ရသဆောင်းပါးစုံ လူများ၊ ရုပ်ပုံလွှာများ

ကြည်နိုင် – ဆရာဂျမ်းနှင့် အင်္ကျီသုံးထည် ဗိန်းမောင်းပြဇာတ်

ကြည်နိုင် – ဆရာဂျမ်းနှင့် အင်္ကျီသုံးထည် ဗိန်းမောင်းပြဇာတ်
(မိုးမခ) ဇန်န၀ါရီ ၆၊ ၂၀၁၅

(၁)

“ကျွန်တော့်ဆိုင်၌
ပင်တိုင်ဖောက်သည်။ ချုပ်ဖူးသည်ကား
အင်္ကျီသုံးထည်ပင် ရှိပါပြီ …” ။

ကျွန်တော်သည် တရက်တွင် ဆရာဂျမ်းဟု ကျွန်တော်တို့ ချစ်ခင်လေးစားစွာခေါ်ကြသော ဆရာတင်မိုးကို သတိရသဖြင့် သူ့ကဗျာစာအုပ်များကို ရောက်တတ်ရာရာ ပြန်ဖတ်နေမိ၏။

ဖန်မီးအိမ်၊ ပန်းဈေးခင်း၊ လှေတစင်းနှင့် သီချင်းသည်၊ ပုဂံကျောင်းကခေါင်းလောင်းသံ၊ စိမ်းလမ်းသော အိပ်မက်၊ နှင်း ဆီပွင့်ပေါ်အိပ်ပျော်ခြင်း၊ ကန္တာရနှစ်များ၊ ကံ့ကော်ရိပ်မှအိပ်မတ်များ … စသည်ဖြင့် ဆရာကဗျာစာအုပ်များ ကျွန်တော်စု ဆောင်းထားခဲ့သည်။ ကျွန်တော့်လိုပင် ကဗျာကို တန်ဖိုးထားမြတ်နိုးသည့် ဆရာမောင်ဟုန်ဝမ်နှင့် ဓူဝံစာပေတိုက်တွင် ဆုံမိ သည်။ ဆရာမောင်ဟုန်ဝမ်ကား…ဆရာဇော်ဂျီ၏ကဗျာများ၊ ဆရာမင်းသုဝဏ်၏ ကဗျာများကို ခံစားကာ အဖွင့်စာအုပ်များ ရေးခဲ့သူဖြစ်သည်။ “ ဇော်ဂျီနှင့် ကဗျာ” စာအုပ်ဖြင့် အမျိုးသားစာပေဆု ရခဲ့သည်။ ဆရာနှင့် ဆရာတင်မိုးကဗျာများအကြောင်း စကားစပ်မိရင်း ခံစားမှုအဖွင့်ရေးလိုကြောင်း၊ ဆရာတင်မိုး၏ကဗျာစာအုပ်များအစုံမရှိကြောင်း ဆရာက ဖွင့်ဟသည်။ ကျွန်တော့်တွင်အစုံရှိကြောင်းပြောပြရာ ဓူဝံကိုဝင်းချိုကတာဝန်ယူကာ ဆရာမောင်ဟုမ်ဝမ်အား အပ်နှင်းလိုက်သည်။ ကျွန်တော် လည်း ဆရာတင်မိုးကဗျာများ အဖွင့်ဖတ်ရတော့မည်ဟု ဝမ်းသာပီတိဖြစ်နေမိ၏။

၁၉၆၈ ခုနှစ်လောက်ကဟု ထင်သည်။ ဆရာတက္ကသိုလ်ဝင်းမွန်က “ခေတ်သစ်ကဗျာ မိတ်ဖွဲ့” စာအုပ် ထွက်ခဲ့ဖူးသည်။ ဇော်ဂျီ၊ မင်းသုဝဏ်၊ ဒဂုန်တာရာ၊ ဒေါင်းနွယ်ဆွေ၊ ကြည်အေး၊ ဗန်းမော်ညိုနွဲ့၊ မင်းယုဝေ၊ ငွေတာရီ၊ နုယဉ်…စသည့် ကဗျာ ဆရာ (၁၁) ဦးလောက်၏ကဗျာ (၅) ပုဒ်စီကို ခံစားချက်အဖွင့်ရေးကာ မိတ်ဖွဲ့ပေးထားခြင်းဖြစ်သည်။ ထိုစာအုပ်တွင် ထူးခြား သည်မှာ နောက်ဆက်တွဲအဖြစ် (၁၉၃၄) ခု “ ခေတ်စမ်းကဗျာများ”  စာအုပ်မှသည် (၁၉၆၆) ခု “ပန်းလှတော ကဗျာများ” စာအုပ်ထိ ကဗျာစာအုပ်ပေါင်း (၁၅၄) အုပ်၏စာရင်းကို ရေးဖွဲ့သူ၊ ထုတ်ဝေသူ၊  ခုနှစ်…. စသည်ဖြင့် “ ခေတ်သစ်ကဗျာစာအုပ် များစာရင်း” ကို စုစည်းဖော်ပြထားခြင်း ဖြစ်သည်။

၁၉၆၆ ခုနှစ်မှ နောက်ပိုင်းထွက်ရှိသော ကဗျာစာအုပ်စာရင်းကိုလည်း သုတေသီတဦးဦးက စာရင်းပြုစုပေးနိုင်လျှင် ကောင်းပေစွဟု တောင့်တမိ၏။ ခေတ်ပေါ်ကဗျာများသည် ခေတ်ပြိုင်ခံစားမှုများကို ဖော်ထုက်နိုင်သည်ဟု ကျွန်တော်ယူဆမိ၏။

ကျွန်တော်သည် ဆရာဂျမ်း၏ “နှင်းဆီပွင့်ပေါ် အိပ်ပျော်ခြင်း” ကဗျာစာအုပ်မှ “အင်္ကျီသုံးထည်” ကဗျာကိုဖတ်ရင်း အတွေး အမျှင်တန်းနေမိသည်။ ထိုကဗျာနှင့်ပတ်သက်၍ ဆရာဂျမ်းသည် ဖခင်၏လုပ်ငန်းကိုစူစမ်းရင်း အတွေးစိတ်ကူးရလေသ လားဟု ကျွန်တော်စဉ်းစာနေမိသည်။ “တောကျေးလက်က အပ်ချုပ်ဆိုင်” ဆိုင်ဆိုသည့် ဆရာကဗျာတပုဒ်ကိုလည်း ဖြတ် ကနဲသတိရမိ၏။ (ပုဂံကျောင်းက ခေါင်းလောင်းသံစာအုပ်တွင်ပါသည်ဟု ထင်မိသည်။)။ “ တောကျေးလက်က အပ်ချုပ်ဆိုင်” ကဗျာနှင့် “အင်္ကျီသုံးထည်” ကဗျာသည် ဆက်စပ်မှုရှိလေသလား…..

ဆရာဂျမ်းက သူ့အပ်ချုပ်ဆိုင်တွင် ပင်တိုင်ဖောက်သည်က ချုပ်ဖူးသည်မှာ “အင်္ကျီသုံးထည်” ရှိပါသတဲ့။

ထိုဖောက်သည်မှာ
နွေခါဝတ်ရန်၊ နေပူခံသည့်
ဖန်ပြာလှပ်လှပ်၊ စပို့ရှပ်တထည်။

မိုးခါလိုက်လျော၊ မိုးတောထဲမှာ
မိုးမရွာသည့်၊ မိုးကာအင်္ကျီတထည်။

ဆောင်းခါနှင်းလုံ၊ အနွေးလှုံဖို့
ဝတ်ရုံအင်္ကျီ၊ လောင်းကုတ်ရှည်တထည်။

ကျွန်တော်သည် ထိုကဗျာပိုဒ်ကိုဖတ်ရင်း… ကဗျာထဲက အင်္ကျီချုပ်သူ ဖောက်သည်ကား ရာသီသဘောကို နောကျေနေသူဖြစ် မည်ဟု စဉ်းစားမိ၏။ ရာသီဒဏ်ကိုခံနိုင်ရန် ကြိုတင်စဉ်းစားကာ အင်္ကျီသုံးထည်ကို ချုပ်ခဲ့ဟန်တူသည်။

ကျွန်တော်တို့ကျေားလက်က တောသူတောင်သားများသည် ထိုကဲ့သို့ ရာသီဒဏ်ကိုကာကွယ်ရန် ကြိုတင်ချုပ်မထားနိုင်ကြ။ အများစု လယ်သမား၊ လယ်သူမများမှာ မိုးခါရောက်မှ လယ်ရှင်ဆီမှ ကြိုတင်လုပ်ခယူ မိုးကာပြေးဝယ်သူဝယ်၊ ပလီမဝယ်သူ ဝယ်၊ ခမောက်ဝယ်သူဝယ် လုပ်ကြရ၏။ ဆောင်းအခါတွင်ကား အနွေးထည်ကောင်းကောင်း မဝတ်နိုင်ကြ။ အချို့က တင်း တိမ်းစောင်လေးခြုံ၊ အချို့ ခြံထွက်ဟင်းသီးဟင်းရွက်ကလေး ဈေးတွင်ရောင်းချသူက မြို့ဈေး လေဘေးအထည်ပုံထဲက ရွေး ကာ သင့်သလို ဝတ်ကြရ၏။ အချို့လေဘေးထည်ပင် မဝယ်နိုင်သူက စောစောစီးစီး လယ်ထဲကောက်ရိတ်ဆင်းလျှင် ပုဆိုးခြုံ ကလေးနှင့်…..။ နွေအခါတွင်ကား လယ်လုပ်သူအများစုမှာ ပုဆိုးဒူးတို၊ ကျောပြောင်နှင့် တဦးတလေလောက်သာ စွပ် ကျယ်ဝတ်သည်ကို တွေ့ဖူး၏။

ကျွန်တော် ကဗျာကို ဆက်ဖတ်မိသည်။
ရာသီလဲလျှင်
ထည်လဲအင်္ကျီ၊ သူဝတ်သည်။

တခေတ်တခါ အသစ်လာ၍
တရာသီပြောင်း၊ တကွေ့ ပြောင်းတိုင်း
အကြောင်းကောင်းရှာ၊ ပြောင်းစရာအတွက်
သူ့မှာ အင်္ကျီ ရှိပါသည်…။

ကျွန်တော် ကဗျာကိုဖတ်ရင်း မျက်လုံးနည်းနည်းကျယ်လာ၏။ ကဗျာထဲက ပင်တိုင်ဖောက်သည်၏သရုပ်ကိုလည်း စမ်းဝါး ကြည့်မိလာသည်။ ရာသီအလိုက် အရောင်ပြောင်းတက်သည့် ခေါင်းတညိတ်ညိတ်နှင့် ပုတ်သင်တို့ကိုလည်း သတိရမိ လာ သည်။ ပင်တိုင်ဖောက်သည်သည် ပုတ်သင်လော၊ သို့မဟုတ် ပုတ်သင်တို့ကို ကြိုးကိုင်သူလော….။ ကျွန်တော် သို့လော သို့လော စဉ်းစားရင်း ကဗျာနောက်ဆုံးပိုဒ်ကို ဆက်ဖတ်မိသည်။

သို့သော်
အင်္ကျီချုပ်တိုင်း၊ သူ့ကိုယ်တိုင်းကား
ပုံတိုင်းနေကျ၊ ဟိုရှေးကသို့
ပွမြဲ ဖားမြဲ၊ မပြောင်းလဲသည့်
ဝဆဲ ထွားဆဲ ပါပေတကား….။

ကဗျာနောက်ဆုံးပိုဒ်ကိုဖတ်ရင်း ထိုကဗျာ၏ နိမိတ်ပုံအကျယ်အဝန်းကို ကျွန်တော်ထိတွေ့မိတော့၏။ ကျည်းကန်ရှင်ကြီး ဆို သကဲ့သို့ လောကတွင် “ဝလို၍ သိုထားသူ” တွေ၊ “ ကလို၍ ကိုယ်ယားသူတွေ” ကား ရှိနေဆဲပင်။
**

(၂)

ညဥ့်ဦးယံတွင်
တေးသံစုံဝိုင်း၊ ပြဇာတ်ပိုင်းက
တိုင်းကျော်ပြည်ကျော် ပြဇာတ်တည်း..။

ဗိန်းမောင်းတိုက်၍
လိုက်တန်းပြေးတမ်း၊ နောင်ဂျိမ်းခန်း…။

ကျွန်တော်သည် ဆရာဂျမ်း၏ “အင်္ကျီသုံးထည်” ကဗျာကိုဖတ်ပြီး အတွေးဆန့်ရင်း နောက်ကဗျာတပုဒ်ကို ဖတ်မိပြန်၏။ ကဗျာနာမည်က “ဗိန်းမောင်း ပြဇာတ်ဒါရိုက်တာ” တဲ့။

ထိုကဗျာကိုဖတ်မိသည့်အခါ…. ကျွန်တော်ငယ်စဉ်က အဖွားနှင့် လက်ပံတန်းဘူတာရှေ့ ဇာတ်ပွဲများ သွားကြည့်ရသည်ကို အမှတ်ရမိတော့၏။ ရွှေမန်းတင်မောင်၊ စိန်အောင်မင်း၊ ဗန္ဓုလ ကျော်စိန်၊ တိုင်းချစ်သန်းစိန်၊ မြို့တော်တင်ရွှေ၊ တောကျော်၊ ပန်တျာကြည်လင်၊ ပြည်သူ့မုန်တိုင်း…စသည့် စသည်ဖြင့် ဇာက်ပွဲများ ကြည့်ခဲ့ရသည်။

အဖွားက အော်ပရာနှင့် နှစ်ပါးသွား နောက်ပိုင်းဇာတ်ထုပ်ကို ပိုသဘောကျသည်။ ကျွန်တော်က ပြဇာက်ကို ပိုကြိုက်သည်။ လူရွှင်တော်ပျက်လုံးကို သဘောခွေ့သည်။ အထူးသဖြင့် ဗိန်းမောင်းတိုက်၍ နောင်ဂျိန်ခန်းပါလျှင် ပိုသဘောကျသည်။ အ ဖွားကတော့ နောက်ပိုင်းဇာက်ထုပ်ကို ကျွန်တော်စိတ်ဝင်စားရန် ကြိုးစားရှင်းပြရှာ၏။

“ဟော….ငါ့မြေး ကြည့်။ ဝန် (၄) ပါး ထွက်လာတယ်မှတ်လား။ အဲဒါ လွှတ်တော်တက်ခန်းခေါ်တယ် …”
“ဟာ…အဖွားရယ်….ဝန်တွေကလည်း ဟုတ်ပါ့၊ ဟုတ်ပါ့နဲ့ ဘာတွေပြောနေမှန်း မသိပါဘူး..”

တကယ်လည်း ကျွန်တော်…ဝန်လေးပါး ခေါင်းတညိတ်ညိတ်နှင့် ပြောနေကြသည်ကို စိတ်မဝင်စားခဲ့။ ဇီးသီးသည်၊ ကွမ်းယာ ဆေးလိပ်သည် အသံကတမျိုး၊ ပွဲကြည့်ပရိတ်သတ်ကလည်း အပြင်ထွက်သူ ထွက်၊ ကိုယ့်အချင်းချင်း စကားပြောသူပြောဖြင့်။ ထိုအခြေအနေကို ဆိုင်းဆရာက…အကဲခတ်မိလေသလားမသိ။ ဗေထိ..ဂျိဆိုပြီး ပွဲလှန့်ပေးသည်။

ဇာတ်ပြခိုက်တွင်
ဒါရိုက်တာက၊ ကားလိပ်မကာ
လက်ပြကြားဖြတ်၊ စင်ပေါ်ရပ်လျှက်
“ပြဇာတ်မှားကာ၊ ပြမိပါ၍
ဝန္ဒာမိပါ၊ ရွှေပွဲလာ” ဟု
ဘွာခတ်လိုက်သော်၊ သန်းခေါင်ကျော်ပြီ…။
အုတ်အော်သောင်းနင်း၊ ဇာက်ရုံသွင်း…။

ပြဇာတ်ဗိန်းမောင်း၊ နရီညောင်းလည်း
ဇာတ်ပေါင်းခန်းပင် မထွက်သေး…။

အလို…. ဘယ်လိုဖြစ်လို့ပါလိမ့်ဟု ကဗျာဖတ်ရင်း ကျွန်တော်တွေးမိ၏။ ဗိန်းမောင်းတွေ တိုက်ပြီးရင်း တိုက်ရင်း….တိုက်နေ ချိန် တွင် ကားလိပ်မကာ… ဒါရိုက်တာကလက်ပြရင်း စင်ပေါ်ရပ်ပြီး ပြဇာတ်မှားကမိသတဲ့။ အချိန်ကလည်း သန်းခေါင်းကျော်ပြီ။ ဇာတ်ပေါင်းခန်းပင် မရောက်သေး။ ပရိတ်သက်က… “ဒါ ဘာလုပ်တာလဲ၊ ဘာလုပ်တာလဲ” ဟု မကျေမနပ်သံများ ဇာတ်ရုံ တွင်းညံကာ အုတ်အော်သောင်းနင်း ဖြစ်နေချေပြီ။ ထိုပရိတ်သတ်အတွင်း ကျွန်တော်လည်း ပါနေ၏။

အသက်ကောင်းလည်း
ဇာတ်ပေါင်းမပါ၊ ဤဇာက်နာကို
ဦးစွာရုပ်ချ၊ စိတ်ရူးထ၍
ကခဲ့ပြီးသော်၊ သန်းခေါင်ကျော်မှ
သြော်… သြော်.. မှားစွ၊ သြော်… မှားစွဟု
ပြဇာတ်ကိုသိမ်း၊ မီးကိုငြိမ်းလည်း
သွေးစိမ်းများကား မခြောက်သေး…။

ပွဲကြည့်သူများ၊ မိုက်သွေးယားအောင်
ဓားခုတ်လှံထိုး၊ အမျိုးမျိုးနှင့်
ကျည်ထိုးပစ်ခတ်၊ ထောင့်တိုင်းစပ်မျှ
သတ်ကြ ပုတ်ကြ၊ ထွက်ပြေးကြစဉ်
ကရင်း မတ်တပ်၊ ဇာတ်ကြောဖြတ်သည်
မောင်းခတ်တုန်းက သူတမျိုး….။

ကျွန်တော် ကဗျာဖတ်ရင်း မျက်လုံးကျယ်လာရပြန်ပြီ။ လူ့ဘဝကို ဇာတ်ခုံနှင့် တင်စားတတ်ကြသည်။ ကျွန်တော်တို့ နိုင်ငံ သည် ကျွန်ဘဝမှလွတ်မြောက်ရန် ပြည်သူတို့၏ အသက်သွေးချွေးကို စတေးခဲ့ရ၏။ လွတ်လပ်ပြီဟု မကြေညာနိုင်ခင်ပင် ဗိုလ် ချုပ်အောင်ဆန်းနှင့် အာဇာနည်ကြီးများ လုပ်ကြံခံခဲ့ရ၏။ တိုင်းပြည်၏ လူ့အဖိုးတန်ရတနာများ ဆုံးရှုံးခဲ့ရသည်။ (၁၉ ၄၈) လွတ်လပ်ပြီဟုကြေညာချိန်တွင် အကြွေးများ လည်ပင်းနစ်နေသည်။ ပြည်တွင်းစစ်လည်း စခဲ့သည်။ လူဖမ်းပွဲကြီးလုပ်၍ တောခိုသူကခိုကြသည်။ တိုင်းပြည်ချောက်ထဲကျဖို့ လက်နှစ်လုံးပဲလိုတော့တယ်ဟု အသံများကြားရ၏။ စပ်တပ်ဆိုတာ ပစ်ရင် တည့်တည့်ပစ်တယ်ဆိုသည့် ကြိမ်းဝါးသံကြီး။ ထိုအသံကြီးကို အကောင်အထည်ဖော်ဆောင်ကြသူများ၊ ပြည်သူမှာ မြေစာပင်ဘဝ၊ ခေတ်ဆိုးခေတ်ကြပ်များကို ကျွန်တော်တို့ ဖြတ်သန်းခဲ့ကြရသည်။ အရေးအခင်းအမျိုးမျိုးကို ဖြတ်သန်းခဲ့ကြရ သည်။ ရဟန်းရှင်လူတို့သွေးများ ကား မခြောက်သေး။ သို့သော မောင်းခတ်ကြေငြာစဉ်က မိန့်ခွန်းများကား ကျော့နေတော့၏။

ပွဲ၏ ဇာတ်လိုက်၊ ကံထရိုက်၏
ခါးပိုက်ထဲမှ၊ ညကြေးရ၍
ညတွက်မနာ၊ ဒါရိုက်တာမူ
မာယာတသိန်း၊ အပလိန်းနှင့်
လူပြိန်းကြိုက်အောင်၊ တဖောင်ဖောင်နှင့်
တောင်တောင်မြောက်မြောက်၊ စကားဖေါက်လျှက်
မြှောက်ခြေပင့်ချေ၊ သင်ပုန်းချေလည်း
မကျေမနပ် မရိတ်သက်…..။

ဇာတ်ဝင်ကြေးများ၊ ဖျာကြေးများကို
အစားခံရ၊ ထိုနေ့ည…..။

နက်ဖြန်ကာည၊ ပြောင်းလဲကမည့်
ပြဇာတ်လက်ကျန်၊ ယုံအောင်ဖန်လည်း
ဉာဏ်နီဆင်မှန်း၊ သိချေပြီ….။

ဆရာတင်မိုး၏ ကဗျာစက်ဝန်းသည် ကျယ်ဝန်းလှ၏။ ပြဇာတ်ကပြသူများ၏ သရုပ်ကိုမြင်ယောင်းရင်း “အမိယုတ်က နှုတ်သ ရမ်း၏၊ အဖယုတ်က ကိုယ်အမူအရာ ကြမ်းတမ်း၏” ဆိုသော လောကနီတိစကားကိုလည်း အမှတ်ရမိ၏။ မည်သူတွေ နှုတ် သရမ်းနေကြသနည်း။ မည်သူတွေ လက်ရုံးအားကိုးကာ ကိုယ်အမှုအရာကြမ်း တမ်းနေကြသနည်း။ “ဗိန်းမောင်းပြဇာတ်” ကဗျာက ကျွန်တော့်ကို အတွေးပွားစေ၏။ “အင်္ကျီသုံးထည်” နှင့် ဗိန်းမောင်းပြဇာက်ကနေသူများကိုလည်း မျက်စိထဲ မြင်နေ မိ၏။
**

(၃)

“ပတ်စာခွာလို့၊ ဖျာသိမ်းပြီးကာမှ
ဗိန်းမောင်း တိုက်လိုတိုက်
ကရောင်းရိုက်လို ရိုက်နဲ့
ဇာတ်တိုက်လို့ပဲ မပြီးနိုင်သေးဘူးတဲ့လား…။

တခါလာလည်း ဒီအခန်း
ဒီဇာက်လမ်းနဲ့ ဒီမင်းသား
ဒီစစ်ကားချည့်ပဲ ပြနေတော့
တညလုံးလုံး
ပရိတ်သက်က မုန်းလှပြီ…။

တအုန်းအုန်းနဲ့ခဲကျ၊ သင်းတို့ကဲသမျှ
ဆဲလှရော့မယ်….။

ယခုနောက်ပိုင်းတွင် ဆရာတင်မိုး၏ “သစ်ရွက်ကြေလေးပေါ်မှာ ရေးတဲ့မှတ်တမ်း”၊ “တင်မိုးကဗျာ ၈၀” စာအုပ်များထွက်လာ သည်ကို ဖတ်ရ၏။ ကျွန်တော်သည် “တင်မိုး ၈၀” စာအုပ်မှ “ဒီတညတော့ ဒီမျှနဲ့တန်ပါစေ” ကဗျာကို ဖတ်မိသည်။ ထိုကဗျာ သည် “ဗိန်းမောင်းပြဇာတ်” ကဗျာနှင့် သွေးတကြောတည်းဖြစ်သည်ဟု ယူဆမိ၏။ “ဗိန်းမောင်းပြဇာတ်” တွင် ကပြနေသူတို့နှင့် ဒါရိုက်တာ၏သရုပ်ကို ဖော်လှစ်ပြပြီး “ဒီမျှနှင့် တန်ပါစေ” ကဗျာတွင် ပရိတ်သက်အသံကိုပါ ပိုကြာလာရသည်ဟု ခံစားမိ၏။

မင်းတို့ဇာတ် မဟန်ဘူး
ဖျာကိုလိပ်ပြီး
တိတ်တိတ်သာ ပြန်ကြတော့
နက်ဖြန်ကျမှ ဇာတ်လမ်းပြောင်းပြီး
ဇာတ်သိမ်းကောင်းကောင်း ကကြစို့….။

ဒီညတော့ တော်တန်တိတ်
ငါတို့အိပ်ရေးပျက်လှပြီ…..။

ကဗျာထဲဝင်စားနေမိသူ ကျွန်တော်လည်း ဆရာတင်မိုးပြောသည့် ဇာတ်လမ်းပြောင်းမည့်နက်ဖြန်ခါကို မျှော်ကြည့်နေမိ၏။ ထိုမျှော်လင့်ချက်ရောင်ခြည်သူ ထွန်းလင်းတောက်ပ၍ ခွန်အားဖြစ်ပါစေသတည်း …..။

(ကြည်နိုင်)
၁.၁.၂၀၁၅


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
Advertise on MoeMaKa

Similar Posts