ကဗျာ တင်မိုး

တင်မိုး – မြက်ရိုင်းညိုညို တက္ကသိုလ်

 

တင်မိုး – မြက်ရိုင်းညိုညို တက္ကသိုလ်

(မိုးမခ ပြန်လည်ဆန်းသစ်ခြင်း) ၁၆ ဖေဖော်ဝါရီ၊ ၂၀၁၅

ကံ့ကော်ပွင့်တွေ

အစုလိုက် အပုံလိုက် ကြွေခဲ့တဲ့

တက္ကသိုလ်မြေ အဓိပတိလမ်း

မျက်ရည်စမ်းစမ်းနဲ့ လျှောက်မိတယ်။

ကျောင်းတံခါးတွေပိတ်

ကျောင်းသားရိပ်မျှမမြင်ရ

သွေးစသွေးန တစက်

ငှက်ဆိုးထိုးတဲ့ အမှောင်ည

ငွေလရောင်ကင်းမဲ့

ရှိုက်သံသဲ့သဲ့ ချောက်ခြားဖွယ်။

ဗိုလ်အောင်ကျော် ဦးသန့် ဂူ

က၀ိတဆူ မှိုင်းရာပြည့်

ဤသည့်နေရာ တ က သ စခန်း

ဗိုလ်ချုပ်အောင်ဆန်း ဦးနု

လူထုရဲ့ ခေါင်းဆောင်ကောင်းတို့ 

ဦးခေါင်းမညွတ် အောင်ပန်းဆွတ်ရာ

မင်္ဂလာ မြေနက်သန်မှာ

မနက်ဖြန်ကိုစောင့်လင့်သကဲ့သို့ 

ရိုင်းမြင့် ရွက်ရှည် အပြိုင်းပြိုင်း

မြက်ရိုင်းတွေပေါက်နေကြတယ်။

မြင့်မြတ်တဲ့နေရာစခန်း

မြက်ရိုင်းတွေ မလွှမ်းစေနဲ့ ။ ။

တင်မိုး

၂၃၊ ၁၁၊ ၂၀၀၁

 

ကဗျာ ကို ပြန်လည် ဖော်ထုတ်သူ ကဗျာဆရာအောင်ဝေးကို ကျေးဇူးတင်ပါသည်။  ဆရာကြီး တင်မိုး (၁၉၃၃-၂၀၀၇) ကောက်ကြောင်းပုံသည် ပန်းချီလင်းဝဏ္ဏ လက်ရာပုံဖြစ်ပါသည်။  သမီး မိုးချိုသင်း သူ့ လူမှုကွန်ရက်စာမျက်နှာတွင် တင်ထားသည့် “မိုးနဲ့စမ်း” စာအုပ်တိုက်ထုတ် “တင်မိုး ၈၀၊ ကဗျာ ၈၀” မျက်နှာဖုံးပန်းချီ ဖြစ်ပါသည်။  ကဗျာနှင့် ပန်းချီ ကို အခကြေးငွေဖြင့် စီးပွားဖြစ် အသုံးမပြုရန် အလေးအနက် သတိပေးပါသည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts