တူမောင်ညို သူတို့အာဘော်

တူမောင်ညို – အောင်ပွဲဆက်ဆက်ခံဦးမည်

 

တူမောင်ညို – အောင်ပွဲဆက်ဆက်ခံဦးမည် 

မိုးမခ (၂၀၁၅ ခုနှစ်၊ ဖေဖေါ်ဝါရီလ ၁၁ ရက်)

 

ကမ္ဘာပေါ်တွင် ကျောင်းသားများအပေါ် ရန်သူလို သဘောထားပြီး အငြှိုးတကြီး သွေးခွဲဖိနှိပ်ချေမှုန်းလေ့ရှိသော အစိုးရမှာ ကျနော်တို့တိုင်းပြည်တစ်ခုတည်း၌သာရှိလိမ့်မည်ဟု ယူဆပါသည်။ 

 

၁၉၆၂ မှ စ၍ အာဏာသိမ်းစစ်အုပ်စုသည် သမိုင်း(တကသ) အဆောက်အအုံကို ဒိုင်းနမိုက်ဖြင့်ဖြိုချပြီး ကျောင်းသားများ အပေါ် “ဓါးဓါးချင်း – လှံလှံချင်း”ဆိုသည့် စကားဖြင့် စိန်ခေါ်စစ်ကြေညာခဲ့သည်။ ထိုအချိန်မှ စတင်ပြီး ယနေ့အထိလည်း အုပ်စိုးသူများ သည် မပြောင်းလဲသော ထိုရပ်တည်ချက်၊ ထိုသဘောထားအမြင်များကို ဆက်လက်စွဲကိုင်လျက် ကျောင်းသားများပေါ်၊ ကျောင်းသား လှုပ်ရှားမှုအပေါ်၊ ကျောင်းသား သမဂ္ဂ အပေါ်အညိုးအာဃာတကြီးမားစွာဖြင့်ပြုမူမြဲ၊ ပြုမူနေဆဲဖြစ်သည်။

 

 တက္ကသိုလ်ကျောင်းသားလူငယ်များကို “ကျောင်းသားဆိုး” ဟူ၍ သရုပ်ဖျက်ခေါ်ဝေါ်ပါသည်။ ကျောင်းသားလှုပ်ရှားမှုများ၊ ကျောင်းသားများဦးဆောင်သည့် သပိတ်မှောက်ဆန္ဒပြမှုများကို “နောက်ကွယ်မှကြိုးကိုင်ဆောင်ရွက်နေသူတွေရဲ့အလိုကျလိုက်ပါဆောင် ရွက်နေတယ်”ဟူ၍ ချိုးနှိမ်စော်ကားလေ့ရှိသည်။ သမိုင်းဝင် ကျောင်းသားသမဂ္ဂအမည်မှ “သမဂ္ဂ” ဟူသောစကားလုံးကိုပင် မသုံးစွဲဝံ့သည် အထိအညှိုးအာဃာတကြီးမားလွန်းလှသည်။ သမ္မတ(ဗိုလ်)ဦးသိန်းစိန် ကိုယ်တိုင်က “ကျောင်းသားယူနီယံ” ဟူ၍ သရုပ်ဖျက်သုံးစွဲနေ သည်ကို လည်း အားလုံး အသိပင်ဖြစ်ပါသည်။

(

နဝတ-နအဖ) စစ်အစိုးရအာဏာသိမ်းပြီးနောက်  မန္တလေးတွင် (နမခ)တိုင်းမှူး ဗိုလ်ထွန်းကြည်က  “သမဂ္ဂ”ဆိုလျှင်ကုလသမဂ္ဂပင်မကြားချင်ဟု ပြောခဲ့ဖူးသည်။ ဗိုလ်ခင်ညွန့်နှင့်ထောက်လှမ်းရေးက (မကသ) အမည်ဖြင့်ကျောင်းသားထုသွေးစည်းညီညွတ်မှုကိုဖြိုခွဲခဲ့သည်။ ယနေ့ကာလတွင်လည်း ကျောင်းသားထုသွေးစည်းညီညွတ်ရေးကို အစိုးရ မွေးမြူထားသည့် လက်ကိုင်ဒုတ်များမှတဆင့် ပုံစံမျိုးစုံဖြင့်လုပ်ကြံဖြိုခွဲနေသည်။ 

 

ဘိန်းဘုရင်ခွန်ဆာနဲ့အပေါင်းအပါများကို လွတ်ငြိမ်းချမ်းသာခွင့် သဘောထားကြီးစွာပေးနိုင်ခဲ့သော (နဝတ-နအဖ)စစ်အစိုးရ သည်။ ၁၉၈၈ဒီမိုကရေစီလှုပ်ရှားမှုကြီးတွင် ရှေ့တန်းမှပါဝင်ခဲ့ကြသော ကျောင်းသားလူငယ် ခေါင်းဆောင်များအပေါ် အညှိုးကြီးမားစွာ ဖြင့် နှစ်ရှည်ထောင်ဒဏ်များမှတ်ခဲ့သည်။ အချို့ကို ထောင်ထဲမှာပင် တမင်တကာ အသေသတ်ခဲ့သည်။ (ဥပမာ – ကိုသက်ဝင်းအောင်)

 

ဤရပ်တည်ချက်၊ ဤသဘောထားအမြင်၊ဤအညှိုးအာဃာတတွေကို အမွေဆက်ခံထားသောကြံ့ဖွံ့အစိုးရအား ကျောင်းသားထု က မယုံကြည်သည်မှာဘာမျှ မဆန်းပါ။ လက်ရှိသမ္မတ(ဗိုလ်) ဦးသိန်းစိန်ကြံ့ဖွံ့အစိုးရသည် ကျောင်းသားလူငယ်များအပေါ် သောနုတ္တရ မုဆိုးသင်္ကန်းခြုံထားသည့် အပြု အမူမျိုးဖြင့်ပြုမူဆက်ဆံနေခြင်းဖြစ်သည်။  သားနဲ့အမိ၊ ကြာနဲ့ရေ ပမာ၊ ကျောင်းသားနဲ့ပြည်သူ ကြည်ဖြူနေတာကိုလည်း မနာလိုမရှုစိမ့်ဖြစ်နေသည်။

 

၁၉၈၈ ခုနှစ် ဒီမိုကရေစီအရေးတော်ပုံကြီးကဲ့သို့ ကျယ်ပြန့်ကြီးမားလာမှာကို စိုးရိမ်ထိတ်လန့်နေပုံရသည်။ ပြည်ထဲရေး ဝန်ကြီး ကိုယ်တိုင်က ကျောင်းသားလှုပ်ရှားမှုကို “ခြိမ်းခြောက်မှု” အဖြစ်ကြည့်မြင်နေပြီး “ အတိတ်ကကြုံတွေ့ခဲ့ပြီးတဲ့၊ ဆူပူမှုအရေးအခင်းကြီးတွေ ထပ်မံမဖြစ်ပွားဖို့ အရေးကြီးပါတယ်” လို့  ထုတ်ဖော်ပြောဆိုနေသည်။

 

 ကျောင်းသားသပိတ် ချီတက်ဆန္ဒပြရာ လမ်းကြောင်းတလျှောက်၌ သပိတ်မှောက်ကျောင်းသားလူငယ်များအား မိဘကသား သမီးကို ကြည့်ရှု၊ စောင့်ရှောက်သကဲ့သို့ စားသောက်ရေး၊ နေထိုင်ရေး၊ ကျန်းမာရေး၊ လုံခြုံရေး စသဖြင့် အဖက်ဖက်မှ လိုလေသေးမရှိ အားတက်သရော အားပေးကူညီထောက်ခံနေကြသည်၊ ကြိုဆိုလက်ခံနေကြသည်ကို ကြားသိတွေ့မြင်လာရသောအခါ ပို၍ပို၍ သွေးလေ ခြောက်ခြားနေပုံရသည်။

 

ကျောင်းသားလှုပ်ရှားမှုသမိုင်းအဆက်ဆက်က အကြိမ်ကြိမ်သက်သေပြသပြီးဖြစ်သည့် စံနမူနာကောင်းမှာ ကျောင်းသားလှုပ် ရှားမှုနှင့် အလုပ်သမား၊ လယ်သမား၊ မြို့နေဆင်းရဲသားများ၊ ဝန်ထမ်းများ ညီညွတ်ပေါင်းစည်းခြင်းဖြစ်ပါသည်။ ဆရာ ဦးဝင်းတင်စကား ဖြင့်ပြောရလျှင် “သပိတ်စုံ – အကုန်ရ” ဟူ၍ ပြောနိုင်ပါသည်။ ထိုသို့ ပေါင်းစည်းနိုင်လျှင် လှုပ်ရှားမှု၏ ထုထည်သည် ကြီးကျယ်မြင့်မား လာပြီးတိုင်းပြည်သမိုင်းကို လှည့်ပြောင်းနိုင်သည့် အောင်ပွဲနှင့်သမိုင်းအဆင့်သစ်သို့ တက်လှမ်းနိုင်မြဲဖြစ်ပါသည်။

 

 ပထမအရေးတော်ပုံ(၁၃၀၀ပြည့်)က ဖက်ဆစ်တော်လှန်ရေးနှင့် လွတ်လပ်ရေးအောင်ပွဲအတွက် ခေါင်းဆောင်မှုအမြုတေ ကို မွေးထုတ်ပေးနိုင်ခဲ့သည်။ 

 

ဒုတိယအရေးတော်ပုံ [၁၃၅၀ပြည့် (ဝါ) ၁၉၈၈ ဒီမိုကရေစီလှုပ်ရှားမှုကြီး] က (မဆလ) တစ်ပါတီ အာဏာရှင် စနစ်ကို ဖြုတ်ချနိုင်ခဲ့သည်။ လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည် နှင့် ၁၉၉၀ ရွေးကောက်ပွဲကို အောင်ပွဲကို ရရှိစေခဲ့သည်။

 

 

 ယနေ့ ၂၁ ရာစုကာလ၌  “တတိယအရေးတော်ပုံ” ဖြစ်ပေါ်လာမည်ဆိုလျှင် တိုင်းပြည်သည် သမိုင်းအဆင့်သစ်တဆင့်သို့ တက်လှမ်းသွားနိုင်လိမ့်မည်ဟု မမှိတ်မသုန် ယုံကြည်ပါသည်။ 


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts