ကဗျာ

မောင်စိုးချိန် – နှစ်ပေါင်း ၅၀ ကျော်ထူထောင်ခဲ့တယ်

 မောင်စိုးချိန် – နှစ်ပေါင်း ၅၀ ကျော်ထူထောင်ခဲ့တယ်
(မိုးမခ) ဇန်န၀ါရီ ၂၈၊ ၂၀၁၅

အမဲမှောင်ဆုံးသော သမိုင်းကို
သူတို့ ရဲ့ခေတ်ဟောင်း တင့်ကားများက
စောင့်ရှောက်တယ်။

တပတ်ရစ်
နှစ်ပတ်ရစ် အမြှောက်များက
ဝင့်ဝင့်ကြွားကြွား စောင့်ရှောက်တယ်။

ဗိုလ်ရှုံခံမှာ အသုံးချတဲ့
အသုံးချပြီးသား စစ်လေယာဉ်များ
ကျက်သရေတုံးတဲ့ စစ်ကားများက
စောင့်ရှောက်တယ်။

စစ်လက်နက်များ
သူတို့ရဲ့ဇတ်လိုက်များ ဖြစ်တယ်။
ပါဝါအာဏာဟာ
ဇတ်လိုက်တွေရဲ့ပြောင်းဝက ထွက်လာတယ်။

ဆေးရောင်အသစ်ထပ်သုတ်ထား
စစ်လက်နက်ကိရိယာအပုပ်များက
စစ်သမိုင်းအစုတ်ကို ကျားကန်ထားရ
ထမ်းပိုးထားကြတယ်။
ဗိုလ်ရှုံခံက ဒါကိုဖော်ပြတယ်။

အမဲအမှောင်ဆုံး သူတို့သမိုင်း
လယ်သူမ ဒေါ်ခင်ဝင်းလို လူထုသွေးနဲ့ပေလူးနေ
စစ်မီးသင့် ရွာပျက် ပြာမှုန်များ ခိုကပ်
ဆီသည်မ လက်သုတ်ဖတ် ညစ်ထေးနေ
ကိုပါကြီးလို လူကောင်းတွေ စတေးခံနေရ
သူတို့ရဲ့သမိုင်းပေါ်မှာ တွဲခို  ရာထောင်ကုဋေ

တိုင်းရင်းသား လူမျိုးစုံ
အရိုးတွေ တောင်ပုံ ရာပုံထက်
ချွေးသွေး မျက်ရည် ပင်လယ်ဖြစ်ထွန်းနေလေတော့
အကျဉ်းတန် ပုတ်စော်အနံ ဆုံးသမိုင်းရဲ့
ဦးခေါင်းက ခြေဖျားအထိ
ဖျက်မရတော့လောက်အောင် ဖုံးအုပ်နေပေါ့။

ဒုက္ခသုက္ခ ငတ်မွတ်နိမ့်ကျမွဲတေ
ကျိုးကြေ ပျက်ဆီးသွားတဲ့ဘ၀များ
သူတို့ရဲ့သမိုင်း ညစ်ထေးမျက်နှာထက်
လွှမ်းယှက် နေရာယူထား
သူတို့ ကိုယ်ကျိုးစီးပွားကတော့တောက်ပ
ပြိုးပျက်စိန်ပွင့် ရတနာသိုက်ပေါ်မှာ
သိက္ခာမဲ့ အရှက်မဲ့ အပိုင်းအစ
အမှိုက်သရိုက်တွေလွှမ်းနေကြ။

သူတို့ တွေပေါ့
အမဲ အမှောင်ဆုံးသမိုင်းခေတ်
မိနစ်တိုင်းမှာ ထူထောင်ခဲ့ကြတယ်။

မောင်စိုးချိန်
ဇန်န၀ါရီ ၁၉၊ ၂၀၁၅

Abstract Faces Oil Painting by David Harouni

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
MoeMaKa Old Archives

Similar Posts