သူတို့အာဘော် ငြိမ်းချမ်းအေး

ငြိမ်းချမ်းအေး – ပြန်ချိန်လည်း ဆုံးဖြတ် ခိုင်မာစေ

 

ငြိမ်းချမ်းအေး – ပြန်ချိန်လည်း ဆုံးဖြတ် ခိုင်မာစေ

(မိုးမခ) ဖေဖော်ဝါရီ ၁၆၊ ၂၀၁၅

(၂၀၀၇) မှာ သံဃာ + ကျောင်းသား လှုပ်ရှားမှုကို မဖြိုခွင်းခင် သာသာနာရေးဝန် သူရမြင့်မောင်က မဟန ဆရာတော်တွေကို ကမ္ဘာအေးမှာ အကျယ်ချုပ်သာသာ ထားပြီး ဆန္ဒပြနေတာ သံဃာ အစစ်တွေ မဟုတ်ဘူးလို့ တဖက်က စွပ်စွဲတယ်၊ အခြားတဖက်ကလည်း ဓမ္မစက်နဲ့မရရင် အာဏာစက်သုံးရမယ်ဆိုပြီး လူသတ်ဖို့ ခွင့်တောင်းခဲ့တယ်။  မဟနကလည်း ထုံးစံအတိုင်း ဆိတ်ဆိတ်နေပေးခြင်းဖြင့် မီးစိမ်းပြရတယ်။

အဲဒီမတိုင်ခင်လောက်မှာပဲ ကြခတ်ဝိုင်း ဆရာတော် (အဲဒီအချိန်က ရွှေကျင် ဒု သာသနာပိုင်) က “မီးကြွင်းလည်း မထားလေနဲ့၊ ရန်ကြွင်းရန်စလည်း မထားလေနဲ့။ ဘုရားသား၊ ကျောင်းသား၊ စစ်သားတွေကို လိုအပ်ရင် သုတ်သင်ချေမှုန်းရမယ်” ဆိုပြီး သားသုံးသား နှိမ်နှင်းရေး ရန်၊ ငါ၊ စည်း ပြတ်ရေးကို စစ်ဗိုလ်ချုပ်များ အပေါ် ဆုံးမ သြဝါဒ ပေးခဲ့တယ်။  

မဟန ဆရာတော်များ ကိစ္စ က မတတ်သာတဲ့ သဘောဆောင်တယ် ဖြေတွေးယူချင် ယူနိုင်ပေမဲ့ ကြခတ်ဝိုင်းကတော့ အလိုတော်ရိ သဘာဆောင်ခဲ့တယ်။

ပဲခူးလူထုကလည်း အဲဒီအချိန်က တုံ့ပြန်တာ မြန်တယ်။  ကြခတ်ဝိုင်းဆို ဆွမ်းမလောင်းဘူး။  ကြခတ်ဝိုင်းကလည်း ပြတ်တယ်။  ငါက ဘုန်းကြီးသူဌေး ဆိုပြီး ပြန်ချဲတယ်။  ဘီဘီစီ လိမ်နေသည်၊ ဗီအိုအေ ညာနေသည် တွေ သူ့ကျောင်းက ကိုယ်တော်တွေကို မနက်တိုင်း အော်ခိုင်းတယ်။

အဲဒီနောက်ပိုင်း ကြခတ်ဝိုင်း ရွှေကျင်ဂိုဏ်း အစည်းအဝေး အတွက် မန္တလေးလာဖို့ရှိတော့ မန္တလေးသံဃာ အသိုင်းအဝန်းက လုံခြုံရေးတာဝန် မယူတောင် ဆိုခဲ့ကြတယ်။

ဆိုချင်တာက (၂၀၁၀) မတိုင်ခင်၊ (၂၀၀၈) မတိုင်ခင် ဆိုရင် ပိုမှန်မယ် နိုင်ငံရေးက ရှင်းရှင်းလင်းရှိတယ်။ ရန်သူ၊ မိတ်ဆွေ ကွဲတယ်။  သူ့လူ ကိုယ်ဘက်သား နည်းတယ်။

အခု မျက်မှောက်မှာလည်း စစ်အုပ်စု ရဲ့ တွေးပုံနဲ့တုံ့ပြန်မှု ခြေလှမ်းက (၂၀၀၇) အတိုင်းပါပဲ။  ဒီမိုကရေစီ အမည်ခံပေမဲ့ လူထု လှုပ်ရှားမှု၊ ကျောင်းသား လှုပ်ရှားမှု ဆိုရင် ထိုင်ခုံလှုပ်တော့ မကြည်ဖြူ မနှစ်လိုဘူး။  ဒါကြောင့် ဖြိုခွင်းဖို့ ကြံစည်တယ်။

