ရသဆောင်းပါးစုံ အတွေးအမြင် မေငြိမ်း

မေငြိမ်း – ကျမနဲ့ မြန်မာစာ (၂)

မေငြိမ်း – ကျမနဲ့ မြန်မာစာ (၂)
ဖေဖော်ဝါရီ ၁၈၊ ၂၀၁၅
=======

မြန်မာစာမှာ တချို့စာလုံးပေါင်းတွေက စဉ်းစားစရာကောင်းသလို အငြင်းပွားစရာလည်းကောင်းပါတယ်။ ဒါပေမဲ့နဲ့ ဒါပေ မယ့်.. ဆို ခုထိ အငြင်းပွားကြတုန်း.. ‘မဲ့’ .. ရဲ့သဘောက အငြင်းသဘောဖြစ်ပြီး ‘မယ့်’ ရဲ့ သဘောကတော့ ဖြစ်တော့မယ့်.. လုပ်တော့မယ့်ဆိုတာမျိုး စာဟန်အသုံး ‘မည့်’ နဲ့ သဘောတူတာမို့ ကျမကတော့ ‘ဒါပေမဲ့’ ကိုပဲ ပိုလက်ခံပါတယ်။

နောက်ထပ် စဉ်းစားစရာကောင်းတဲ့ စာလုံးပေါင်းက စိန်ခေါ်.. နဲ့ စိမ်ခေါ်.. ပါ။ စိန်ဆိုတာက ရတနာ စိန်ကျောက်အတွက် သတ်မှတ်ပြီးသားဖြစ်သလို စိမ်ဆိုရင်လည်း ရေစိမ်တယ်.. ဆားစိမ်တယ် .. လို့ ရှိပြီးသားပါ။ ကျမ အရင်က တောက်လျှောက် မှတ်လာတာက စိမ်ခေါ်တယ်..။ ဒါကြောင့် ကျော်ဟိန်း ဒါရိုက်တာ လုပ်ရိုက်တဲ့ ရုပ်ရှင်က စိမ် သို့မဟုတ် စိန်..။ ဒါပေမဲ့ နောက်ပိုင်းမှာ ဘာကြောင့် စိန်ခေါ်တယ်လို့ ပြောင်းသလဲ.. ကျမလည်း နားမလည်ပါ။ တွေးကြည့်သလောက်တော့ စိန်လို တန်ဖိုးရှိတဲ့ အဓိပ္ပါယ်တခုခုနဲ့တော့လည်း ပတ်သက်စရာ မရှိလှပါ။

နောက်ထပ် သတ်ပုံ အပြောင်းအလဲတချို့ထဲမှာ အနုတ်ဆိုတဲ့စကားလုံး ရှိပါသေးတယ်။ ကျမတို့ တသက်လုံး အနှုတ်လို့ မှတ်လာတာ.. ခုတော့ အနုတ်ဖြစ်သွားတယ်။ နိုင်ငံခြားသား ကျောင်းသားတွေအတွက်တော့ ရေးတော့ အနုတ်.. ဖတ်တော့ ဟထိုးသံ (aspirate) နဲ့ ဖတ်ရတာကို နားမလည်နိုင်ပါဘူး။ နောက်ထပ် အချိန်မီ၊ အမီလိုက်၊ အလျင်၊ မင်စာလို ရေးတာမှာ ဟထိုးမပါပေမဲ့ ဟထိုးသံထည့်ဖတ်ရတဲ့ စကားလုံးတွေကို ဥပမာပြရပါတယ်။ ဘာကြောင့်အဲလို ဖတ်ရတယ်ဆိုတာကို ရှင်း မပြနိုင်တာမို့ သူတို့အနေနဲ့ Memorize သာ လုပ်ရတော့တာပါပဲ။ ဘာသာစကားမှာ တချို့နေရာတွေ ရှင်းပြလို့ မရနိုင် တာရှိတယ်.. လို့ ပြောရတာပေါ့။ ဥပမာ အင်္ဂလိပ်စကားထဲ Psycho မှာ P သံ ထည့်မဖတ်တာမျိုး၊ But နဲ့ Put အသံ ထွက်ကွဲတာမျိုးပေါ့လို့ ပြောရပါတယ်။

(ဒီလိုပဲ မြန်မာစကားလုံးတွေမှာ သူခိုး၊ သူဌေး၊ သူပုန်၊ သေနတ်၊ ပုလင်း လို စာလုံးတွေမှာ ပထမစကားလုံးရဲ့ သရသံက ပြောင်းသွားတာမျိုးလည်း ရှိတာကိုး)

တနေ့ကတော့ ‘ခစလ’ နဲ့ ပြောကြတာ.. လဲ နဲ့ လည်း ကိစ္စ..
ကျမရဲ့ စာတစ်ပုဒ်မှာ “သူဟာ သူမဟုတ်တော့၊ ဘယ်သူရယ်လို့လဲ အတိအကျ မသိ။” ဆိုတာမှာ ဘယ်သူရယ်လို့လဲ..က အမှန်လား ၊ ဘယ်သူရယ်လို့လည်း ..က အမှန်လားလို့ နှစ်ယောက်သား ပြန်စဉ်းစားကြတယ်။ ကျမက ဘယ်သူရယ်လို့လဲ.. က မေးခွန်းလို့ပြောတော့ သူက ဘယ်သူရယ်.. ဆိုတာကိုက မေးခွန်းဖြစ်နေပြီဆိုတော့ ‘ခစလ’ကတော့လည်း.. က အမှန်လို့ ထင်တယ်တဲ့။ ကျမကတော့လည်း .. ကို သုံးမယ်ဆိုရင် ရှေ့မှာ အကြောင်းအရာတူတစ်ခုပါရမယ်ပေါ့..
ဥပမာ- သူ ဘယ်သူ့ကိုမှမသိတော့.. သူ့ကိုသူလည်း ဘယ်သူရယ်လို့ မသိတော့.. ဆိုတာမျိုး သုံးရမယ်လို့ ထင်တယ်။ ဒါမျိုးက အင်မတန် စဉ်းစားစရာ.. ဆွေးနွေးစရာကောင်းပါတယ်။

ဒါပေမဲ့ မနေ့ကတော့ သတင်းဌာနတစ်ခုက..  အမေရိကန်ပြည်ထောင်စုမှာ နှင်းမုန်တိုင်းကျလို့ လေယာဉ်ခရီးစဉ်တွေ ရပ် လိုက်တဲ့အကြောင်းသတင်းကို ရေးတာမှာ လေယဉ်.. လို့ ရေးပါတယ်။ ယဉ်.. ဆိုတာက ယဉ်ကျေးခြင်းအနက်.. ယာဉ် ဆို တာက စီးနင်းစရာပစ္စည်း.. ဆိုတော့ တော်တော်မမှားသင့်တာပါ။ Typo ဆိုလည်း ပြန်စစ်သင့်ကြောင်းပါ..။ အဲဒီ သတင်း ဌာနမှာပဲ အနုမြူတဲ့။ အဏုမြူနဲ့ အနုမြူကတော့ အတော်သတိထားသင့်တဲ့ကိစ္စပါ.. အဓိပ္ပါယ်ပါ ပြောင်းသွားတာပါ။ နျူက လီးယားကို ညူကလီးယားလို့ ပေါင်းတာကတောင် သိပ်အဓိပ္ပါယ် မထိပါဘူး။

ကျမကတော့ သိပ်မှားနိုင်တဲ့ စာလုံးပေါင်းတွေကို တော်တော် သတိထားပါတယ်။

ပုဂံခေတ် နံရံမှာ မင်နဲ့ ရေးတဲ့စာကို မင်စာ.. လို့ ခေါ်ပါတယ်။ ဒါကို အသံထွက်အတိုင်း မှင်စာ.. လို့ရေးရင်တော့ နာနာဘာဝ အမျိုးအစား ဖြစ်သွားမှာပါ။

အချိန်မီ ရောက်အောင်လာပါ..။ ကားတံခါးကို မှီမထိုင်ပါနဲ့။
အလျင်လိုလျှင် ကားနဲ့ သွားပါ။
အဏုမြူဆိုတာ နုသော မြူမှုန် (အနုမြူ) မဟုတ်။
ယဉ်ကျေးသော လေကို လေယဉ်လို့ ခေါ်ချင် ခေါ်နိုင်ပေမဲ့ လေယာဉ်တော့ မဟုတ်ပါ။

နောက်ထပ် မြန်မာစာမှာ အများစု မကွဲတာက Active Voice  နဲ့  Passive Voice ပါ။ နောက်တစ်ပိုင်းမှာ အဲဒါကို ရေးပါမယ်..။
(ပထမတော့ သတင်းဌာနတွေရဲ့ နာမည်ပါ ထည့်မလို့ပါ။ နောက်တော့ ကျမက အမှားကိုသာ သိစေချင်တာဖြစ်ပြီး လူသိရှင် ကြား အပြစ်တင်ချင်တာမျိုးဖြစ်မှာစိုးတာကြောင့်.. ခုလိုလေးပဲ ရေးလိုက်တာပါ။ ကာယကံရှင်တွေ သိကောင်းပါရဲ့.. ပေါ့ လေ.. )

စာဖတ်ရင်း စဉ်းစားလို့ရလာတာလေးတွေ ရှိရင်လည်း ၀ိုင်းဆွေးနွေးကြစေချင်ပါတယ်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts