တူမောင်ညို သူတို့အာဘော်

တူမောင်ညို – သူရနဲ့ သူရဦးအောင်ကို ပျော့ပျောင်းတယ်ဆိုတဲ့ကိစ္စ

 
တူမောင်ညို – သူရနဲ့ သူရဦးအောင်ကို ပျော့ပျောင်းတယ်ဆိုတဲ့ကိစ္စ 
(မိုးမခ)  ၄ ဖေဖေါ်ဝါရီ ၂၀၁၅
 
လူထုအတွက် သူရဲကောင်းလား၊ လူတစ်စုအတွက် စွန့်စားရေးသမားလား 
စပြီးပြောချင်တာ “သီဟသူရ/သူရ” စတဲ့ စစ်ဘက်ဘွဲ့တံဆိပ်တွေကိစ္စဖြစ်ပါတယ်။
 “သီဟသူရ/ သူရ” စတဲ့ ဘွဲ့တံဆိပ်တွေဆို တာ ပြည်တွင်းစစ်အနိဋ္ဌာရုံတွေထဲက တစ်ခုဖြစ်ပါတယ်။ 
 
ပထမအချက် “သီဟသူရ/“သူရ”ဆိုတာတွေအပါအဝင် စစ်ဘက်ဘွဲ့တွေ၊ တံဆိပ်တွေပြန်ကြည့်လိုက်တဲ့အခါမှာ ဒီတံဆိပ်တွေ ရဲ့ “ခေါင်း”ဘက်မှာ တိုင်းရင်းသားပြည်သူတွေရဲ့ အသက်သွေးတွေ စွန်းထင်းနေတာကို တွေ့မြင်ရမှာဖြစ်ပြီး “ပန်း” ဘက်မှာတော့ အုပ်စိုး သူလူတစ်စုအပေါ် သစ္စာရှိမှု၊ ကျိုးနွံနာခံမှု နဲ့ စွန့်စားမှုတွေ ခပ်နှိပ်ထားတာကို အထင်အရှားတွေ့မြင်ရပါလိမ့်မယ်။
 ကူမင်တန်တရုတ်ဖြူကျူးကျော်မှု အန္တရာယ်ကို တွန်းလှန်ဖြိုဖျက်နိုင်ခဲ့လို့ ရရှိခဲ့တာတွေကိုတော့ သဘောထားတမျိုး သီးသန့် ထားရှိရမှာပါ။  
 
ဒုတိယအချက် ပစ္စုပ္ပန်နဲ့ အနာဂတ်မှာ လိုအပ်နေတဲ့အရာက လူထုအတွက် ရဲစွမ်းသတ္တိဖြစ်ပြီး၊ လူတစ်စုအတွက်စွန့်စားမှုမျိုး မဟုတ်ပါဘူး။  တိုင်းရင်းသားသွေးစည်းညီညွတ်မှုအသစ် ပြန်လည်တည်ဆောက်ကြရမယ်လို့ ပြောဆိုနေကြတဲ့ ၂၁ ရာစု ကာလမှာ ဒီလို ဘွဲ့တံဆိပ်တွေကြောင့်အဟန့်အတားမဖြစ်စေသင့်ပါဘူး။ မတင့်မတယ်မဖြစ်စေသင့်ပါဘူး။ 
ဒါကြောင့် တပ်မတော်သားတွေဘက်က သဘောထားကြီးမှု၊ တိုင်းရင်းသား သွေးစည်းညီညွတ်မှုနဲ့ အမျိုးသားပြန်လည်သင့် မြတ်လိုမှုကို ဖော်ပြတဲ့ စံနမူနာပြအဖြစ်(သဘောထားပျော့ပျောင်းတယ်လို့ ဆိုနေကြတဲ့ သူရဦးအောင်ကို တို့လို ပုဂ္ဂိုလ်တွေက စတင်ပြီး) ဒီလိုဘွဲ့တံဆိပ်တွေကို တပ်မတော်စစ်သမိုင်းပြတိုက်မှာဖြစ်ဖြစ်၊ စွန့်လွှတ်၊ လှူဒါန်းသင့်ကြပါတယ်။ 
တတိယအချက်က “ပါတီစုံခေတ်” မှာ နိုင်ငံရေးပါတီတစ်ခု၊ နိုင်ငံရေးသမားတစ်ယောက်အနေနဲ့မဲရဖို့ ပြည်သူလူထုကို စည်းရုံး တဲ့အခါမှာ ဒီလို “သူရ”စတဲ့ ဘွဲ့တံဆိပ်တွေက အတိတ်မှာ ကိုယ်ဘာဖြစ်ခဲ့သလဲဆိုတာ သက်သေခံနေပြီး၊ မဲရဖို့၊လူထုထောက်ခံမှု ရရှိဖို့ အခက်အခဲတွေရှိနိုင်ပါတယ်။ တိုင်းရင်းသားပြည်သူများဘက်ကလည်း သူတို့အပေါ်ရာစုနှစ်ဝက်ကျော်ကြာ အကြမ်းဖက်ဖိနှိပ်အုပ်စိုးခဲ့တဲ့ လူရက်စက်ကြီးတွေ၊ လူဆိုး၊ လူသွမ်း၊ လူယုတ်မာကြီးတွေကို လွယ်လွယ်ခွင့်လွှတ်၊ မေ့ပျောက်နိုင်မှာမဟုတ်ပါဘူး။   ဒီလိုလူတွေကို လွယ်လွယ်ကူကူ၊ ညွတ်ညွတ်နူးနူးမဲပေးဖို့လည်း မဖြစ်နိုင်ပါဘူး။ ဒါကြောင့်နာမည်ရှေ့မှာဒါကြီးတွေ ဖြုတ်ထား လိုက်မယ်ဆိုရင်တော့ စည်းရုံးရေး အတွက်တစုံတရာအဆင်ပြေနိုင်ကောင်းစရာရှိပါတယ်။
 ဒီလို “သူရတွေ” ချိတ်ပြီးစည်းရုံးနေမယ်ဆိုရင်တော့  “တစ်ချိန်က စစ်အုပ်စုသစ္စာခံကြီးတွေပါကွာ၊ ဒို့အပေါ်လိမ်ခဲ့၊ညာခဲ့၊ ဖိနှိပ် အုပ်ချုပ်ခဲ့တဲ့သူတွေက ဒို့တိုင်းရင်းသားပြည်သူတွေအပေါ် ဘယ်လိုအလေးထားမှာလဲ၊ ဘယ်လိုသစ္စာရှိနိုင်မှာလဲ၊ လက်တွေ့မှာလည်း ကိုပါကြီး၊ ဒေါ်ခင်ဝင်း၊ ကချင်ကျောင်းဆရာမလေး ၂ ယောက်ကြုံခဲ့ရတဲ့ အဖြစ်ဆိုးတွေတွေ့တယ်မဟုတ်လား၊ ဒါတွေနဲ့ပတ်သက်လို့ သူတို့ဘာတွေလုပ်ပေးလို့လဲ”ဆိုပြီး အတိတ်၊ ပစ္စုပ္ပန်နှိုင်းယှဉ်ထင်ဟပ်ပြီး ခံစားခဲ့ရတဲ့၊ ခါးသည်းနာကျည်းခဲ့ရတာတွေနဲ့ တိုင်းရင်းသား ပြည်သူတွေက နောကျေနေပါပြီ။ သဘောပေါက်နေပါပြီ။  ဒီတော့အနိမ့်ဆုံးအားဖြင့်  “၂၀၁၅ ရွေးကောက်ပွဲ” မှာ မဲရဖို့ မလွယ်ပါဘူး။   ဆိုးသွမ်း ရိုင်းစိုင်းခဲ့တဲ့ အတိတ်အရိပ်မဲကြီးက နောက်ကနေ တကောက်ကောက်လိုက်ပြီး ထိုးနေမိုးနေမှာဖြစ်ပါတယ်။
 ဒါကြောင့် ပါတီစည်းရုံးရေး၊ မဲရရေး၊ မဲဆွယ်ရေး အမြင်ဘက်ကကြည့်ရင် “သူရ” တွေဖြုတ်ထားတာကပိုပြီး တွက်ခြေကိုက်နိုင် စရာရှိပါတယ်။ ဒါကြောင့်အခုလိုစေတနာနဲ့တိုက်တွန်းရတာပါ။
 “ဟေ့ — ဒို့ကတော့ တည်မိတဲ့၊ ဘုရားဠင်းတ နားနားကွာ၊  ဗိုလ်ချုပ်ကြီးနေဝင်း၊ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ စတဲ့ ဒို့ ဖခင်တပ်ချုပ် ကြီးတွေ၊ ဆရာသမားတွေ၊ အပေါ်တည်ခဲ့တဲ့ သစ္စာကိုဘယ်တော့မှ မဖောက်ဘူးကွ၊ ငါဒို့နာမည်ရှေ့မှာ အမြဲတန်းတပ်မှာပဲ။ နာရေး ကြော်ငြာတဲ့အခါတောင် ထည့်ရမယ်လို့ မှာထားပြီးပြီကွ” ဆိုတဲ့သူတွေ အတွက်တော့ ဘာမျှ ပြောစရာမရှိပါ။ 
 
သူရဦးအောင်ကို ပျော့ပျောင်းတယ်ဆိုတဲ့ ကိစ္စ 
“သူရ” ကိစ္စပြီးတော့ တဆက်ထဲ သူရဦးအောင်ကို အကြောင်းပြောကြတာပေါ့။ သူရဦးအောင်ကိုနဲ့ပတ်သက်တာကတော့ အခြားသူတွေနဲ့မတူဘူး၊ ပျော့ပျောင်းတယ်ဆိုလား။ သူရဦးအောင်ကို ပြောစကားနဲ့သဘောထားကို လေ့လာကြည့်ကြပါစို့။ 
သူရဦးအောင်ကိုဟာ စစ်ဗိုလ်ဟောင်းတစ်ဦးဖြစ်တယ်။ အငြိမ်းစားဗိုလ်မှူးချုပ်ဟောင်း တစ်ဦးဖြစ်တယ်။ (နအဖ) စစ်အစိုးရ လက်ထက်မှာ သာသနာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးလုပ်ခဲ့သူဖြစ်ပါတယ်။
ကြံ့ဖွံပါတီပထမအကြိမ်ပါတီညီလာခံ(၂၀၁၂) မှရွေးချယ်ခဲ့တဲ့ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် (၄၄) ဦးအနက် တစ်ဦး အပါအဝင်ဖြစ်တယ်၊ဗဟိုအတွင်းရေးမှူး ၃ ဦးအနက် တစ်ဦးဖြစ်တယ်။ အဲဒီကြံ့ဖွံ့ပါတီဗဟိုအလုပ်အမှုဆောင်ကော်မတီစာရင်း အမှတ်စဉ် အရဆိုရင် နံပတ် (၁၂) ဖြစ်တယ်။ ကြံ့ဖွံ့ပါတီရဲ့ ချင်းပြည်နယ်၊ ကန်ပက်လက်မြိုနယ်၊ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဖြစ်တယ်။
ဒါကြောင့် မြင်လွယ်ထင်လွယ်ဖြစ်အောင် ချုပ်ပြောရရင် ဗိုလ်သိန်းစိန်၊ဗိုလ်ရွှေမန်း၊ ဗိုလ်ခင်အောင်မြင့် စတဲ့ အခြားသောသူများ ကဲ့သို့ ဒီပုပ်ထဲက ဒီ ပဲ ပါပဲ။
 
“သတင်းမီဒီယာများ၏ မေးမြန်းချက်အပေါ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် သူရဦးအောင်ကိုမှ ရှင်းလင်းဖြေကြားချက်”  ဆို တာထဲမှာ မေးခွန်းပေါင်း (၁၉) ခုပါရှိ ပါတယ်။ မေး/ဖြေပုံစံက  ဒါတွေမေး/ ဒီလိုဖြေမယ်ဆိုပြီး ကြိုတင်စည်းဝါးကိုက်ထားတာတွေပါပဲ။ 
 
အဲဒီ မေး/ဖြေ တွေထဲမှာ သူရဦးအောင်ကို ရပ်တည်ချက်ဘာလဲ ဆိုတာ အဖေါ်ပြနိုင်ဆုံး အမေးနဲ့အဖြေကတော့ 

(မေး) လူတစ်စုအကျိုးစီးပွားနဲ့ လူထုအကျိုးစီးပွား ယှဉ်လာရင်  ဘယ်အကျိုးစီးပွားဘက်က ရပ်တည်သင့်တယ်ဆိုတာ – (ဖြေ) “တိုင်းပြည်အနာဂတ်သာယာလှပအောင် နှစ်ဘက်စလုံးရဲ့အကျိုးစီးပွားဘက်က ရပ်တည်သင့်တယ်လို့ ပြောကြားပါရစေတော့၊ လူတစ်စုရဲ့အကျိုးစီးပွားကိုလည်း မထိပါးစေပဲ၊ လူထုရဲ့အကျိုးစီးပွားကိုကာကွယ်မြှင့်တင်ပေးခြင်းက လက်ရှိအခြေအနေမှာ အကောင်း ဆုံး ဖြစ်ပါမယ်” တဲ့ 

 
သူရဦးအောင်ကို ပျော့ပျောင်းတယ်ဆိုတာ ဘာလဲ။ စစ်အုပ်စုအကျိုးစီးပွားကို ပျော့ပျော့ပျောင်းပျောင်းကာကွယ်နေတာ ဖြစ် တယ်။ အရင်းစစ်လိုက်တော့ လိမ်ညာဖုံးကွယ်ဖို့ ကြိုးစားနေတာဖြစ်ပါတယ်။ ပြည်သူ့အကျိုးစီးပွားဘက်က တကယ်တန်းရပ်တည်မယ်၊ ရှေ့ရှုမယ်၊ မျက်နှာမူမယ်ဆိုရင် စစ်အုပ်စုလူတစ်စု အကျိုးစီးပွားကို သဘာဝကျစွာပဲ ကျောခိုင်းရမှာပါ။
 
  ဒါကြောင့် သူရဦးအောင်ကို  “တိုင်းပြည်အနာဂတ်သာယာ လှပအောင် နှစ်ဘက်စလုံးရဲ့အကျိုးစီးပွားဘက်က ရပ်တည်သင့် တယ်လို့ပြောကြားပါရစေတော့” ဆိုတဲ့ ပြောဆိုမှုဟာ လိမ်ညာလှည့်ဖြားတဲ့စကားသာဖြစ်တယ်။ စစ်အုပ်စုအကျိုးစီးပွားကို ပျော့ပျော့ ပျောင်းပျောင်းကာကွယ်လိုက်တာဖြစ်ပြီး၊ “တိုင်းပြည်အနာဂတ်သာယာလှပအောင် နှစ်ဘက်စလုံးရဲ့အကျိုးစီးပွားဘက်က ရပ်တည်သင့် တယ်” ဆိုတဲ့ စကားလုံးတွေနဲ့ စစ်အုပ်စုအကျိုးစီးပွားကို ဖုံးကွယ်လိုက်တာပဲဖြစ်ပါတယ်။
 
လူတစ်စုအကျိုးစီးပွားဘက်က ရပ်တည်ကာကွယ်နေတဲ့ သူရဦးအောင်ကိုရဲ့ ရပ်တည်ချက်နဲ့သဘောထားက မရှင်းပါလား။ 
 
လူတစ်စုရဲ့အကျိုးစီးပွား
၁၉၆၂ ကနေ ၁၉၈၈  အထိ “လူတစ်စုရဲ့အကျိုးစီးပွား” ဆိုတာ ဗိုလ်နေဝင်းခေါင်းဆောင်တဲ့ စစ်အုပ်စုအကျိုးစီးပွားကိုပြော တာပါပဲ။ ဗိုလ်နေဝင်းစစ်အုပ်စုအကျိုးစီးပွားကို မထိပါးစေခဲ့တော့ တိုင်းပြည်နဲ့လူထုဟာ LDC ဘဝကျရောက်သွားခဲ့ရပြီး၊ ဗိုလ်နေဝင်းတို့ လူတစ်စုကတော့ ချမ်းသာကြွယ်ဝသွားကြတယ်မဟုတ်ပါလား။ 
 
တဖန် ၁၉၈၈ မှ ၂၀၁၁ အထိကာလအတွက် “လူတစ်စုရဲ့အကျိုးစီးပွား” ဆိုတာက ဗိုလ်သန်းရွှေ၊ ဗိုလ်မောင်အေး၊ ဗိုလ်ခင်ညွန့် တို့ ခေါင်းဆောင်တဲ့ စစ်အုပ်စုအကျိုးစီးပွားကို ပြောတာပါပဲ။ ဗိုလ်သန်းရွှေ၊ ဗိုလ်မောင်အေး၊ ဗိုလ်ခင်ညွန့်တို့ လူတစ်စုအကျိုးစီးပွားကို မထိပါးစေခဲ့တော့ ဗိုလ်နေဝင်းတွန်းချခဲ့တဲ့ ဆင်းရဲမွဲတေမှု နွံအိုင်ထဲကနေ တိုင်းပြည်နဲ့လူထုဟာ ရုန်းမတက်နိုင်တဲ့အပြင် နစ်သထက်နစ် ခဲ့ရပါတယ်။ ဗိုလ်သန်းရွှေ၊ ဗိုလ်မောင်အေး၊ ဗိုလ်ခင်ညွန့်တို့ လူတစ်စုကတော့ ကုဋေကြွယ်သူဋ္ဌေးကြီးတွေအဖြစ် ပန်းပန်နေတယ် မဟုတ် ပါလား။
 
  ယခုနောက်ဆုံး ၂၀၁၁ မှ ယနေ့အထိ “လူတစ်စုရဲ့အကျိုးစီးပွား” ဆိုတာ ဗိုလ်သန်းရွှေကိုအမှူးပြုထားတဲ့ ဗိုလ်သိန်းစိန်၊ ဗိုလ်ရွှေမန်း၊ ဗိုလ်မင်းအောင်လှိုင်တို့စစ်အုပ်စုအကျိုးစီးပွားကိုပြောတာပါပဲ။ သူရဦးအောင်ကိုရပ်တည်ကာကွယ်နေတာ အဲဒီအဆက်ဆက် သော စစ်အုပ်စုဆိုတဲ့ လူတစ်စုရဲ့အကျိုးစီးပွားပဲဖြစ်ပါတယ်။ 
 
ဒီလို အဆက်ဆက်သောစစ်အုပ်စုအကျိုးစီးပွားကို နဲနဲမှ အထိပါးမခံခဲ့တဲ့အတွက် တိုင်းပြည်ရဲ့လူထုအကျိုးစီးပွားကို ကာကွယ် နိုင်ခြင်းလည်းမရှိခဲ့သလို၊ မြှင့်တင်နိုင်ခြင်းလည်းမရှိဘူးဆိုတာ ၁၉၆၂  မှ ယနေ့အထိ တိုင်းပြည်နဲ့ လူထုရဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေးအစရှိတဲ့ ဘက်ပေါင်းစုံ နိမ့်ကျ၊ နုံချာ၊ ဆင်းရဲမွဲတေခဲ့ရမှုတွေက အထင်အရှားသက်သေခံနေပါတယ်။ ဒါပေမယ့် စစ်အုပ်စုအဆက်ဆက်ကတော့ ချမ်းသာကြွယ်ဝမြဲပါပဲ။ တိုင်းပြည်ပိုင်ဘဏ္ဍာဥစ္စာမှန်သမျှကို လက်ဝါးကြီးအုပ်ချုပ်ကိုင်ချယ်လှယ် ခိုးဝှက် နေဆဲ၊ နေမြဲဖြစ်ပါတယ်။ 
 
ဒီလိုခိုးဝှက်လုယက်နေတဲ့ စစ်အုပ်စုလူတစ်စုရဲ့ အကျိုးစီးပွားကို ချုပ်ချယ်ကန့်သတ်၊ ဖျက်သိမ်းပစ်နိုင်မှသာလျှင် တိုင်းပြည်နဲ့ ပြည်သူလူထု အကျိုးစီးပွားဟာ ရှင်သန်စည်ပင်ပြီး ဖွံ့ဖြိုးတိုးတက်နိုင်ပါလိမ့်မယ်။ ဒီအတွက် အခရာအကျဆုံးအလုပ်က စစ်အုပ်စုနဲ့ စစ်အာဏာရှင်စနစ်ကို အကုန်အစင်ဖယ်ရှားပစ်ရမယ်။ စစ်အုပ်စုနဲ့စစ်အာဏာရှင်စနစ်ကို ခုတ်မောင်းလည်ပတ်စေနေတဲ့ စစ်ဗျူရိုကရေစီ ယန္တယားကိုအကုန်အစင်ဖျက်သိမ်းပစ်ရမယ်။ 
 
ယနေ့စစ်ဗျူရိုကရေစီယန္တယားဟာ“စည်းကမ်းပြည့်ဝသောဒီမိုကရေစီ” မျက်နှာဖုံးတပ်ဆင် ထားတဲ့ “၂၀၀၈ အခြေခံဥပဒေ”ကို ဗဟိုပြု ခုတ်မောင်းလည်ပတ်နေတာဖြစ်ပါတယ်။ ဒါကြောင့်  “၂၀၀၈ အခြေခံဥပဒေ” ဖျက်သိမ်းရေး ဟာ ယနေ့ကာလရဲ့ အဓိကလုပ်ငန်းတာဝန်ပဲဖြစ်ပါတယ်။ 
 
စစ်အုပ်စုနဲ့ စစ်အာဏာရှင်စနစ်ဆိုတာ တိုင်းပြည်နဲ့လူထုကို ဆင်းရဲမွဲတေမှုအဝီစိထဲတွန်းချပြီး စစ်အုပ်စုအဆက်ဆက်ကိုတော့ ချမ်းသာကြွယ်ဝမှုနိဗ္ဗာန်ရောက်စေတဲ့ စနစ်ဖြစ်ပါတယ်။ 
တွေ့ဆုံဆွေးနွေးရေးနဲ့ပတ်သက်လို့ သူရဦးအောင်ကိုရဲ့ပြောစကားတွေဟာ ဗိုလ်သိန်းစိန်၊ ဗိုလ်ရွှေမန်း၊ ဗိုလ်မင်းအောင်လှိုင် တို့ နဲ့ ဘာများထူးထူးခြားခြား ကွဲပြားခြားနားနေလို့လဲ။ 
 
သူရဦးအောင်ကိုက “၂၀၀၈ အခြေခံဥပဒေ” ကို ဘယ်ပုဒ်မတွေပြင်မယ်လို့ အတိအကျပြောတာရှိပါသလား၊ ဘယ်အတိုင်း အတာအထိ ပြင်ဆင်လို့ရော သတ်သတ်မှတ်မှတ်ပြောဆိုနေတာများရှိပါလား။ 
တွေ့ဆုံဆွေးနွေးရေးနဲ့ပတ်သက်တဲ့ သူရဦးအောင်ကိုရဲ့ လမ်းကြောင်းက ပထမအဆင့်မှာ (၄ပွင့်/၆ ပွင့်ဆွေးနွေး) ။ ဒုတိယ အဆင့်မှာ (ကချင်၊ ကယား၊ ကရင်၊ ချင်း၊ ဗမာ၊ မွန်၊ ရခိုင်၊ ရှမ်း စတဲ့ လူမျိုးကြီး ၈ မျိုးပါဝင်ဆွေးနွေး)။ တတိယအဆင့်မှာ ( အားလုံးပါဝင်နိုင် တဲ့ “အမျိုးသားညီလာခံ” ကျင်းပ)။ စတုတ္တအဆင့်မှာ ( ရရှိလာတဲ့ အချက်တွေကို ပြည်ထောင်စုလွှတ်တော်မှာ ဥပဒေပြုပြဋ္ဌာန်း) ဆို တာပဲဖြစ်ပါတယ်။ 
 
ဘယ်လိုပဲ ဆွေးနွေးသည်ဖြစ်စေ၊ ဘာတွေဆွေးနွေးသည်ဖြစ်စေ၊ “ ပြည်ထောင်စုလွှတ်တော်”က သာအတည်ပြုပြဋ္ဌာန်းရမယ် ဆိုတဲ့ အချက်နဲ့ချုပ်ကိုင်ထားတာကို တွေ့ရမှာဖြစ်ပါတယ်။ အခုလည်း (၄ ပွင့်/၆ ပွင့်/၁၂ ပွင့်/ ၄၈ ပွင့် တွေနဲ့) ဦးတည်ချက်ကို ရှုပ်ထွေး ဝေဝါးပြီး အငြင်းပွားမှုတွေနဲ့ သွေးကွဲမှုတွေကိုဖန်တီးထားပါပြီ။ 
 
 ပုဒ်မ ၅၉ (ဃ) နဲ့ (စ) ကိစ္စ  မေးမြန်းတာမှာလည်း အခန်း (၁၂) ၄၃၆ ကိစ္စကိုသာ စိတ်ဝင်စားတယ်ပြောပြီး “တရုတ်၊ကုလား၊ ဥရောပတိုက်သားတွေကို  သမ္မတနန်းတော်ထဲက သီဟာသနရွှေပလ္လင်ပေါ်တင်ကြီး ကိုးကွယ်ကြရလောက်အောင် သဘောထားကြီး မြတ်ကြမယ်လို့ လုံးဝမထင်ကြောင်း အပြတ်ပြောနိုင်ပါတယ်” ဆိုတဲ့ ပြောဆိုချက်ကလည်း ဗမာလူကြီးရှော်ဗင်ဝါဒနဲ့သာသာရေးရှော်ဗင် ဝါဒ ထင်ဟပ်ချက်တွေသာဖြစ်ပါတယ်။ (မဘသ)နဲ့ မျိုးစောင့်ဥပဒေလှုပ်ရှားသူတွေကို မျက်စပစ်သွေးထိုးပေးတာတွေသာဖြစ်ပါတယ်။ 
 
တိုင်းရင်းသားလက်နက်ကိုင်အင်အားစုများနဲ့ပတ်သက်လို့လည်း ပြည်ထောင်စုတပ်မတော် ဖွဲ့စည်းရေးဆိုတာကို ဆန့်ကျင်ပြီး (BGF) ဖွဲ့ရေးကသာအသင့်တော်ဆုံးနည်းလမ်းလို့ ခံယူထားသူဖြစ်ပါတယ်။
 
ဒါကြောင့် သူရဦးအောင်ကိုရဲ့ ပျော့ပျောင်းမှုဆိုတာ“၂၀၀၈ အခြေခံဥပဒေ”ဆိုတဲ့ စစ်အုပ်စု အကျိုးပွားပေါ်ကနေ ခါတော်မီ လုပ်ကြံဖန်တီးထားတဲ့ လိမ်ညာလှည့်ဖြားမှု တံလျှပ်တွေသာဖြစ်တယ်လို့ မြင်ပါကြောင်း။ 
 
ညွန်း 
  • သတင်းမီဒီယာများ၏ မေးမြန်းချက်အပေါ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် သူရဦးအောင်ကို မှ ရှင်းလင်းဖြေကြားချက် 
(၂၀၁၅ ခုနှစ်၊ ဇန်နဝါရီလ ၁၉ ရက်)  

 

Photo – ၂၀၁၂ ခုနှစ် ဇူလိုင်လ ၁၀ ရက်က လွှတ်တော်၌ တရားစီရင်ရေးနှင့် ဥပဒေရေးရာ ကော်မတီ ဥက္ကဋ္ဌ သူရ ဦးအောင်ကို၊ ဦးသန်းထွန်းနှင့် အဖွဲ့ဝင်များအား မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ တွေ့ရစဉ်။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
MoeMaKa English Site

Similar Posts