ဒါပေမဲ နိုင်ငံရေး အနေအထားက သေချာ ပြင်ဆင် အသာရပြီး အခြေအနေဖြစ်တော့၊ အရင်လို ကျည်ဆန်တွေ နံပါတ်တုတ်တွေ တမ်းထုတ်စရာ မလိုသေးဘူး။  အရင်လို လူသတ်ရင် နာမည်ပျက်မယ်၊ ထောက်ခံမှု ရပြီး ဖြစ်တဲ့ အမေရိကန်နဲ့ အနောက်အုပ်စု ငြိုငြင်မယ်။  စီးပွား စားပေါက်ပိတ်မယ်။ ဒါကြောင့် စနစ်တကျ မွေးထားပြီး ဖြစ်တဲ့  ကြားခံတွေနဲ့သာ ဒီကျောင်းသားလှုပ်ရှာမှုကို ဖြေရှင်းတယ်။

အခုအနေထားမှ ကြားမှ ကြားခံ တွေ အများကြီး ရှိတယ်။  ရန်သူ မိတ်ဆွေ မကွဲပြားတော့ဘူး၊ သူ့လူ ကိုယ်ဘက်သား များလာပြီ။

အစိုးရဘက်က ဒီသပိတ်တားဖို့ ခရီးလမ်းတလျှောက် အမျိုးမျိုး  လုပ်ခဲ့တာတွေ၊ ကျောင်းသား အစစ်မဟုတ်ဘူး၊ ကွန်မြူနစ် သွေးထိုးသူတွေ နောက်ကွယ်ကပါတယ်၊  အစွန်းရောက်တွေရဲ့ မျိုးဆက်သစ်တွေ စတဲ့ စွပ်စွဲမှုတွေ ထားလိုက်ဦး၊ တခြား အင်အားစုများရဲ့ တုံ့ပြန်မှုကိုပဲ ကြည့်ကြည့်ပါ။

စာနယ်ဇင်း အများစု မှာ အစကတည်းက လမ်းပေါ်ထွက်တာကို မနှစ်လိုတဲ့ အသံတွေ ပြည့်ခဲ့တယ်။  အခုလည်း သပိတ်ရပ်ဖို့ပဲ ဝိုင်းဇောင်းပေးတယ်။  အမာခံ စာနယ်ဇင်း တချို့ကလွဲလို့။

အတိုက်အခံ ခေါ်ခေါ် ဒီမိုကရေစီ အင်အားစု ဆိုဆို ကလည်း အစကတည်းက ကျောင်းသား လှုပ်ရှားမှုကို ဟက်ဟက်ပက်ပက် မရှိဘူး။  အခုလည်း လိုချင်တာကို စားပွဲဝိုင်းမှာ ဆွေးနွေးဖို့ ပြောပြီပဲ နဲ့ပဲ ချွေးသိပ်ချင်နေချင်ကြပြီ။

နောက်ဆုံး တိုင်းပြည်ရဲ့ အရေးအရာတိုင်းမှာ မပါမဖြစ်တဲ့ သြဇာကြီး သံဃာ အုပ်စုပေါ့။

သီတဂူ ဆရာတော်က အမြဲတမ်း ကြားနေတဲ့ အနေအထားကို ပြချင်တယ်၊ အမုန်းမခံဘူး။  ဆိုတော့ သိန်းစိန်လည်း ထောက်ခံတယ်၊ ဒေါ်အောင်ဆန်းစုကြည်ကိုလည်း အရတော်တယ်၊ အောင်ဆန်း မသေဘူး ဆိုတယ်။  မျိုးစောင့်လည်း ဖြစ်တယ်၊ မဘသ လည်း လာထား၊ ငြိမ်းချမ်းရေး ဆိုလည်း ရှေ့ဆုံးက ဆိုတဲ့ ရပ်တည်ချက် အနေအထား။  

သီတဂူ နဲ့ အတိုက်အခံ ရဲ့မတိုက်မခံဖြစ်မှု ဖြစ်စဉ်ကို ကြည့်ရင်ကို မျက်မှောက် နိုင်ငံ အခြေအနေ ဘယ်လောက် ရှုပ်ထွေး စစ်အုပ်စု လုပ်သမျှ တင့်တယ်နေတယ် ဆိုတာ သိနိုင်တယ်။

ကိုရဲမိုးတို့လို သြဇာ အတိုင်းအတာ တခု အထိ သက်ရောက်တဲ့ စာနယ်ဇင်း ကလောင်မျိုးက အစလည်း ထုံစံအတိုင်း နောက်ပြန်လှည့်တရားနဲ ခြောက်တယ်။  သူထောက်ပြတဲ့ အချက်တွေက အမှန်တွေပါ၊ ကောက်ချက်ကလည်း လက်သင့်ခံ စဉ်းစားဖွယ်ပါ။  ဒါပေမဲ့ မဖြစ်နိုင်ပါ။

အာဏာသိမ်းစရာ မလိုတဲ့ အနေအထားမို့ စစ်အာဏာသိမ်းမှုက နောက်ဆုံး အလုပ်၊ ဖြစ်နိုင်ချေအနည်းဆုံးပါ။  အမေရိကန် ထောက်ခံမှုရှိတယ်၊ အမေရိကန်က အတိုက်အခံနဲ့ အစိုးရ နှစ်ဖက်လုံးကို လွှမ်းမိုးနိုင်စွမ်းတယ်။  စီးပွား မျှော်လင့်ချက် အပြည့်ရှိတယ်။  အသာစီးရ နိုင်ငံရေး အနေအထားရှိတယ်။  မသေမရှင် အတိုက်အခံ ရှိတယ်။  သြဇာရှိ ဘာသာရေး ခေါင်းဆောင်တွေရဲ့  Blessing ရှိတယ်။

ဆိုတော့ ဘီလူးဆိုင်း ပတ်လုံး ပတ်မ အပြည့်တီးဖို့မလိုဘူး။  လိုအပ်တဲ့ အချိန် လိုသလို ကျောင်းမှန်ကန်မှန်းသိအောင် မကြာခဏ ဘီလူးအစွယ် ထုတ်ပြတတ်ဖို့ပဲ လိုတယ်။  (ဥပမာ – လက်ပံတောင်း မီးဗုံး ဒေါ်ခင်ဝင်း၊ ကိုပါကြီး နဲ့ အခြား အကြမ်းဖက်မှု အစုစု)

ဒါကြောင့် တကယ်တော့ ဘန်ကောက်ကလည်း ကြိုဆိုဖို့ မရှိပါဘူး။  အမှန်က “စင်္ကာပူ က ကြိုဆိုနေသည်” ပါ။  မသေမရှင် အတိုက်ခံနဲ့  နိုင်ငံရေးသင်းကွပ်ခံ ဖြစ်နေတဲ့ အနေအထားက (၂၀၁၅) အလွန်မှာလည်း အများကြီး ပြောင်းစရာ မရှိပါဘူး။  (စင်္ကာပူက ကြိုဆိုသည် ကိစ္စ ဆောင်းပါး သီးသန့် ရေးရပါမယ်။)

ကဲ နောက်ဆုံး လူထုတုံ့ပြန်မှု ကြည့်ရအောင်ပါ။  အခြေခံလူထု အများစုက အမြဲတမ်း လှုပ်ရှားမှုတွေနဲ့ တသားတည်းပါ။  ကြခတ်ဝိုင်းကို ပဲခူးလူထု ချက်ချင်း တုံ့ပြန်သလို ရန်၊ ငါ၊ စည်း ပြတ်စဲ၊ မတွေဝေ မတိမ်းစောင်း ဆိုနိုင်ပါတယ်။

ဒါပေမဲ့ လူ့အဖွဲ့အစည်းမှာ လူတွင်ကျယ် အသံစူးတဲ့ အထက်တန်းလွှာနဲ့ ပညာတတ် လူလတ်တန်းစာ ဆိုသူ မကျက်တကျက် နိုင်ငံရေး မလည်ရှုပ် များကတော့ ကျောင်းသားလှုပ်ရှားမှုကို အစကတည်းကလည်း နှစ်နှစ်ကာကာ မရှိ၊ အခုအချိန်မှာကျ ပိုလို့ အဖျက်သမား၊ ကွန်မြူနစ် နံမည် တပ်ချင်တော့တာပေါ့။

ဒီမြင်ကွင်းဟာ လက်ရှိ ဗမာ့ သမိုင်းဝင် နိုင်ငံရေး အပြောင်းအလဲ ပါပဲ။  ဘုရားစူး ဒီမိုကရေစီ  စနစ် အပြောင်းအလဲပေါ့။

စစ်အုပ်စု လုပ်ရမယ့် အလုပ်၊ ပြောရမယ့် စကားတွေကို အငှား ပါးစပ် ကြားခံ တွေက တဆင့် ပြောခွင့်ရသွားခြင်းဟာ အခု ကမ္ဘာကတောင် အသိအမှတ်အပြု ကိုကာကိုလာ၊ ကေအက်ဖ်စီ၊ ဟီလာရီ၊ အိုဘားမားကနေ ဘုန်းတော်ကြီး တူးတူး အလယ်၊ မိုက်ကယ်လန်းနဲ့ ကေပေါ့ပ် အဆုံး ဦးခိုက်ရတဲ့ အပြောင်းအလဲ ဆိုတာပါပဲ။

ဒါကြောင့် ကျနော် အမြဲဆိုခဲ့တာပေါ့။  “Change has come to Burma at last!”

ဆိုတော့ အခု ကျောင်းသားရဲ့ ရန်အပေါင်းကုန်အောင် တိုက်မယ့် ပြည်တော်ဝင် ခရီးကို အကြမ်းဖက် ဖြိုခွဲ ဖြေရှင်းရင်တောင်မှ စစ်အုပ်စုက မျက်နှာပန်းလှမြဲ လှဦးမယ့် အနေအထား၊ ဝန်းရံ ထောက်ခံ ဖာပေးသူ အပြည့်နဲ့ အနေအထားပါ။  ကျောင်းသားလေးတွေ အနေအထားက သတ်ကွင်းကို ဝင်ရတော့ မလိုပါပဲ။

ဒီမိုကရေစီ အင်အားစုဘက်က ဒီအချိန်မှာ နည်းနည်းဖြင့် အသံလေး ထပ် ထွက်ပေးသင့်ပါတယ်။  အမေရိကန်၊ ယူကေ၊ အီးယူ ကို တိုင်တည် အကြမ်းမဖက်ဖို့ ထပ် ပြောပေးကြပါ။  ဒါ နှစ်ပေါင်း နှစ်ဆယ်ကျော် လုပ်လာခဲ့တဲ့ Statement Politics ကိုပဲ လုပ်ပေးဖို့ တောင်းဆိုတာပါ ဗျာ။ အသက်တချောင်း ကယ်ကောင်းပါတယ်၊ အခုဟာက အသက်တွေ ဘဝတွေ များစွာ အပြင် နိုင်ငံ အနာဂတ်နဲ့လည်း ဆက်စပ်နေပါတယ်။  

ဒါ့အပြင်တော့ အားကိုးရာ ပြည်သူသာ အမိ၊ ပြည်သူသာ အဖ ဖြစ်တော့ လူထုရင်ခွင် ခိုလှုံကြပါလို့ပဲ ထပ်ဆိုရမှာပါ။  စာနယ်ဇင်းကလည်း မျက်ခြည်မပြတ် ကြည့်ရှု စောင်မပါ။  အလှမ်းဝေးတဲ့ နယ်တွေမှာတောင် တာဝန်ကျေခဲ့တာပဲ။  အခု ရန်ကုန်လို မြို့ကြီးနားတောင် ရောက်လာပြီဆိုတော့ အားလုံး ဝိုင်းဝန်းရမှာ ပို အဆင်ပြေပါပြီ။

သမိုင်းမှာ သွေးစွန်းတဲ့ နေ့ရက်တရက် ထပ် မတိုးဖို့ လူထုသည်သာ ကိုးကွယ်ရာ အင်အား ပါ။

ရေစုန်ကို ဆန်နေတဲ့ ဘဝစေရာ တာဝန်ကျေပွန်သူ ကျောင်းသားလူငယ်များ ပြန်ချိန်လည်း ဆုံးဖြတ် ခိုင်မာစေ၊ ရာသီလည်း တွက်ချက်၊ မှန်ကန်နိုင်ကြပါစေ။

ငြိမ်းချမ်းအေး

 

ဖေဖော်ဝါရီ ၁၅၊ ၂၀၁၅


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts

One thought on “ငြိမ်းချမ်းအေး – ပြန်ချိန်လည်း ဆုံးဖြတ် ခိုင်မာစေ
  1. Some magazines are so stupid and selfish. They just look for their benefit.

    Those students are our country future. Should open mind and heart !

    What about democracy people, and 88 generations ! Just remember ! You were students !

Comments are closed.