သတင်းပဒေသာ ကျော်ဟုန်း

ကျော်ဟုန်း – ကဗျာချစ်သူများအသင်းရဲ့ ငြိမ်းချမ်းရေး ၁၀၀ မိတ်ဆက် ဖြန့်ချိ

 

ကျော်ဟုန်း – ကဗျာချစ်သူများအသင်းရဲ့ ငြိမ်းချမ်းရေး ၁၀၀ မိတ်ဆက် ဖြန့်ချိ
(မိုးမခ) ဇန်န၀ါရီ ၅၊ ၂၀၁၄

ငြိမ်းချမ်းရေး ၁၀၀ လို့ အမည်ပေးထားတဲ့ ကဗျာစာအုပ်ကို ကဗျာချစ်သူများအသင်း (PLA) က ရန်ကုန်မြို့  ၃၅ လမ်း အလယ်မှာတည်ရှိတဲ့ River Ayeyarwaddy Gallery မှာ ဇန္န၀ါရီ ၄ ရက်နေ့က မိတ်ဆက်ပွဲပြုလုပ်ခဲ့ကြပါတယ်။

ငြိမ်းချမ်းရေး ၁၀၀ ကဗျာစာအုပ်မိတ်ဆက်ပွဲကို မြန်မာနိုင်ငံရဲ့ နေ့ထူးနေ့ မြတ်ဖြစ်တဲ့ (၆၇) နှစ်မြောက် လွတ်လပ်ေ၇းနေ့ နဲ့ အမေများနေ့ကို တိုက်ဆိုင်ပြီး မင်္ဂလာရှိစွာနဲ့ မိတ်ဆက်ဖြန့်ချိလိုက်ခြင်းဖြစ်ပါတယ်။  ဒါ့အပြင်  ကဗျာချစ်သူများအသင်းရဲ့တည်ထောင်ခြင်း ၄ နှစ်မြောက် အ ထိမ်းအမှတ်အဖြစ်ထုတ်ဝေဖြန့် ချိခြင်းဖြစ်တယ်လို့  PLA မှ တာဝန်ရှိသူများက ကြေညာပါတယ်။

ငြိမ်းချမ်းရေး ၁၀၀ ကဗျာစာအုပ်မိတ်ဆက်ပွဲမှာ နိုင်ငံကျော်ကဗျာဆရာကြီးများဖြစ်ကြတဲ့ ဆရာသစ္စာနီ၊ ဆရာစောဝေ၊ ဆရာ ထွဏ်းသွေးအိမ် တို့က အမှာစကားများကို အသီးသီးပြောကြား ချီးမြှင့်ပေးကြပါတယ်။ တက်ရောက်လာသူများထဲမှ ကဗျာဆရာ၊ ဆရာမများကလည်း ငြိမ်း ချမ်း ရေးနဲ့ ပတ်သက်တဲ့ကဗျာများကို  အလှည့်ကျရွတ်ဆိုခဲ့ကြလို့ စာအုပ်မိတ်ဆက်ပွဲဟာ ပိုမိုအသက်ဝင်လာခဲ့ပါတယ်။ ဒါ့အပြင် ငြိမ်းချမ်း ရေး ၁၀၀ ကဗျာစာအုပ်အတွက် စာမူပေးပို့ကြသူများထဲကနေ အကောင်းဆုံး ကဗျာ ၂ ပုဒ်ကို စီစဉ်သူ PLA မှ တာဝန်ခံများက စိစစ်ရွေးချယ်ပြီး ဆုချီးမြှင့်ခဲ့ကြကြောင်း သိရပါတယ်။ ဆုရရှိသူများက လူငယ်ကဗျာဆရာများဖြစ်ကြတဲ့ တေဇ (ကမတ) နဲ့ မင်းထက်သျှား (မန်း) တို့ပဲ ဖြစ်ပါတယ်။ ဆုရကဗျာဆရာ ၂ ယောက်ကို ဂုဏ်ပြုလွှာများ၊ ဆုများပေးအပ် ဂုဏ်ပြုခဲ့ကြပါတယ်။

ဒီကဗျာစာအုပ်မှာ ငြိမ်းချမ်းရေး ၁၀၀ လို့ အမည်ပေးထားတဲ့အတိုင်း ပြည်တွင်းပြည်ပ ကဗျာဆရာ ၁၀၀ တို့ရဲ့စိတ်ကူးများကို စုစုစည်း စည်းဖော်ပြထားပါတယ်။ စာအုပ် ၁ အုပ်တည်းနဲ့  ကဗျာဆရာ၊ ဆရာမအစုံတို့ ရဲ့လက်ရာများကို တစုတစည်း ဖတ်ရှုခွင့်ရမှာဖြစ်ပါတယ်။ ငြိမ်းချမ်းပန်းစာပေက ထုတ်ဝေတာဖြစ်ပြီး နှင်းဆီဖြူစာပေက တနိုင်ငံလုံးကို ရောင်းဈေး ၁၅၀၀ ကျပ်နဲ့  တာဝန်ယူ ဖြန့်ချိသွားမယ်လို့  PLA မှ ကဗျာဆရာ မောင်ဆောင်းခ၊ ကဗျာဆရာမ ခိုင်လေညင်းတို့ က အတည်ပြု ပြောကြားခဲ့ပါတယ်။

ဒီကဗျာစာအုပ် မိတ်ဆက်ပွဲကို ကဗျာဆရာ၊ဆရာမများအပြင် ကဗျာဝါသနာရှင်များလည်း စိတ်ပါဝင်စားစွာ တက်ရောက်ချီးမြှင့်ခဲ့ပြီး လူ ၁၀၀ ကျော်ခန့် လာရောက်ခဲ့ကြောင်းသိရပါတယ်။ တက်ရောက်လာသူ ဧည့်ပိရိသတ်များကိုလည်း ကဗျာစာအုပ် (၁) အုပ်စီ လက်ဆောင် အဖြစ် ပေးခဲ့ပါတယ်။  အခမ်းအနားမှူးအဖြစ် ဆရာ မိုးသစ်ထွန်း (ပုလဲမြေ) က  တာဝန်ယူ ဆောင်ရွက်ခဲ့တဲ့ ငြိမ်းချမ်းရေး ၁၀၀ ကဗျာစာအုပ် မိတ်ဆက်ပွဲဟာ နေ့လည် ၁ နာရီမှာ စတင်ပြီး ညနေ (၄) နာရီခန့် မှာ  အောင်မြင်စွာပြီးဆုံးခဲ့ပါတယ်။

ကဗျာချစ်သူများအသင်း (PLA) ဟာ လူငယ်ကဗျာဆရာ၊ ဆရာမများနဲ့  စုစည်းတည်ထောင်ထားတဲ့အဖွဲ့ဖြစ်ပြီး ငြိမ်းချမ်းရေးမြတ်နိုးသူများဖြစ်ကြပါတယ်။ သူတို့ အဖွဲ့ အစည်းဟာ မြန်မာပြည်ရဲ့ နေ့ ကြီးရက်ကြီးများဂုဏ်ပြုပွဲ၊ ပြည်သူလူထုသို့ လှုံ့ ဆော်ပွဲ၊  ငြိမ်းချမ်းရေးတောင်းဆိုပွဲများတွေမှာ လူငယ်များပီပီ တက်ကြွစွာ လှုပ်ရှားနေတဲ့အဖွဲ့ လည်း ဖြစ်ပါတယ်။ ဒ့ါအပြင် ကဗျာဆရာများကို အင်အားတောင့်တင်းစွာ စုစည်းနိုင်ခဲ့ကြတာဟာလည်း မြန်မာ့ကဗျာသမိုင်းမှာ ဘယ်ခေတ်နဲ့မှမတူအောင် စံချိန်သစ်တင်နိုင်တဲ့အဖွဲ့ ဖြစ်ကြောင်း မှတ်ချက်ပြုရမှာ ဖြစ်ပါတယ်။    ။

(သတင်းဓာတ်ပုံများကို မောင်ဆောင်းခ(PLA)၊ ခိုင်လေညင်း(PLA)၊ စုမိအောင် တို့ ထံမှ ယူပါတယ်။)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
Advertise on MoeMaKa

Similar Posts