စာစုတို ငြိမ်းချမ်းအေး

ငြိမ်းချမ်းအေး – အမှန်မြင်နိုင်ကြပါစေ

 

ငြိမ်းချမ်းအေး – အမှန်မြင်နိုင်ကြပါစေ

(မိုးမခ) ဖေဖော်ဝါရီ ၁၂၊ ၂၀၁၅

စစ်အစိုးရ အဆက်ဆက် ဘယ်လောက် ငြိမ်းချမ်းရေး လိုလားခဲ့သလဲ ဆိုရင်  “စစ်နဲ့ငြိမ်းချမ်းရေး” လို စစ်ဆန့်ကျင်ရေး (ဗီယက်နမ်စစ်ဆန့်ကျင်ကာလ ရေးတဲ့ သီချင်း) သီချင်းမျိုးကို တရားဝင် သီဆိုခွင့် မပြုပါဘူး။  အခွေ ထုတ်ဖို့ မပြောနဲ့ စင်ပေါ်တောင် မဆိုရပါဘူး။  ဒီလို သဘောထားတွေနဲ့ ဘယ်လို ငြိမ်းချမ်းရေး တည်ဆောက်နိုင်မလဲ။

ကျနော်ရဲ့ တပ်မတော် ဆက်စပ် မိတ်ဆွေများ စဉ်းစားပါ။  ပုဂ္ဂလိက ခံစားချက် ဆိုတာတော့ လူတိုင်း ရှိကြတာချည်းပါပဲ။  ကျနော့်နဲ့ မွေးကတည်းက လည်ပင်းဖက်ပေါင်းလာတဲ့ စစ်တပ်ထဲက သူငယ်ချင်းတွေ ချက်ချင်းလက်ငင်း အသက်ထွက်သွားနိုင်တယ်၊ ခြေပြတ်လက်ပြတ် ဖြစ်သွားနိုင်တယ်။

ကျနော် လည်း ခင်ဗျားတို့နည်းတူ စစ်မြေပြင်မှာ အရွယ်ကောင်းလေးတွေ အလဟဿ သေကြေပျက်စီးနေရတာ စိတ်မကောင်းဖြစ်ရပါတယ်။  ဒါမျိုးတွေ မလိုလားဘူး။

ဒါပေမဲ့ စစ်ပွဲဟာ မှန်တယ်၊ တရားသောစစ်လို့တော့ မဆိုချင်ကြပါနဲ့ ဗျာ..။

ဒါဟာ ပြည်တွင်းစစ်ပါ။  အချင်းချင်း ချ နေရတာပါ။  နိုင်ငံခြားလွှမ်းမိုးခံပါတယ် ဆိုဦး စစ်ပွဲ ဟာ ဖြေရှင်းနည်း မမှန်ပါဘူး။ အဲ့သလိုပဲ လုပ်ပိုင်ခွင့်ပေး (ဘိန်းစိုက်ခွင့်ပေး) ငြိမ်းချမ်းရေးကလည်း သဘောထား အမှန် ငြိမ်းချမ်းရေး ပန်းတိုင် မရောက်ပါဘူး။

စစ်ဝါဒ လွှမ်းမိုးစေတဲ့၊ စစ်တပ်အခန်းကဏ္ဍ ကြီးကျယ်စေတဲ့ တိုင်းပြည်ရဲ့ စနစ်ကို ပြင်ရမှာပါ။

အရင်ဆုံး စ ပြင်ရမှာကတော့ ၂၀၀၈ စစ်ဖွဲ့စည်းပုံ အခြေခံဥပဒေပါ။

စစ်ပွဲတွေကို ဖန်တီး (ငြိမ်းချမ်းရေး အတုတွေကိုလည် ဖန်တီး) ပြီး အာဏာလက်ဝယ် အမြဲ ယူထားချင်သူ စစ်အာဏာရှင်စနစ် နဲ့ စနစ် မှာ စံစားနေသူ ဗိုလ်ချုပ်ကြီးတစုကို ဆန့်ကျင် ပြရမှာပါ။

ဒီနည်းထက်ပိုပြီး ငြိမ်းချမ်းစေတဲ့နည်း၊ အခု ရှေ့တန်းမှာ အသက်တွေ စတေးနေရတဲ့ စနစ်ဆိုးရဲ့ အသုံးချ ချနင်းခံ စစ်သားလေးတွေကို စာနာ သူတို့ ဘက်က ရပ်တဲ့ နည်းမရှိပါဘူး။

အမှန်မြင်နိုင်၊ အမြင် မှန်နိုင်ကြပါစေ။

အခြား စာဖတ်သူ မိတ်ဆွေများ အားလုံး အထူးသဖြင့် လူအများစု မြန်မာ (ဗမာ) များလည်း ဒီကနေ့ ပြည်ထောင်စုနေ့မှာ ဖက်ဒရယ်ပြည်ထောင်စု စစ်စစ် တည်ဆောက်ဖို့ မရှိမဖြစ်လိုအပ်တဲ့ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး၊ လွတ်လပ်စွာ ကိုယ်ပိုင်အုပ်ချုပ်နိုင်ခွင့်ရှိရေး၊ ကိုယ့်ကြမ္မာကိုယ်ဖန်တီးခွင့် ရှိခြင်း တွေကို အမှန်တကယ် နားလည် သဘော ပေါက် ဆင်ခြင်နိုင်ကြပါစေ။

ကျနော် အမြဲ ဆိုခဲ့သလိုပါပဲ။  ဒီမိုကရေစီ၊ လူ့အခွင့်အရေးနဲ့ လွတ်လပ်ခြင်းကို မြန်မာ့နည်းမြန်မာ့ဟန် စစ်တပ်နည်း စစ်တပ်ဟန် တိုရေရှားရေပြု ဈေးဖြတ် ကျေနပ်ရောင့်ရဲချင်လို့မရပါ။  လူများစု လူမျိုးတွေ အတွက် လူမျိုးကြီးဝါဒက ပေးတဲ့ စံစားရမှု နည်းနည်းလေးကို မက် လူနည်းစု အခွင့်အရေးကို အသိအမှတ် မပြုချင်လို့မရပါ။  အားလုံးဟာ စနစ်ဆိုးအောက်မှာ တုံးအောက်က ဖားချင်း အတူတူချည်းပါ။  ပြားတဲ့ ဖား နဲ့ မပြားတပြား ဖား ပဲ အနည်းအများ ကွာပါမယ်။

အချုပ်ဆိုရရင် စစ်ပွဲတွေနဲ့ အောက်မြင်ပြီးမြောက် မဖြေရှင်းနိုင်လို့ ဒီလို စစ်သံ စစ်သွေး တွေ အခုအချိန်ထိ ညံ လျှံ နေရတာပါ။  နိုင်ငံရေးနဲ့ အဆုံးတိုင် မဖြေရှင်းချင်လို့ လူတွေ ဆက် သေနေရတာပါ။  ဒါတွေအားလုံး ရပ်တန်းက ရပ်ဖို့ စစ်ဝါဒ၊ စစ်အာဏာရှင်စနစ်နဲ့ နိုင်ငံရေး၊ အုပ်ချုပ်ရေးမှာ စစ်တပ်ကြီးစိုးနေမှု စနစ်ကို အမြစ်လှန်ရုံမှတပါး အခြား မရှိပါ။

စစ်မှန်တဲ့ ငြိမ်းချမ်းရေးကို လိုလားရင်၊ တပ်မတော်သားတွေကို ချစ်ရင် စစ်အာဏာရှင်တွေကို တော်လှန်တိုက်ဖျက်ကြပါ ခင်ဗျာ။

ငြိမ်းချမ်းအေး

ဖေဖော်ဝါရီ ၁၂၊ ၂၀၁၅

—-

အသက်ပေါင်း.. အသင်္ချေ.. သေစေသော.. စစ်ကို.. မုန်းသည်..

မိခင်.. နှင့်.. ချစ်သူတို့၏.. မျက်လုံးကို.. မျက်ရည်.. ဖုံးစေသော.. စစ်ကို.. မုန်းသည်..

စစ်.. ဟူသည်.. သွေးတွေရယ်.. ယမ်းငွေ့တွေရယ်.. ငိုသံတွေရယ်.. သင်္ချိုင်းကုနုးရယ်..

ရောယှက်ထားသော..  အနိဋ္ဌာရုံ.. ပန်းချီကား.. တချပ်..

ဒို့.. ညီ.. အကို.. တွေ.. မသတ်သင့်ကြပေ..

ဒို့.. ညီ.. အကို..တွေ.. သင့်မြတ်ကြစေ..

ဒို့.. ညီ.. အကို.. တွေ.. မုန်းတဲ့.. “စစ်” ကို..

ဒို့.. ညီ.. အကို.. တွေ.. တားဆီး..ကြ.. ဟေ့.. ဟေ့. ဟေ့..

စစ်နဲ့ငြိမ်းချမ်းရေး

တေးရေး – ကိုသန်းဌေး + ကိုဇာလျန်း + ကိုဒေဗီ

တေးဆို – ဒါလင်တန်ဒင်

နောက်ခံ ဒုတိယ အဆို – ကိုဇာလျန်း

နောက်ခံ စကားပြော – တက္ကသိုလ်အေးမောင်

တေးဂီတ – ELF (မှင်စာလေးများ)

အသံဖမ်း – ဦးဘသိန်း

(၁၉၇၂)

Original: “Anybody’s Answer” by Grand Funk Railroad, 1969.

၁၉၈၀ ခုနှစ်များတွင်လည်း ခိုင်ထူး စင်တင်ဂီတပွဲများ၌ ပြန်လည်သီဆိုခဲ့၍ လူကြိုက်များခဲ့သည်။  စစ်အာဏာရှင် အစိုးရ က နောက်ပိုင်းတွင် ဤသီချင်း သီဆိုခွင့် ပိတ်ပင်ခဲ့သည်။

YouTube Music Video URL: http://youtu.be/NUxmvrodxas


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts