ကဗျာ ဆောင်းယွန်းလ

ဆောင်းယွန်းလ – “ဖေဖော်ဝါရီသီချင်း”

ဆောင်းယွန်းလ – “ဖေဖော်ဝါရီသီချင်း”
(မိုးမခ) ဖေဖော်ဝါရီ ၂၅၊ ၂၀၁၅

ဖေဖော်ဝါရီ
ဒီသီချင်းကို ဒီသီချင်းထဲမှာ
အသံထွက် ဆိုလိုက်ရရင်ကောင်းမလား
အသံတိတ် ငိုလိုက်ရရင်ကောင်းမလား….

ငါမသိချင်တာတွေနဲ့
ငါမသိတော့တာတွေကို
မသိလိုက် မသိဖာသာပဲ ထားလိုက်ရမှာလား
ဖေဖော်ဝါရီ….

ဖေဖော်ဝါရီ
အဝေးကျောင်းက ခေါင်းလောင်းသံမကြားရတာ
ကြာခဲ့ပြီပေါ့ ကြာပြီပေါ့…

နာရီရဲ့ ခုတ်မောင်းရာလမ်းအတိုင်း
တစိမ့်ချင်း လိမ့်ဆင်းလာတဲ့ နှင်းတွေက
လှိုင်းထန်သလို အရိုင်းလည်းဆန်ခဲ့ပြီ
ဖေဖော်ဝါရီ….

ဖေဖော်ဝါရီ
ဘယ်ကာလဆီက နှင်းကြွင်းနှင်းကျန်တွေကို
ဘယ်လိုအမြန်နှုန်းနဲ့ သယ်ဆောင်လာတာပ
ဖေဖော်ဝါရီဟာ
ဖေဖော်ဝါရီမကအောင် ဖေဖော်ဝါရီဆန်လွန်းလှပေါ့….

စပ်ထားတဲ့သီချင်းကို ဆိုရမှာလား
ရပ်ထားခဲ့တဲ့သီချင်းကို ဆက်ဆိုရမှာလား
ဝှက်ထားတဲ့ သတင်းထဲမှာတော့
ဧရာဝတီရဲ့ငိုသံကို အဝေးကကြားနေခဲ့ရပြန်ပေါ့
ဖေဖော်ဝါရီ….

ဖေဖော်ဝါရီ
မဝေးတော့ဘူးဆိုတာတွေလည်း
ဝေးဆဲ ဝေးမြဲပါပဲလား…

အရင်က ဆိုနေကျ ငါ့သီချင်းကို
အခု သူတို့ဆိုနေတဲ့အတိုင်း
နောက်ဘာသီချင်းနဲ့ ဘယ်သူကအဆုံးသတ်ရမှာတဲ့လဲ
ဖေဖော်ဝါရီ…..။

Photo – Aung Htet


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts