ဖြစ်ရပ်များ၊ အမှတ်တရများ
ဒီမိုကရေစီအရေးတော်ပုံ ၁၉ – (သားသတ်သမား သမ္မတ၏ နိဂုံး) – Ohn Naing
ဒီမိုကရေစီအရေးတော်ပုံ ၁၉ –  (သားသတ်သမား သမ္မတ၏ နိဂုံး)
အုန်းနိုင်၊ ဒီဇင်ဘာ ၁၇၊ ၂၀၁၃
              ၁၉၈၈၊  သြဂုတ်လ(၁၂) ရက်နေ့  ကျတော့ ဦးစိန်လွင် ပါတီဥက္ကဌ အဖြစ်ကရော သမ္မတအဖြစ်ကရော နှုတ်ထွက်လိုက်ပါတယ်။ ပထမ အဆင့် အောင်ပွဲလို့ ပြောနိုင်ပါတယ်။ သားသတ်သမားလို့ နာမည်ကြီးသူ တစ်ယောက် နှုတ်ထွက်ပေးတာ အစိုးရဘက်က တစ်ထစ်လျှော့လိုက်တာပါ။ ဒါပေမဲ့ ကျောင်းသားလှုပ်ရှားမှုရဲ့ 
ယေဘူယျ တောင်းဆိုချက်တွေဖြစ်တဲ့ -(၁) စိန်လွင်နှုတ်ထွက်ပေး။ (၂) ပါတီစုံဒီမိုကရေစီစနစ် ထူထောင်ပေး။ (၃) တပါတီ အာဏာရှင်စနစ် ဖျက်ပစ်  … ဆိုတဲ့ သုံးချက်အနက် က တစ်ချက်ဘဲ လျှော့ပေးတာပါ။    
သူနှုတ်ထွက်တာနဲ့   တပြိုင်နက် မ ဆ လ ဗဟိုကော်မီတီ အစည်းအဝေးနဲ့  ပြည်သူ့လွှတ်တော်
အရေးပေါ် အစည်းအဝေးနှစ်ရပ်ကို သြဂုတ်လ(၁၉) ရက်နေ့  ခေါ်ယူလိုက်ပါတယ်။ (၁၃) ရက်နေ့  နံနက်(၉) နာရီလောက်မှာတော့ အိမ်ရှေ့ ကို ဂျစ်ကားတစ်စီး ဆိုက်လာပါတယ်။ ပါတီယူနစ်မှာ အစည်းအဝေးရှိလို့  ဆရာကြီး  ကို အခေါ်လွှတ်လိုက်တာပါ လို့  ပြောပါတယ်။ အေး.. လာခဲ့မယ်လို့  ပြောပေမဲ့ ကားနဲ့  ခေါ်ခဲ့ဖို့  မှာလိုက်ပါတယ် ပြောပါတယ်။
             “မင်းတို့  ခုရက်အတောအတွင်း ငါ့ကိုကားနဲ့  ခေါ်သွားတယ် ဆိုတာကို မစူးမစမ်းပဲ ဖမ်းတာလို့   ထင်သွားရင်..။ဘာဖြစ်သွားမလဲ ။ မင်းတို့ မသိဘူးလား အိမ်နဲ့ ပါတီ ဘယ်လောက်ဝေးတာမှတ်လို့၊  ငါ ဘိုင်စကယ်နဲ့  လာခဲ့မယ်” ပြောမှ ကားပြန်ယူသွားပါတယ်။    
ကျနော်ပါတီကို ရောက်တော့ ပါတီအတွင်းရေးမှူး က ‘ဆရာကြီးက ပရီကောရှင်း (precaution) လုပ်လှချည်လား ..’ လို့   ပြုံးပြုံး နဲ့ ပြောပါတယ်။
‘ဒီရက်တွေ အတွင်းမှာ လှုပ်ရှားမှုအားလုံးကို သတိရှိရှိလုပ်နေတာ။ အတွင်းရေးမှူး  အသိဆုံးပါ’ လို့ပြောရတယ်။
ဒါက အကြောင်းရှိပါတယ်။ လှုပ်ရှားမှုစဖြစ်တဲ့ညက စလို့  သူက ကျနော့်အိမ်နားက ဦးထွန်းကြင်  ဆီလာပြီး ဦးထွန်းကြင်ကိုခေါ်ကာ ..ကျနော့်အိမ်ကိုလာတယ်။ နိုင်ငံရေးအခြေအနေတွေ ဆွေးနွေးပါတယ်။ ကျနော်က အိမ်မှာလက်ခံပြီး မဆွေးနွေးပါ။ ဦးထွန်းကြင်အိမ်ကို ပြန်လိုက်သွားပါတယ်။
ဦးထွန်းကြင်အိမ်မှာ ဆွေးနွေးပါတယ်။ နောက်နေ့တွေကို မှတ်တိုင်လမ်း အစ်မအိမ်က ထမင်းစားပြီး အပြန်မှာ ဝင်ပြီး ဆွေးနွေး ပါတယ်။ ဆွေးနွေးတဲ့အခါမှာ လည်း ကျနော့်ဘက်က ရပ်တည်ချက်အမှန်ကိုဘဲ ဆွေးနွေးပါတယ်။ ပါတီအတွင်းရေှးမှူးရယ်လို့ အလိုလိုက် အကြိုက် ဆောင် ဆွေးနွေးတာမျိုး
မလုပ်ပါဘူး။
ဥပမာ ‘ဒီမိုကရေစီလိုလားတယ်ဆိုတာ လူတိုင်းက လိုလားတာပဲ။ လူတိုင်းမှာကို ဒီမိုကရေစီဆိတ်သုဉ်းနေတာ။ ပါတီတွင်းမှာတောင် အနည်းဆုံးပါတီတွင်း ဒီမိုကရေစီရှိလို့  လား၊ ခင်ဗျားတို့ တောင် အရေးပေါ်ပါတီညီလာခံမှာ ခံခဲ့ရတယ်မဟုတ်လား’ ဆိုတာမျိုးပေါ့။ ဒီတော့ သူလည်း
ဘယ်ငြင်းနိုင်မှာလဲ။ အိမ်မှာလက်ခံပြီး မဆွေးနွေးတာက ကျောင်းသားဘက်က
တမျိုး ထင်သွားနိုင်တာမို့ တမင် ဦးထွန်းကြင်အိမ်မှာ ဆွေးနွေးတဲ့ ပရီကောရှင်း (precaution) မျိုး  ယူထားတာ သူ အသိဆုံးပါ။
               ဒါနဲ့ ပဲ  အဲဒီနေ့  အစည်းအဝေး စပါတယ်။ အစည်းအဝေးမှာ ပါတီ၊ ကောင်စီ၊ အလုပ်သမားအစည်းအရုံး ၊ လူငယ်၊ အုပ်ချုပ်ရေးဌာန အသီးသီး ပါ ပါတယ်။ ထုံးစံအတိုင်း ပါတီဥက္ကဌ က အဖွင့်စကားပြောပါတယ်။ (၈)ရက်နေ့ က စလို့ ဒီမြို့ မှာလှုပ်ရှားခဲ့မှု အပေါ် ဆရာဦးအုန်းနိုင် ဝင်ရောက်ထိန်းသိမ်းတာကို အသိအမှတ် ပြု ပါတယ်။ ပထမ နှစ်ရက်မှာ ကျောင်းသားလှုပ်ရှားမှုချည်း မှန်မှန်ကန်ကန်ဖြစ်ခဲ့ပေမဲ့ တတိယရက်မှာ အပြင်လူတွေပါလာလို့  သတိထားဖို့  လိုအပ်လာတယ်။ ကောလာဟာလတွေကို သတိထားသင့်တယ်လို့ပြောပြီး၊ ညနေရေဒီယိုသတင်းအရ   ဦးစိန်လွင် နှုတ်ထွက်သွားတော့ နိုင်ငံရေးအခြေအနေ ဘယ်လိုဖြစ်လာနိုင်မှာလဲ … ဆရာဦးအုန်းနိုင်ကပဲ သုံးသပ် ပေးစေချင်ပါတယ်…လို့   ပြောပါတယ်။
ကျနော့် အနေနဲ့လည်း တပြည်လုံးနဲ့ ပတ်သက်တာကို ဘာသုံးသပ်နိုင်မလဲ။ ဒါပေမဲ့
ဦးစိန်လွင်ရဲ့သက်တမ်းကို ကြည့်ရင် သမ္မတအဖြစ်(၁၅) ရက်၊ ပါတီဥက္ကဌအဖြစ်(၁၆) ရက် ဘဲရှိတယ်။ သူ့  လုပ်ရပ်ကို ဘာမျှ မသိရသေးဘူး။  ဒါပေမဲ့သူတက်လာတဲ့ နောက်တပတ်အတွင်း စစ်အုပ်ချုပ်ရေး ကြေညာပြီး
အပြင်းအထန် နှိပ်ကွပ် တာဘဲ။ ဒီလိုနှိပ်ကွပ်ပြီး တပတ်အကြာမှာပဲ နှုတ်ထွက်ရတယ်ဆိုတော့ ခုတစ်ခါ အရေးအခင်းက နှိပ်ကွပ်ရုံနဲ့ ပြီးမသွားဘူး။ အကြမ်းဘက်လို့  မရဘူးဆိုတာကို ပြနေတယ်။ ဒီမြို့  မှာ
အစတည်းက အကြမ်းဘက် နှိပ်ကွပ်မှု မလုပ်ခဲ့တဲ့အတွက် မြို့ သူ မြို့ သားနဲ့ အုပ်ချုပ်သူ ပါတီကောင်စီ အကြား အိနြေ္ဒမပျက် နေနိုင်တာဖြစ်တယ်။ အဓိကအားဖြင့်တော့ ကျောင်းသူ ကျောင်းသားနဲ့ လူထုအကြားမှာရော၊ ဒီဘက်ကတာဝန်ရှိသူတွေ အကြားမှာရော အကြမ်းမဖက်ရေး၊ ပဋိပက္ခမှုများ မဖြစ်ပွားရေးနဲ့ အဓိက အချက်ကတော့ မိမိတို့မြို့ ရွာ  မနစ်နာရေး … ဆိုတဲ့လိုင်းကျ သွားလို့ ဒီလို..အခြေအနေရရှိနေတာဖြစ်တယ်။ ဒီအတိုင်းဘဲ ဆက်လက် ကိုင်စွဲသွားသင့်တယ်။ ဗဟိုအနေအထားကတော့ ဆက်ပြီး နားထောင်ကြည့်ရမယ်။ နိုင်ငံတကာသတင်းထုတ်ပြန်မှု အထူးသဖြင့် ဘီဘီစီရဲ့ သြဇာကြီးမားတယ်။ သူ့အာဘော်ကို အဓိက
နားထောင်ရမှာပဲလို့  ပြောရပါတယ်။ ကောင်စီဥက္ကဌ ကလည်း ထောက်ခံပါတယ်။
ပြီးတော့   ပါတီဥက္ကဌက အာဇာနည်ကျောက်တိုင်မှာ ပြည်ထောင်စုအလံ ဇောက်ထိုးထူတားတာ..။ တိုင်တစ်ခုမှာ သပိတ်ကြီးမှောက်ပြီး စွပ်ထားတာ..။ ပိုစတာဘုတ်တွေ စိုက်ထားတာ သိပ် ရုပ်ပျက်တယ်။ ရန်ကုန်ပြည်လမ်းမကြီးဘေးမှာ ဒီလိုဖြစ်နေရတာ မကောင်းဘူးလို့ ပြောပါတယ်။    အဓိပ္ပါယ်က   ဟိုနေ့က
‘ကားမဝင်ရ’ ဆိုင်းဘုတ်ကို ဖယ်ပေးသလို ကျနော်က ရှင်းပေးရမဲ့ သဘောပဲ။
ဒါကိုတော့ ကျနော်အပြတ်ငြင်းလိုက်တယ်။ ဒါကို ကျနော်လည်းမလုပ်ဘူး။ ဘယ်သူမှလည်း သွားမလုပ်စေချင်ဘူး။ တစ်တိုင်းပြည်လုံးမှာ ဖြစ်နေတာ..။ မြို့တော်မှာတောင် ဖြစ်နေတာ၊ ဆေးရုံဝန်ထမ်းတွေတောင် သေကြေ   ပျက်စီး ဖြစ်နေတာ မရှက်နိုင်ဘဲ … ဒီအာဇာနည်ကျောက်တိုင်မှာ ပိုစတာ ဆိုင်းဘုတ်လောက် ချိတ်ထားတာ ရှက်မနေပါနဲ့။ အခုအခြေအနေလေး ရှိနေတာကိုဘဲ ရေရှည်
ခင်ဗျားတို့၊ ကျနော်တို့   ဂုဏ်ယူရမှာလို့ပြောလိုက်ပါတယ်။
            ဒါတောင် ကောင်စီဝင်တစ်ယောက်က ‘သာယာဝတီက လုပ်သလို ဆန္ဒပြမိတာ မှားပါတယ်’ ဆိုတဲ့ ကြေ ညာချက်မျိုး ထုတ်ဖို့   ပြောပြန်ပါတယ်။ ဒီကိစ္စက ဒီလိုပါ။ (၈)ရက်နေ့မှာ သာယာဝတီမှာလည်း
ကျောင်းသားဆန္ဒပြမှု ဖြစ်ပါတယ်။ နောက်တစ်နေ့   ကျတော့ သာယာဝတီဘူတာနဲ့
ကားဂိတ်တွေမှာ ‘မနေ့က ဆန္ဒပြမိတာ မှားပါတယ် …’ လို့ ကြေညာချက်တွေ ဝေပါတယ်။ ဝေတဲ့သူက ရဲရဲတင်းတင်းဝေ ရဲတာမဟုတ်ဘူး။ မီးရထားပေါ်၊ ကားပေါ် အထုပ်လိုက် တင်ပေးတာမျိုးပါ။ နောက်တစ်နေ့  ကျတော့ မီးရထားတွေ ကားတွေပေါ်က မြက်တွေချပေး သွားတယ် လို့  ကြားရ ပါတယ်။    ပေါင်းတည်မှာ
မှာ ကျောင်းသားဆန္ဒပြပွဲကို တမြို့လုံး တနယ်လုံးက ထောက်ခံပြီး၊  ဒီနေ့အစည်းအဝေးမှာတောင် လေသံပြောင်းနေတာကို … သူမို့   နားမလည်ပါးမလည် ဝင်ပြောတယ်။
‘ဒါမျိုးကတော့ ခင်ဗျားဘာသာ သွားလုပ်’ လို့  ခပ်တင်းတင်းပြောလိုက်တယ်။
ဒါတောင်သူက မလျှော့သေးဘူး။ ‘ကလေးတွေကို ခေါ်ပြီး သံဃာ့မဟာနာယကကို ဝန်ချတာမျိုးရော
မဖြစ်နိုင်ဘူးလား’ လို့ မေးပြန်ပါတယ်။
          ဒီကောင်စီဝင်ဟာ မူလတန်းလောက်တောင်မှ ကျောင်းနေဘူးရဲ့လား။ ဒီအခြေအနေရောက်နေတာ ရန်ကုန်မှာ သံဃာ့မဟာနာယကတွေကိုယ်တိုင်က ဆန္ဒပြတာတွေကို  ထောက်ခံနေတယ် ဆိုတာလောက်တောင်မှ သဘောမပေါက်ဘူး။ ဒီအရွယ် ကျောင်းသားအတွေးအခေါ်၊ ဒီမြို့ မှာရခဲ့တဲ့ ကျောင်းသားတွေရဲ့ အောင်မြင်မှု..။ ဗဟိုမှာတောင် ဦးစိန်လွင်ထွက်ပေးနေရချိန်မှာ သူမို့  လို့
 ဒီလိုပြောရဲတယ်။  ‘တုံးတယ်’ ဆိုတာ ဒါမျိုးပေါ့။ ဘယ်သူကမှ သူ့  စကားကို လက်ခံပုံမရ။ ဆေးဖော် ကြောဘက်လုပ်ပုံမရတော့မှပဲ   သူသိသွားတော့တယ်။ ‘တုံးတယ်’ ဆိုတာထက် ‘ဒုံးဝေးတယ်’ လို့   ပြောမှတော်မယ်။
ရန်ကုန်အခြေအနေကတော့ ဦးစိန်လွင်ထွက်သွားလို့   လှုပ်ရှားမှုနည်းနည်းငြိမ်သွားပါတယ်။ လူထု အစည်းအဝေးတို့ ဆန္ဒပြပွဲ တို့  ဆိုတာလည်း စနစ်တကျ ဖြစ်လာတယ်။ ဆေးရုံကြီးဝင်းအတွင်းမှာ နေ့စဉ် ဟောပြောပွဲတွေရှိပါတယ်။ စာပေ အနုပညာရှင်တွေ၊ ရုပ်ရှင်သဘင်ပညာရှင်တွေ အလှည့်နဲ့  ဟောပြောနေလို့   လူက တော်တော် စည်ကားပုံရပါတယ်။ (၁၅) ရက်နေ့ ကျတော့ ဘားလမ်းက ဘားကောင်စီနဲ့ စာပေပညာရှင်တွေပေါင်းပြီး တောင်းဆိုချက်တွေ ပေါ်ထွက်လာပါတယ်။
(၁) ကြားဖြတ်အိမ်စောင့်အစိုးရ ဖွဲ့ စည်းပေးရေး။ (၂) ပါတီစုံ ဒီမိုကရေစီစနစ် အကောင်အထည်ဖေါ်ရေး။ (၃) ရွေးကောက်ပွဲအသစ်ကျင်းပပေးရေး ။ စသည်တို့   ဖြစ်တယ်လို့ 
အသံလွှင့်ချက်တွေမှာကြားရပါတယ်။    နောက်ပြီး ဖမ်းထားတဲ့သူများကို ပြန်လွှတ်ပေးဖို့နဲ့  နောက်ထပ် ဆက်လက်သတ်ဖြတ်ခြင်းများ မပြုလုပ်ရန်။ နိုင်ငံတော်ကောင်စီသို့   တင်ပြတဲ့စာကို လက်မှတ်ထိုးပွဲများ ပြုလုပ်ကြပါတယ်။ ‘ဆစ်ကနေချာကမ်ပိန်း’လို့   ခေါ်တဲ့ ဒီမိုကရေစီလှုပ်ရှားမှုတစ်မျိုးပေါ့။
သံဃာ့ မဟာနာယက ဆရာတော်များထံကိုလည်း မင်းကျင့်တရား ဆယ်ပါးနဲ့
သိသွားစေချင်ပုံရပါတယ်။ ဒီအစည်းအဝေး အစီအစဉ်က သူဆွဲတာပါ။ သူကတော့ ဘာမှမပြောပါဘူး။ ကျနော့်ကိုရော ဘာပြောချင်သေးလဲမေးပါတယ်။ ဒီအစည်းအဝေးက ပုံစံတစ်မျိုးဘဲ၊ ကျနော်ဝင် မပြောပါဘူး။    ပါတီဥက္ကဌက ပြောသွားတဲ့စကားတွေရဲ့  အချုပ်ကတော့ … ‘တပ်က အာရုံစိုက်ကြည့်နေတယ်။ ပြည်မှာ မာရှယ်လော ထုတ်ထားတယ်။ ဒီကိုခေါ်လိုက်ရင်လည်း လာမှာဘဲ။ ဒါပေမဲ့ ကျနော်တို့က မခေါ်ပါဘူး။ ဒါကြောင့် ရပ်မိရပ်ဖ အများကလည်း ဝိုင်းထိန်းပေးပါ ဆိုတာမျိုး’ ..ခြောက်ပြော ပြောတာပါ။
ကောင်စီဥက္ကဌကလည်း ‘အုပ်ချုပ်ရေး ယန္တရားပျက်သွားရင် လုံခြုံရေးမရှိဘဲ ဖြစ်သွားမယ်။ ရန်ကုန် မြောက်ဥက္ကလာမှာ အုပ်ချုပ်ရေးပိုင်းက စွန့် ခွာသွားလို့   ရပ်ရွာလူထုနဲ့   သံဃာတွေကပဲ လုံခြုံမှုပေးနိုင်မဲ့ အဖွဲ့အစည်းကို ခေါ်ရတယ်’ ဆိုတာမျိုး သတင်းစာထဲက သတင်းအရ ပြောပါတယ်။ ‘ရှေ့ဆက်တော့ မတိုးကြနဲ့ ။ အခုကြည့်နေတာ ကြောက်လို့မဟုတ်ဘူး’ ဆိုတာမျိုး အရှက်ပြေ ပြောတာပါ။
(ဆက်လက်ဖော်ပြပါမည်)။
သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
Similar Posts