခြုံကျနေတဲ့ မြန်မာနိုင်ငံကို ကယ်တင်ဖို့ ပညာရေးမမြင့်ဘဲ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။ 

ကျောင်းသားတွေရဲ့ ပညာရေးပြုပြင်ပြောင်းလဲဖို့ တောင်းဆိုမှုတွေကို ပုံဖျက်လမ်းလွှဲနေမှုတွေဟာ အာဏာရှင်သရုပ်သကန်တွေကို သတိရစေပါတယ်။ 

နို်င်ငံကို နောက်ပြန်ဆွဲမယ့် အရိုးစွဲနေတဲ့ လက်ညှိုးထောင်ခေါင်းငြှိမ့် မျက်ကန်းအမိန့်နာခံမှု စိတ်နေစိတ်ထား အကျင့်စရိုက်ဟောင်းတွေကို တရားမျှတမှု ရိုးဖြောင့်မှု အမြင်ကျယ်မှု အရှည်ကြည့်မှု ခွဲခြမ်းစိပ်ဖြာတတ်တဲ့ ဥာဏ်ပညာကို အားကောင်းစေမယ့် ပညာရေးအသိအမြင်တို့ဖြင့် အစားထိုးနိုင်ဖို့ ယခုကျောင်းသားများ တောင်းဆိုနေကြတဲ့ ဒီမိုကရေစီပညာရေးပြုပြင်ပြောင်းလဲမှုကို အမြန်အကောင်အထည်ဖေါ်သင့်တယ်လို့ မြင်ပါတယ်။   

ကယ်တင်ရှင်ဝါဒဖြင့် အယုံသွင်းခြင်းခံထားရတဲ့ မြန်မာနိုင်ငံရဲ့ စစ်အာဏာရှင်ဗိုင်းရပ်ကိုလည်း ဒီမိုကရေစီပညာရေးဆေးဖြင့်သာ တိုက်ဖျက်နိုင်ပါလိမ့်မယ်။ 

ကိုးကား > BBC News 

 


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts