Poems

မောင်စိုးချိန် – ကြေကွဲ ငိုကြွေးသံ ဟာသများ

 မောင်စိုးချိန် – ကြေကွဲ ငိုကြွေးသံ ဟာသများ
(မိုးမခ) ဇန်န၀ါရီ ၂၁၊ ၂၀၁၅

ဟာသ ပညာရှင်
ချာလီ ချက်ပလင်
မစ္စတာဘင်း
သူတို့က ဆရာရင်းတွေ
ဒါပေမဲ့ ဆရာထက်
လက်စောင်းထက်တဲ့ လူတစု
ရယ်စရာ ဟာသ
သိပ်ကြွယ်ဝတဲ့ ပုဂ္ဂိုလ်ကျော်တွေ
ကမ္ဘာမြေမှာ
ပေါ်ထွက်လာခဲ့လေရဲ့။

နားဆင်ကြည့်
ဆင်းရဲမွဲတေမှု လျှော့ချရေးတဲ့
အငတ်ဘေး လျှော့ချရေးတဲ့
ထုတ်ပြန်ချက်
ပဲ့တင်ထပ် ရိုက်ခတ်သွား
အန္တရာယ်ကင်း ဂါထာ မန္တယာ
ရွတ်လိုက်တာများလား
ဟိန်းညံသွား။

နွေဦးပေါက်
ဥသြတွန်သံ မဟုတ်ဘူး။
ဟေမာန်တရဲ့
အေးမြ လေညှင်း မဟုတ်ဘူး။
ဒါက သေချာတယ်။

ဟစ်ကြွေး ကြေငြာသူ
လေပြေထိုးသူ အုပ်စု
ချမ်းသာ ကြွယ်ဝမှုမှာ
ထုထည်အင်အားကြီးမား
တိုးပွား လာခဲ့လေရဲ့။

ဆင်းရဲသူမှာ
ကုန်းကောက်စရာမရှိ
ပိန်လှီချိနဲ့ တိုးပွား
အဆတရာ တိုးပွားလာ။

ယိုင်နဲ့ရာက လဲပြိုသွား
အငတ် တပ်သားများ
ပိုလို့ ပိုလို့ တိုးပွား ၊ ဆိုးဝါး။

မွဲတေသူ
ကြွေးထူ ကျွန်ဖြစ်
ဒုက္ခ နွံနစ်
လူစင်စစ်က ကြွေးအကောင်လိုက် ဖြစ်သွား
လူစင်စစ်က ကြွေးအပူငွေ့ ဖြစ်သွား
ကြွေးပင်လယ် ဖြစ်သွား
သိန်းသန်း ဂဏန်းတိုးပွား
မြင့်သည်ထက် မြင့်မား
ဆင်းရဲ မွဲတေမှုများ
ဘယ်လိုများ လျှော့ချလိုက်ပါလိမ့်မယ် ကိုယ့်လူရယ်။

ချာလီ ချက်ပလင်
မစ္စတာဘင်း ထက်
လက်စောင်းထက်တဲ့ စစ်အုပ်စု။

မောင်စိုးချိန်
ဇန္နဝါရီ ၁၇ ၊ ၂၀၁၅


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts