သူတို့အာဘော် ငြိမ်းချမ်းအေး

ငြိမ်းချမ်းအေး – မြင်းခြံ လူထု စစ်တမ်း

ငြိမ်းချမ်းအေး – မြင်းခြံ လူထု စစ်တမ်း
(မိုးမခ) ဇန်နဝါရီ ၂၆၊ ၂၀၁၅

မြင်းခြံထောင်ထဲမှာ သခင်စိုးက  မကောင်းဆိုးဝါး ဖက်ဆစ်ဝါဒဟာ ကမ္ဘာ့လူသားအားလုံးရဲ့ ဘုံရန်သူဖြစ်တာကြောင့် လစ်ဘ ရယ်အရင်းရှင် နိုင်ငံတွေနဲ့  မဟာမိတ်ဖွဲ့ရမယ် ဆိုပြီး မြင်းခြံစစ်တမ်းထုတ်ခဲ့ဖူးတယ်။

နှစ်ပေါင်း (၇၃) နှစ်အကြာမှာ အခု မြင်းခြံလူထုကလည်း မျက်မှောက် နိုင်ငံရေးစစ်တမ်းတစောင်ကို လူထုအားနဲ့ ထုတ်ပြ လိုက်ပါတယ်။

သံဃာ၊ ကျောင်းသား၊ စစ်သား၊ လယ်သမား၊ အလုပ်သမား၊ နိုင်ငံရေးသမား၊ စာနယ်ဇင်းသမား၊ မြန်မာ၊ မြန်မာမဟုတ်တဲ့ အခြားလူမျိုးစုများ၊ လက်နက်ကိုင်၊ လက်နက်မဲ့ အစရှိတဲ့ တိုင်းပြည်ရဲ့ အုပ်စုအသီးသီး အားလုံးရဲ့ ဘုံရန်သူဟာ စစ်အုပ်စု၊ စစ်အာဏာရှင်စနစ်၊ (၂၀၀၈) စစ်ဖွဲ့စည်းပုံနဲ့ လက်ရှိ အရေခြုံ စစ်တပိုင်းအစိုးရ ဖြစ်ကြောင်းကို မြင်းခြံလူထုစစ်တမ်းက သက်သေပြလိုက်ပါပြီ။

အရောင်အသွေး၊ ယုံကြည်ချက်၊ အယူဝါဒ မတူညီတာတွေ နောက်ထားလိုက်ပါ။  ဘုံရန်သူကို အရင်ဦးတည်ရှင်းပါ။

သံဃာတော်များ အမျိုး၊ ဘာသာ၊ သာသနာ စောင့်ရှောက်၊ ကြီးပွားတိုးတက်ချင်သလား စစ်အာဏာရှင်စနစ် အမျိုးပြုတ် အောင် အရင် ၏လုပ်ပါ။

ကျောင်းသား လူ့သိက္ခာရှိ၊ အဆင့်တန်းမီ စာတတ်ချင်သလား တိုင်းပြည်မှာ အနှစ်နှစ် အလလ တက်နေတဲ့ စစ်ဂျိုး ၏ကို ကျွတ်အောင် ခွာချလိုက်ပါ။

စစ်အာဏာရှင်စနစ်ဆိုးရဲ့ ချနင်းခံ သားကောင် စစ်သားငယ်များ လူစဉ်မီ လူတမ်းစေ့တဲ့ လူနေမှုဘဝဖူလုံရေး ခံစားလိုသလား  ငါ့ဘို့ (ဖို့) တခုတည်း အတွက် အမိန့်ပေးနေသူ စစ်အာဏရှင် ဗိုလ်ချုပ် အသစ်၊ အဟောင်းများကို တော်လှန်ပစ်လိုက်ပါ။

လယ်သမား ယာသမား ကိုယ့် လယ် ကိုယ့်ယာ သားစဉ်မြေးဆက် စိတ်အေးချမ်းသာ ချောင်ချောင်လည်လည် လုပ်လိုသလား တိုင်းပြည်မှာ စွဲကပ်နေတဲ့ စစ်သွေး စစ်နံ့တွေကို ကုန်စင်အောင် လျှော်ဖွပ်ပစ်လိုက်ပါ။

အလုပ်သမား ခိုစားမှ နပ်မှန်တဲ့ဘဝက လွတ်ချင်သလား တိုင်းပြည်မှာ မင်းမူ ထောင်လွှားတောက်ပနေတဲ့ စစ်ရောင် စစ်သွေး ကို မှေးမှိန်အောင် လုပ်ပစ်လိုက်ပါ။

စာနယ်ဇင်းသမားများ သတင်းမလိုက်ခင်  သရဏဂုံ တင်နေရတဲ့ ဘဝက လွတ်ချင်သလား တိုင်းပြည်မှာ အမြစ်တွယ်နေတဲ့ စစ်မြစ်ပွားနာ ကို အဆုံးတိုင် သင်းသပ်ပစ်လိုက်ပါ။

လူမျိုးစုငယ်များ မုဒိမ်းကောင်တွေရဲ့ ရမ်းကားမှုကို ခါးစည်းခံနေရတဲ့ ဘဝကလွတ်ဖို့ရာ တိုင်းပြည်မှာ စစ်ဝါဒသာ အရာရာဖြစ် နေတာကို ပပျောက်အောင် လုပ်ရမှာပါ။

နိုင်ငံရေးသမားများ (၂၀၀၈) စစ်ဖွဲ့စည်းပုံ ချုပ်နှောင်ခံအောက် နေ့ခင်းအိပ်မက် (၂၀၁၅) ကနေ ထွက်ခဲ့ပါ။

ဒီမိုကရေစီဟာ စကားအလှ၊ အပွင့်ရွေးစီ၊ အပေါ်ယံ နံ့သာထုံမွှမ်း၊ အရောင်တဖိတ်ဖိတ်လက်တဲ့ ကျတ်ပြေး လွှတ်တော်ခန်းမ မှာ မရှိပါ။

နေပူ၊ မြေပူ၊ ကန္တာရတပိုင်း ဒေသက ချွေးနံ့လှိုင်တဲ့ ရဟန်း ရှင်လူ မိဘ ပြည်သူ ကျောင်းသားကြားမှာပဲ ရှိပါတယ်။

နှစ်ပေါင်း ခြောက်ဆယ်ကျော် အမြစ်တွယ် လှိုက်စား ကုပ်ခွစီးနေတဲ့ တိုင်းပြည်ရဲ့ မကောင်းဆိုးဝါး စစ်အာဏာရှင် စနစ်ဆိုး တစ္ဆေကို မြင်းခြံလူထု စစ်တမ်း နမူနာယူ ဘုံရန်သူအဖြစ် အမြန်ဆုံး တိုက်ထုတ်ဖို့လိုကြောင်းပါ ခင်ဗျာ။

ငြိမ်းချမ်းအေး
ဇန်နဝါရီ ၂၆၊ ၂၀၁၅

ဆက်စပ် ဘီဘီစီသတင်း မြင်းခြံလူထု ဓာတ်ပုံများကြည့်ရန် —
https://www.facebook.com/bbcburmese/posts/784257324963488


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts