ကဗျာ သစ်ကောင်းအိမ်

သစ်ကောင်းအိမ် – ပဉ္စမထပ်က နှင်းမြူ …

သစ်ကောင်းအိမ် – ပဉ္စမထပ်က နှင်းမြူ …
(မိုးမခ) ဖေဖော်ဝါရီ ၁၄၊ ၂၀၁၅

(၁)
ကမ္ဘာပေါ်မှာ ချစ်စရာအကောင်းဆုံး စစ်ဆိုလို့
တခုတည်းပဲရှိတယ်..
အဲဒါကတော့ အချစ်စစ်ပဲဗျ …
ခင်ဗျားက လူပျိုသိုးကြီးဆိုတော့ အဲဒါတွေ ဘယ်သိပါ့မလဲ.. လို့
ကျနော့်ရဲ့ အကိုကြီးသူငယ်ချင်းများထဲက တယောက်ဖြစ်သူ
ကိုအောင် (ကဗျာဆရာစိုးရိမ်)
ကမ္ဘာပေါ်မှာ ဘယ်စစ်မှမကောင်းတဲ့အကြောင်းရေးထားတဲ့
သူ့စတေးတပ်အောက်မှာ ဝင်နောက်ရင်းနဲ့ …..

(၂)
မာဖီးယားဂိုဏ်းချင်း တိုက်ပွဲဖြစ်ရာက သေဆုံးသွားတဲ့ မာဖီးယားဂိုဏ်းသားတွေနဲ့
တိုင်းပြည်အတွက် အသက်စွန့်သွားတဲ့ သူရဲကောင်းတွေကြားက
နီဗာန်နဲ့ငရဲလို ကွားခြားတဲ့ အဓိပ္ပါယ်ဆီရောက်သွား ပြီးတော့ ..
ဟိုဒီလျှောက်ဖတ် လျှောက်ကြည့်ရင်း
အနိဌာရုံဆိုးနဲ့ လူတစု အစုလိုက်အပြုံလိုက်
ခွေးတွေ ဝက်တွေ အရှင်လတ်လတ် မီးမြိုက်ခံရသလို ဓာတ်ပုံကိုသွားတွေ့တော့
အဲဒီ သေဆုံးသူ လူမိုက်တစုအပါအဝင် စုဝေးဖွဲ့ထောင်ထားတဲ့ လူမိုက်ဂိုဏ်းကြီးက တိရစ္ဆာန်တကောင်လို ညှင်းဆဲသတ်ဖြတ်ပစ်ခဲ့တဲ့
အပြစ်မဲ့ သာမန်ပြည်သူဖြစ်သူ
ကျနော့်ရဲ့ အကိုကြီးသူငယ်ချင်းထဲက တယောက်ဖြစ်တဲ့
ကိုပါကြီးကို အလောင်းကို ပြန်ဖော်တော့
ယူကြုံးမရ ငိုကြွေးနေတဲ့ သူ့ချစ်ဇနီး မသန္တာရယ်
တဦးတည်းသော ကျန်ရစ်သူ သမီးလေးမျက်နှာကို
မြင်ယောင်သွားမိတယ်။

(၂)
လူမိုက်နဲ့ ပေါင်းဖော်မှီဝဲခြင်းမှ
ရှောင်ကျဉ်ပါတဲ့ ……
၃၈ဖြာ မင်္ဂလာရဲ့
ပထမဆုံးအပိုဒ်ကို
သတိရမိတယ်

လူမိုက်ကလေးတွေကတော့
လူမိုက်ကြီးတွေရဲ့
လူမိုက်ဂိုဏ်းထဲဝင်
လူမိုက်ငယ်လေးတွေလုပ်
လက်နက်မဲ့ အပြစ်မဲ့လူတွေအပေါ်
နိုင်ထက်စီးနင်း လက်နက်နဲ့
လူမိုက်ဂုဏ်ရည်ကို ပြကြရင်းကနေ
သူတို့လိုပဲ လက်နက်ရှိသူအချင်းချင်းနဲ့
စားကျက်အလုမှာ
လက်ဦးမှုရသူသွားသူလက်ထဲမှာ
ခွေးသေဝက်သေ
လူမိုက်ဇာတ်သိမ်းသွားကြရရှာတယ်ထင်တယ်။

( ၃)
(ကျနော်သွေးသားဆွေမျိုးတွေထဲမှာလည်း
အဲဒီလူမိုက်ဂိုဏ်းနဲ့ ပတ်သက်ဆက်နွယ်သူတွေရှိတာပါပဲ..
ဒါပေမယ့်..
အဲလို အဖြစ်ဆိုးမျိုးနဲ့တိုးခဲ့ရင်လည်း
ကျွတ်.. ဆိုပြီး စုတ်သတ်စရာ
ကျနော့်နှုတ်ဖျားမှာ
ကျွတ်စရာမျှပင် မရှိဘဲ..
အင်း.. ဘယ်တတ်နိုင်မှာလဲ
မင်းတို့ လူမိုက်နဲ့ပေါင်းဖော်မှီဝဲတာကိုးလို့
သံဝေဂရယူစရာပဲရှိပါတယ်.. )

(၄)
ဗိုလ်နေဝင်းက
လူမိုက်တွေရဲ့ ဦးခေါင်းထဲမှာ
သွတ်လွှတ်ခဲ့ပြီး

စစ်မျိုးဆက်အဆက်ဆက်ကို
ကျားရိုးသွေးတိုက်ရင်း
နောက်ဆုံးထွက်သက်အထိ
အမှားကို ဝန်မချခဲ့သည့်နည်းတူ

အာဏာစားခွက်လုပွဲမှာ
အမြီးပြတ်ခဲ့သူ
ပန်းချီပြခန်းကြီးဖွင့်ထားသူ
ဗိုလ်ခင်ညွှန့်၏နှုတ်မှ
သူ့ကို ကြိုးစင်မတင်ဖို့
သူ့ရာဇဝင်ကြွေးမကင်းသူ မျိုးရိုးစဉ်ဆက်များအား
တောင်းပန်စကားခွန်းဟများ
ကြားဖူးကြပါလေစ …

(၅)
ကိုပါကြီးရေ..
ခင်ဗျားကို
သောက်ရင်းစားရင်း ရယ်ရယ်မောမော
တိရိစ္ဆာန်တကောင်လို လူမဆန်အောင်သတ်ဖြတ်ခဲ့တဲ့
လူမိုက်ဂိုဏ်းကြီးထဲက
လူမိုက်တစုတော့
ခင်ဗျားသွားတဲ့လမ်းဘက် လိုက်သွားကြရှာတယ်ဗျား ….

(၆)
ဒါပေမယ့်
ခင်ဗျားက အဖြူရောင် အခိုးအငွေ့သဏ္ဍာန်နဲ့
လူးလွန်းပျံသန်းရင်း
ကောင်းကင်မြင့်မြင့်တနေရာမှာ….

လူမိုက်ဂိုဏ်းကြီးထဲက
လူမိုက်တစုရဲ့
ဝိဉာဉ်မည်းမည်းတွေကိုတော့
မြေအောက်လှိုဏ်ခေါင်းတွေက
စုပ်ယူသွားရှာပြီ။

ငရဲရဲ့
စအိုဝ အပြင်ဘက်အထိပဲတဲ့ …. ဗျ ..။

(၇)
ဝမ်းသာလိုက်တာဗျာ..
ဒီတခါတော့
လူမိုက်တွေနဲ့
ခင်ဗျား
ပြန်မဆုံရတော့ဘူး…….

(၈)
လက်ပတောင်းက
ကိုယ့်မြေကိုယ် ပြန်တောင်းသူ
လယ်သူမကြီး ဒေါ်ခင်ဝင်းခေါင်းထဲကို
မိဒ်အင်ဘာညာဆိုတဲ့..
ကျည်ဆံတတောင့်
လက်ဆောင်ရခဲ့တယ်..
ပိုလန်ကို
ဝင်သိမ်းတော့လည်း
စစ်သားမိန်းမ
မုဆိုးမဝတ်စုံနက်တစုံသာ လက်ဆောင်ရသတဲ့…

(၉)
ရှာလီဝေလင်ရေ..
လူမိုက်ကတော်တွေရဲ့
စိန်စီထားတဲ့
မုဆိုးမဝတ်စုံပေါ်မှာတော့
ညက စွန်းပေခဲ့တဲ့
လူမိုက်ဇာတိဂုဏ်နဲ့
စိန်ရောင် တဖျပ်ဖျပ်နဲ့တောက်ပတုံး…


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts