သူတို့အာဘော် ငြိမ်းချမ်းအေး

ငြိမ်းချမ်းအေး – ဒီမိုကရေစီကို ဝမ်းယောင်စေသူများ

 

ငြိမ်းချမ်းအေး – ဒီမိုကရေစီကို ဝမ်းယောင်စေသူများ

(မိုးမခ) ဖေဖော်ဝါရီ ၁၃၊ ၂၀၁၄

ဒီမိုကရေစီကို ဈေးဖျက်ကြသူများ (၃)

လူဆိုတာက စိတ်ခံစားမှု သတ္တဝါပါ။  ခံစားမှုကို လှုပ်နိုးအောင်လုပ်နိုင်ရင် သူသူကိုယ်ကိုယ် ပစ်ကျတတ်တာ သဘာဝပါ။

ဒါကြောင့် စိတ်ဓာတ်စစ်ဆင်ရေး အလေ့အကျင့်ရှိတဲ့ စစ်အုပ်စုဒူးမနာသားများက  အလောင်းပုံတွေတင်ပြ၊ ခြေပြတ်လတ်ပြတ်တွေပြ၊ မဆိုင်တဲ့ အမျိုးသမီးငယ် အလောင်းပါ တင်၊ တပ်ထဲကျန်တဲ့ စစ်သမီးက ရေးတယ်ဆိုတဲ့ စာမျိုး တွေနဲ့ လှည့်ဖြားတော့ (ကျနော့်သူငယ်ချင်းတွေထဲက) ခေတ်ပညာတတ် (အတန်းပညာတတ်) ဆိုသူတွေကိုယ်တိုင် လှည့်စားခံရတာပေါ့။

ကျနော် နားလည်ပါတယ်။  လူတွေရဲ့ စိတ်ကို ပြန်ပေးဆွဲဖို့ သိပ်လွယ်တာ သိတာပေါ့။  လူတွေဟာ ဘွဲ့တွေ အများကြီး ရချင် ရမယ်၊ အသိဉာဏ်ညွှန်းကိန်းတွေ ပြည့်မီရင် မီမယ်၊ စိတ်ခံစားမှုဆိုင်ရာ ညွှန့်ကိန်းတော့ သူသူကိုယ်ကိုယ် နည်းတတ်ကြပါတယ်။  Emotional Blackmail လုပ်ဖို့ သိပ်လွယ်တယ်။

ဒါကြောင့် ကျနော် အရင် ထောက်ပြခဲ့ပါတယ်။  ဒီမိုကရေစီ အမည်ခံပြီး အလောင်းပုံပြ မစည်းရုံးချင်ဖို့၊ သွေးမထိုးဖို့၊  ငါတို့ လူထု အများဆိုပြီး နာမည်ကျော်ပေါ်ပင်မင်းသားရဲ့ ရပ်တည်ချက်ကို စိတ်ပိုင်းဆိုင်ရာ ပြန်ပေးဆွဲပြီး မပြောင်းချင်ဖို့။

ဘာထူးမှာလဲ။  အခု စစ်လော်ဘီများက မဆိုင်တဲ့ မိန်းကလေးပုံ ကို သုံးလို့ အပြစ်ပိုတင်လို့ ရတယ် ဆိုပေမဲ့ ဒီမိုကရေစီ ဘက်တော်သား ဆိုသူများ ကိုယ်တိုင်လည်း အလောင်းပုံ (အစစ်တွေ) ကို အသုံးချတတ်ကြတာပဲ မလား။  လိုရင်း ကတော့ လူတွေရဲ့စိတ်ကို  ထိခိုက်စေချင်တာ၊ အညှာကို ကိုင်ချင်တာ၊ Emotional Blackmail လုပ်လိုတဲ့ ရည်ရွယ်ရင်းကတော့ အတူတူပါပဲ။

ကျနော် အမြဲ ဆိုခဲ့တဲ့ ဒီမိုကရေစီကို ဈေးမဖျက်ကြပါနဲ့ ဆိုတာ ဒီလို သဘောတွေကြောင့်ပါ။  ကိုယ့်လုပ်ရပ်တွေ၊ အတွေးအခေါ်တွေ၊ ခံယူချက်တွေက ကိုယ်ဆန့်ကျင်နေတဲ့ (ဆိုတဲ့) သူတွေရဲ့ လမ်းစဉ်၊ လုပ်နည်း၊ လုပ်ဟန် အတိုင်းပဲ ဖြစ်နေမှန်း သတိပြုမိစေချင်လို့ပါ။

တွေးခေါ်မြော်မြင်မှု မပါ၊ ယုံကြည်ချက် မရှိ စိတ်ခံစားမှု ကို အခြေခံ ကိုင်လှုပ်ခံရလို့ ကိုယ့်ဘက်ကို လူ တစ်သိန်း ပါလာစေဦး။  ဒီမိုငပေါလူအုပ်ပဲ တိုးလာပါမယ်။  ဒီလူအုပ်က ‘အဘ’ လည်း ရတယ်၊ ‘အမေ’ လည်း လာခဲ့ ဆိုတဲ့ အစားထဲကပဲ ဖြစ်ပါမယ်။  လေယူရာတိမ်း အခြေခံမူဝါဒ ခိုင်မာ မှန်ကန်မှု၊ ရေရှည်တည်တံ့တဲ့ ယုံကြည်ချက်မျိုးလည်း ရှိမှာ မဟုတ်ပါဘူး။  ဒီလိုလူအများနဲ့ တိုင်းပြည်မှာ တကယ်လိုအပ်တဲ့ ဒီမိုကရေစီ တရားသာ တန်ဖိုးတွေ ယုတ်လျော့ကျဆင်းသွားရတာပဲ အဖတ်တင် သွားပါတယ်။

စစ်အုပ်စုဘက် မှိုင်းတိုက်ရေးက လိမ်ဆင်တွေ လုပ်လိုက်၊ ကျင့်ဝတ်မဲ့မှုတွေ လုပ်လိုက်၊ ဒီမိုကရေစီ အမည် ခံယူထားသူများက တကွေ့ကွေ့ရောက်ရင် ပြန် တလှည့် သိက္ခာမဲ့၊ သီလပျက် လုပ်ရပ်တွေလုပ်လိုက်နဲ့ လူ့အဖွဲ့အစည်းမှာ စံတန်ဖိုးတွေ ယုတ်လျော့ကုန်ရတယ်။  တန်ဖိုးမဲ့၊ ယုံကြည်ရာမဲ့၊ ပေါ့ပေါ့နေ ပေါ့ပေါ့စား ပေါ့ပေါ့တွေးတဲ့ လူပြိန်းတွေသာ ပေါလာတယ်။  ‘အကြောင်းကို မသိသော ငါ’ တွေ များလာတယ်။  အကျိုးဆက် တိုင်းပြည်မှာ အာဏာယူထားသူတွေ ထင်တိုင်းကြဲ လုပ်ချင်တာ လုပ်ခွင့်သာ၊ လှည့်ချင်တိုင်း လှည့်ခွင့်ရ၊ မျက်လှည့်ပွဲတွေ သူတို့ အခက်ကြုံတိုင်း ကျင်းပ၊ ဝှက်ဖဲ အဆင်ကြီးတွေက ရိုးပေမဲ့ သူတို့ လိုတိုင်း အသုံးတည့်နေ ဖြစ်နေရတာပေါ့။  ဒီသဘောကြောင့်  စနစ်ဆိုး သံသရာလည် ရုန်းမထွက်နိုင် ဖြစ်ရတာပါ။

လူတဦးချင်းရဲ့ ရပ်တည်မှု၊ အလုပ် သေးသေးလေးကနေ ဘယ်လောက် အထိ အကျိုးသက်ရောက် ကြီးကျယ်ဆိုတာ မြင်နိုင်ကြပါစေ။

“အကုန်ရရင် ရ၊ မရရင် တခုမှ မလိုချင်ဘူး” ဆိုတဲ့ ဗားတော့ဗရက် ကဗျာ ရွတ်၊ ကိုဇာလျန်း သီချင်း အော် နေတာက အနီဆန် ရဲရဲတောက်စကားတွေ လူကြားကောင်းအောင် ဆိုပြရုံသက်သက်မဟုတ်ပါဘူး။

ကျနော်တို့ အနေနဲ့ မြန်မာ့နည်းမြန်မာ့ဟန် စစ်တပ်နည်းနာ စည်းကမ်းပြည့်ဝ ဆိုတဲ့ စစ်ဖွဲ့စည်းပုံ ချုပ်နှောင်ခံ၊ အစိတ်သား ငါးဆယ်သာ ရေရော ခွေးတူဝက်တူ ဒီမိုကရေစီကို မလိုလားဆန့်ကျင်ရမှာ ဖြစ်သလို ဒီမိုကရေစီလူပြက်တွေရဲ့ ကျင့်ဝတ်၊ သီလ၊ သိက္ခာ၊ သမာဓိ၊ စံတန်ဖိုးမဲ့ ဒီမိုကရေစီပျက်တွေ၊ အိုးမည်းသုတ်ခံထားရတဲ့ ဒီမိုကရေစီတွေ၊ ဈေးဖျက် ခံထားရတဲ့ ဒီမိုကရေစီတွေ၊ မီးကျိုးမောင်းပျက် ဒီမိုကရေစီတွေ၊ မကျက်တကျက် ဒီမိုကရေစီတွေကိုလည်း ရွံရှာ စပ်ဆုပ် ရှောင်ကြဉ် ရမှာမို့ “အကုန်ရရင် ရ၊ မရရင် တခုမှ မလိုချင်ဘူး” လို့ ဆိုနေရတာပါ။

ဒီမိုကရေစီ အမည်ခံ လူ့ကျင့်ဝတ် ချိုးဖောက်သူတွေ၊ လူသားတန်ဖိုးကို ချနင်းသူတွေ၊ လူ့အခွင့်အရေးကို ချိုးနှိမ်လိုသူတွေ၊ လူမျိုးရေးခွဲခြားသူတွေ။ ကျား-မ လိင်ခွဲခြားသူတွေ မမြင်ရဖို့၊ တနည်းအားဖြင့် ဒီမိုကရေစီကို ချီးပေါသေးပေါမဖြစ်စေရအောင် တဦးချင်းစီမှာ ကျင့်ဝတ်တာဝန်ရှိပါတယ်။

တွေးတော ဆင်ခြင် မြော်ချင့် နိုင်ကြပါစေ။

ငြိမ်းချမ်းအေး

(ဝေဖန်ရန် – nyeinchanaye81@gmail.com)

×××××××××

ဆက်စပ် ဆောင်းပါးဟောင်းများ ပြန်ဖတ်လိုပါက —

ဒီမိုကရေစီကို ဈေးဖျက်ကြသူများ

@http://moemaka.com/archives/41156

http://www.moemaka.blogspot.com.au/2014/12/blog-post_61.html

ဒီမိုကရေစီကို အိုးမည်းသုတ်သူများ

@ http://gita.cc/archives/42100

http://www.moemaka.blogspot.com.au/2015/01/blog-post_611.html

နာမည်ကြီးများကို ပရိသတ် ဆိုပြီး စိတ်ပိုင်းဆိုင်ရာ ပြန်ပေးဆွဲ ခြိမ်းခြောက်မှု မလုပ်သင့်ပါ

@ http://moemaka.com/archives/37935

http://www.moemaka.blogspot.com.au/2014/05/blog-post_29.html

အကြောင်းကိုသိသော ငါ

@ http://moemaka.com/archives/34882

 

http://moemaka.blogspot.com.au/2014/01/nyein-chan-aye.html


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts