ရသဆောင်းပါးစုံ

နီနီမာ – လည်လည်သွားမယ်…လာကြဟေ့ (၂)

နီနီမာ – လည်လည်သွားမယ်…လာကြဟေ့ (၂)

(မိုးမခ) ဇန်န၀ါရီ ၅၊ ၂၀၁၅

…. သရေခေတ္တရာပျူမြို့ ဟောင်းမှာ မြို့ ဝင်ပေါက်တံခါးကြီး  (၃၂)ပေါက်နဲ့  တံခါးငယ် (၃၃)ပေါက်  ရှိတယ်လို့ သမိုင်းဆရာတွေ ရေးထားတာဖတ်ဖူးတယ်..။

တကယ်တော့  သမိုင်းသုတေသီတွေရဲ့  ရှာဖွေ မှန်းဆချက်တွေကလည်း  အသစ်အသစ်တွေ့ ရှိချက်တွေနဲ့ ..အမြဲရှင်သန်ပြောင်းလည်းနေတာမျိုးကိုး..။ဘာပဲဖြစ်ဖြစ်  သရေခေတ္တရာပျူမြို့ ဟောင်းရဲ့  သမိုင်းကတော့   တုတ်ထမ်းပြီး ပြောရတယ်ဆိုတဲ့   ပုဂံရာဇ၀င်ထက်  ရှေးပိုကျတော့.. ပိုပြီးအငြင်းပွါးစရာမှန်းဆချက်တွေ..ဒဏ္ဍာရီတွေလဲ  များမှများပေါ့..။…

ခုလို..လက်တွေ့ တူးဖော်ရထားတဲ့  အထောက်အထားတွေ..  ယဉ်ကျေးမှုပစ္စည်းတွေကတော့  အိုးခြမ်းပဲ့ ကလေးတခုကစပြီး  တန်ဖိုးမဖြတ်နိုင်အောင်..  စိတ်ဝင်စားစရာကောင်းလိုက်တာနော်..။ ဒါပေမဲ့ …အခုလက်ရှိတော့  မြို့ တံခါးက (၉)ခုပဲ  တူးဖော်လို့ တွေ့ သေးတယ်တဲ့ ..။အခုတို့မြင်နေရတဲ့  လုလင်ကျော်တံခါးပေါက်ဆိုရင်လဲ  တူးလက်စမို့    မြို့ ကွက်ထဲအထိ  ၀င်နိုင်အောင်  လမ်းမပေါက်သေးဘူး..။ကဲ..ဒါဆိုလဲ  မြို့ ရိုးအပြင်က  မြေနီလမ်းရိုးလေးအတိုင်း  ပတ်ပြီး  ဆက်သွားကြည့်ကြတာပေါ့…။

ဟော…ရှေ့ မှာ သွပ်မိုးထားတဲ့   အဆောက်အဦးကြီးတခုပါလား..။ဝင်ကြည့်ကြစို့..။အဆောက်အဦရဲ့ ရှေ့ မှာ  မြေပုံကားချပ်ရှိတယ်..။ဖတ်ကြည့်လိုက်ဦးမှ..။

အော်…တို့ရောက်နေတာ..ကုန်းအမှတ်(၅၃)တဲ့ ..။ ပျူသင်္ချိုင်းဟောင်းကိုး..။သမိုင်းသုတေသီတွေရဲ့  အဆိုအရ    ပျူတွေဟာ   သေဆုံးသွားတဲ့ သူတွေကို…မီးသင်္ဂြိုလ်လေ့ရှိသတဲ့ ..။အဲဒီကရတဲ့  အရိုးပြာတွေကိုမှ  အိုးတွေနဲ့ ထည့်ပြီး   မြှုပ်နှံသင်္ဂြိုလ်ကြတာတဲ့ ..။ဘုရင့်ဆွေတော်မျိုးတော်တွေရဲ့  အရိုးပြာတွေကိုတော့   ကျောက်အိုးကြီးတွေနဲ့  ထည့်ပြီး မြှုပ်ကြတယ်…။သာမန်အရပ်သားတွေရဲ့  အရိုးပြာတွေကိုတော့  ရိုးရိုးမြေအိုးလေးတွေနဲ့ ထည့်ကြသတဲ့ ..။အခု  တို့ရောက်နေတဲ့  ကုန်းအမှတ်(၅၃)ကတော့ သာမန်အရပ်သားတွေရဲ့  အရိုးအိုးတွေကို  မြှုပ်နှံထားတဲ့  သင်္ချိုင်းကိုး..။ေ

လေးထောင့်  စတုဂံပုံသဏ္ဍန်ပန္နက်ပုံတခုထဲကနေ  တူးဖော်တွေ့ ထားတဲ့  အရိုးအိုးတွေကို လေဒဏ်မိုးဒဏ်ကာကွယ်ဖို့   သွပ်မိုးထားတဲ့ အဆောက်အဦးကြီးနဲ့  ထိန်းသိမ်းပေးထားတယ်….။အရိုးအိုးတွေရဲ့   ဘေးပတ်ပတ်လည်ကနေ  လူဝင်မရအောင် ကိုင်တွယ်မကြည့်နိုင်အောင် အရံအတားတွေကာပေးထားတယ်နော်…တွေ့ လား။ ကြည့်စမ်း  ဒီနေရာကနေ…တူးဖော်တွေ့တဲ့  အရိုးအိုးပေါင်း  ၂၉၀ ကျော်ရှိတယ်..ဆိုပဲ..။

တခုပေါ်တခု  ထပ်တဲ့  အိုးလေးတွေက  ထပ်လို့..။ကြည့်နေရင်း  တို့ဘိုးဘေး  ပျူတွေရဲ့  ၀ိဥာဉ်ရနံ့ တွေကိုတောင်  ရှူရှိုက်မိလာသလိုလို..။လွမ်းဆွေးဆွေး.. ဟာတာတာ.. ခံစားချက်ကြီးတခုတောင် ခံစားရတယ်..။ဒီမှာကြည့်စမ်း…။အရိုးအိုးလေးတွေရဲ့  အဖုံးလေးတွေမှာ  လက်ကိုင်လေးတွေရှိတယ်..။တချို့ ဆို..အဖုံးနဲ့ ကိုယ်  တခြားစီဖြစ်လို့..။

လုံခြုံရေးဝန်ထမ်းလေးက  ရှင်းပြတယ်..။အရိုးအိုးတွေကို အဆင့်သုံးဆင့်ခွဲထားသတဲ့ ..။အပေါ်ဆုံးအဆင့်က သူဌေးသူကြွယ်..နောက် ..လူလတ်တန်းစားနဲ့   အနိမ့်ဆုံးအဆင့်က ဆင်းရဲသားတွေရဲ့  အရိုးအိုးတွေခွဲထားတယ်.တဲ့ ..။ဘယ်လို  ခွဲခြားသိထားသလဲတော့  သူရှင်းမပြဘူး..။

အောက်ဆုံးအဆင့်က  အရိုးအိုးကလေး  တလုံးက  သေးသေးလေးမို့..ကလေးအရိုးအိုးလေး များလား..။

ဟော..ကြည့်စမ်း..။ဒီမှာ  အရိုးအစအနလေးတွေတောင်…မြင်နေရတယ်..။

လုံခြုံရေးဝန်ထမ်းလေးက  ..ဒီအရိုးအိုးတွေကို  ဓာတုဗေဒနည်းတွေနဲ့  ထိန်းသိမ်းထားတာမို့  ဒီအထဲမှာ ဘာပင်မှတောင် မပေါက်နိုင်ဘူးတဲ့ ..။


။ဟော..ဒီအခင်း အုတ်ရိုးတွေထဲက အုတ်တချို့ မှာ..လက်စင်းတွေ တောင်တွေ့ ရတယ်..။ပျူတွေက  အုတ်ဖုတ်တဲ့ အခါမှာ  သင်္ကေတအနေနဲ့   လက်နဲ့  ဆွဲခြစ်ထားတဲ့  အစင်းတွေ ထည့်လေ့ ရှိတယ်တဲ့ .။တချို့  လက်စင်းတွေက လက်စင်းတချက်ရာ..။တချို့ က  လက်စင်းနှစ်ချက်ရာ..။တချို့  လက်စင်းတွေကတော့   ပျူအက္ခရာလိုလို  ကွေးကွေးလေးတွေ..နော်..။တွေ့ လား..။


လုံခြုံရေးဝန်ထမ်းလေးက  ဆက်သွားရင်

ရှေ့ မှာ  ဗိသနိုးဘုရင်မ သင်္ချိုင်းဂူတွေ့ လိမ့်မယ်တဲ့ ..။ကလေးတို့ရေ…သမိုင်းသုတေသီနိုင်ဇော်ရဲ့  ပျူနိုင်ငံတော်နဲ့ ပျူနိုင်ငံသားများဆိုတဲ့  စာအုပ်ထဲမှာတော့..တန့်ဆည်နားက ပျူ မျိုးနွယ်လို့ ယူဆလို့ရတဲ့ လူတွေရဲ့  ယဉ်ကျေးမှုဓလေ့ထုံးစံတခုက လူသေရင်  မီးရှို့ ပြီး  အရိုးနဲ့ ပြာကို  အိုးမှာထည့်..။အိုးကို  ဖျင်ဖြူအုပ်..။ အတီးအမှုတ်နဲ့ ထမင်းဟင်းအစုံယူပြီး  ဆွေမျိုးအကုန်  အရိုးတောင်ကို

တက်ပို့ကြသတဲ့ .. ၊ ရောက်ရင် အစားအသောက်တွေကို  စားကြပြီး အကျန်အကြွင်းကို

ကျဲကာ. .ဆွေစည်ကားပါစေ.. မျိုးစည်ကားပါစေ.. လို့ဆိုရသတဲ့ .. ။ပြီးရင် အရိုးအိုးကို  နှုတ်ခမ်းဖော်ကာ  မြေမြှုပ်ပြီး  ကျောက်ခဲနဲ့ ဖိထားခဲ့ ရသတဲ့ ..။ အမျိုးမတိမ်ကောလိုရင်  အရိုးကို  တောင်တင်ပါလို့  ဆိုရိုးရှိသတဲ့ ..။

ခု..ပျူသင်္ချိုင်းမှာလဲ…သေဆုံးသူတွေရဲ့ အရိုးပြာအိုးတွေကို  ကုန်းတနေရာမှာစုပြီး  မြှုပ်နှံသင်္ဂြိုလ်ခဲ့ကြပုံပဲ..။သူတို့  အရိုးတောင်တင်ခဲ့ လို့   တို့ပျူတွေေ ပျာက်ကွယ်သွားတာ မဟုတ်ဖူးဆိုတာ…ခုသက်သေပြနိုင်ပြီး. အမျိုးမတိမ်ကောခဲ့တာပေါ့နော်..။ ဒါပေမဲ့ ..သမိုင်းတွေထဲမှာ…အခု တို့ရောက်နေတဲ့  သရေခေတ္တရာ.. ပျူနိုင်ငံတော်ကြီးရော… ဗမာအစ တကောင်းကဆိုတဲ့ တကောင်းပြည်ကြီးရော.. ပျက်စီးခဲ့ တာ… အိမ်နီးချင်း စိန့်တိုင်းက  နန်စောတရုတ်တွေ  ၀င်ရောက်ဖျက်ဆီးခဲ့ လို့တဲ့ ကွယ်…။

လက်ပံတောင်းတောင်အရေးလို..ဧရာဝတီအရေးလို .. နန်စောတွေ  ၀မ်ပေါင်တွေရဲ့ ရန်မအေးရတဲ

့ တိုင်းရေးပြည်ရေးတွေကနေ… တို့မြန်မာပြည်ကြီး… ပျက်စီးသွားမှာကို  တွေးပြီး  စိုးရိမ်မိတယ်..။

ကလေးတို့လက်ထက်မှာ..စိနတိုင်းက နန်စောတွေရန်က ဝေးလို့  ဆွေစည်ကားပါစေ..မျိုးစည်ကားပါစေ…နော်..။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts