တူမောင်ညို သူတို့အာဘော်

တူမောင်ညို – “သမိုင်းဝင်ဖို့ – သမိုင်းတွင်” ဖို့ ၂၀၀၈ အခြေခံဥပဒေ ဖျက်သိမ်းကြစို့

တူမောင်ညို – “သမိုင်းဝင်ဖို့ – သမိုင်းတွင်” ဖို့ ၂၀၀၈ အခြေခံဥပဒေ ဖျက်သိမ်းကြစို့
(မိုးမခ) ဇန်နဝါရီလ ၅၊ ၂၀၁၅

အိမ်နီး/အိမ်ဝေး  ကမ္ဘာ့လှည့်ပြီး ကူပါ ကယ်ပါ တစာတစာနဲ့ အကူအညီလက်ဖြန့်တောင်းနေရတဲ့၊  ဆင်းရဲမွဲတေမှုနဲ့ ဂေါဝိန်က ဆင်းရဲသားကို အလည်လာတဲ့ ရှင်ဘုရင်မြင်မှာစိုးလို့ ဘူဒိုဇာနဲ့ မိုက်မိုက်ကန်းကန်း ထိုးကော်ဖယ်ရှားပစ်တဲ့ (ဗိုလ်) ဦးသိန်းစိန်ကြံ့ဖွံ့အစိုးရက “ဗိုလ်ရှုခံ” အတွက် ကျပ်သန်းတစ်ထောင်ကျော် ဖြုန်းတီးပစ်လိုက်ပြီ။

“ဆန်မရှိ အစားကြီး” ဆိုတဲ့စကားက (ဗိုလ်) ဦးသိန်းစိန်တို့ စစ်အုပ်စုအတွက် ကွက်တိပါပဲ။ တိုင်းပြည်နဲ့လူထုကသာ ဆင်းရဲမွဲနေပြီး၊ သူတို့စစ်အုပ်စုကတော့ ကျိကျိတက် ချမ်းသာကြွယ်ဝနေသူတွေဖြစ်ပါတယ်။

“ဗိုလ်ရှုခံ” ဆိုတာတကယ်တော့ တိုင်းပြည်လူထုပိုက်ဆံအလွဲသုံးပြီး ကြံ့ဖွံ့ပါတီအတွက် မဲဆွယ်တာဖြစ်သလို၊ စစ်တပ်ကလည်း  တိုင်းရင်း သားလက်နက်ကိုင် အင်အားစုတွေကို အင်အားပြခြိမ်းခြောက်တဲ့ပွဲလည်း ဖြစ်ပါတယ်။

အဲဒီ “ဗိုလ်ရှုခံ” ကို ဒီချုပ်ပါတီဥက္ကဋ္ဌဒေါ်အောင်ဆန်းစုကြည်နဲ့ (SNLD) ပါတီဥက္ကဋ္ဌ ခွန်ထွန်းဦး မတက်တာ (ဘယ်လိုပင် အကြောင်း ပြ ချက်တွေရှိနေပါစေ) မှန်ကန်တဲ့လုပ်ဆောင်ချက်ဖြစ်ပါတယ်။ အကယ်၍ တက်ခဲ့ရင် လူမိုက်အားပေးသလိုဖြစ်ပြီး၊ တိုင်းပြည်လူထုပိုက်ဆံ အလွဲသုံးစားလုပ်တဲ့လုပ်ရပ်မှာ အလိုတူအလိုပါသဘော ဖြစ်သွားပါလိမ့်မယ်။ “အကျိုးလိုလို့ ညောင်ရေလောင်း ပတ်ထမ်းနဲ့တွေ့” ဆိုတာ လိုဖြစ်ပါလိမ့်မယ်။

“ဗိုလ်ရှုခံ” ကို ဒီချုပ်ပါတီဥက္ကဋ္ဌ မတက်ဘူး။ (SNLD) ပါတီ ဥက္ကဋ္ဌ ခွန်ထွန်းဦးလည်းမတက်ဘူးဆိုတော့ ဒါတွေဟာ ၂၀၁၅ ခုနှစ်အတွင်း မြန်မာ့နိုင်ငံရေးမျက်နှာစာအတွက် ထူးခြားမယ့် အရိပ်နိမိတ်ရဲ့ ရှေ့ပြေးလက္ခဏာတစ်ခုလော။

ဒါမှမဟုတ် ဆရာဦးဝင်းတင် ပြောခဲ့ဖူးတဲ့စကားနဲ့ အမေးပုစ္ဆာထုတ်ရရင် “ကုန်းမခံဘဲ – ရုန်းကန်” တော့မလို့လား။ အစိုးရနဲ့ လွှတ်တော်နဲ့တွဲပြီးဆောင်ရွက်ကြည့်ခဲ့ပြီ၊ ထိရောက်တဲ့အပြောင်းအလဲတွေကို မဖော်ဆောင်နိုင်ခဲ့လို့ တွဲလုပ်ရာကနေ သီးခြားခွဲလုပ်တော့မယ်လို့ ခြေ လှမ်းစလိုက်တာလား။

၂၀၁၅ နှစ်စမှာ  ဒီချုပ်ပါတီရဲ့ ခြေလှမ်း ၂ ခုကို သတိပြုမိပါတယ်။

  • “၂၀၁၅ ရွေးကောက်ပွဲ”  ဥပဒေအရ တရားထုတ်ပြန်ကြေညာပြီးမှသာ ရွေးကောက်ပွဲ ဝင်/မဝင်ဆုံးဖြတ်မယ်ဆိုတဲ့ကိစ္စ။
  • ဗိုလ်ရှုခံ မတက်တဲ့ကိစ္စ။

(RFA) သတင်းဌာနရဲ့ ၂ ကြိမ် ၂ ခါ မေးမြန်းတာတွေထဲမှာ ဦးဉာဏ်ဝင်းဖြေတာတွေကိုကြည့်ရင် တစ်ဖက်က အပိုင် ချည်ပြီး တုပ်ပြီး လုပ်လာမယ့် ခြေလှမ်းတွေကို ကြိုတင်တွက်ဆထားပုံပေါ်တာကို တွေ့ရတယ်။ ရွေးကောက်ပွဲဝင်ရေး /မဝင်ရေးဟာ ဥပဒေအရ တရားဝင်ထုတ်ပြန်ကြေညာချက်ထွက်လာမှသာ ဒီချုပ်ပါတီရဲ့သဘောထားကို ပြောနိုင်မယ်လို့ ဖြေသွားပါတယ်။

ရွေးကောက်ပွဲကော်မရှင် (UEC) ဘက်က ဘယ်လိုအကြံအစီတွေ၊ ဝှက်ဖဲတွေဘယ်လိုဘယ်လောက်ရှိနေသလဲ မဆိုနိုင်ဘူး။ ရွေးကောက်ပွဲနဲ့နိုင်ငံရေးပါတီတွေကို စိတ်ကြိုက် ဖျက်သိမ်းနိုင်၊ တားမြစ်နိုင်၊ ကန့်သတ်နိုင်၊ ရွှေ့ဆိုင်းနိုင်တဲ့ တချက်လွှတ်အာဏာတွေဟာ (UEC)လက်ထဲမှာရှိပါတယ်။ ဒါ့အပြင် အဆင့်ဆင့်သော(UEC) ဝန်ထမ်းတွေထဲက သော့ချက်ကျတဲ့နေရာတိုင်းကို စစ်ဗိုလ်ဟောင်းတွေနဲ့ အားဖြည့် ထားတယ်မဟုတ်ပါလား။

“(PR) စနစ်” ဆိုတဲ့ခြေလှမ်းကလည်း လိုရင်လိုသလို လွှတ်တော်က အတည်ပြုပြဋ္ဌာန်းပေးနိုင်တဲ့ အသင့်အနေအထားမှာရှိနေတာ မ ဟုတ်လား။

ပြီးတော့ ကော်မရှင်ဥက္ကဋ္ဌဆိုသူက အာဏာသိမ်းစကားကို ဗြောင်ပြောနေတာပါ။ စစ်သားအမတ် ၂၅ ရာခိုင်နှုန်းကို ဗြောင်ကာကွယ် နေ တာဖြစ်ပါတယ်။ (UEC) ဆိုတာ ရွေးကောက်ပွဲတွေနဲ့ နိုင်ငံရေးပါတီတွေအတွက်မထင်ရင်မထင်သလို  “မာရှယ်လော” ထုတ်ပြန်နိုင်တဲ့/ ချုပ်ကိုင်စေစားနိုင်တဲ့ “စေတစ်လုံးရ ကော်မရှင်” ဖြစ်ပါတယ်။ (UEC) ဥက္ကဋ္ဌ (ဗိုလ်) ဦးတင်အေးလက်ထဲမှာ အဲဒီအာဏာတွေ ပါဝါတွေ ရှိ ပါတယ်။

မကြာခင်ပြဋ္ဌာန်းတော့မယ်ဆိုတဲ့၂၀၀၈ အခြေခံဥပဒေပြင်ဆင်တဲ့ဥပဒေကိုအတည်ပြုရေးအတွက် “လူထုဆန္ဒခံယူပွဲကျင်းပရေး  တာဝန်” ကိုလည်း လက်ရှိ (UEC) ကိုပေးအပ်ထားတယ်လို့ အဲဒီဥပဒေကြမ်းရဲ့ ပုဒ်မ ၅ (က) မှာ ထည့်သွင်းထားပါတယ်။
ပိုဆိုးတာက “၂၀၁၅ရွေးကောက်ပွဲ” ကို ၂၀၀၈ အခြေခံဥပဒေမပြင်ဆင်ပဲ ကျင်းပမှာဖြစ်ပါတယ်။ “၂၀၀၈ အခြေခံဥပဒေ ပြင်ဆင်ရေး” ကိုလည်း (အစိုးရ၊ လွှတ်တော်၊ တပ်မတော်) တို့က ၂၀၁၅ ရွေးကောက်ပွဲပြီးနောက် ပေါ်ပေါက်လာမယ့် အစိုးရလက်ထက်အထိ တစ်စိတ် ထဲတစ်ဝမ်းထဲ ရွှေ့ဆိုင်းထားလိုက်တဲ့အချက်ဖြစ်တယ်။

ဒါကြောင့် ဒီလိုအခြေအနေတွေ အချက်အလက်တွေအောက်မှာ “၂၀၁၅ ရွေးကောက်ပွဲ” ဟာ ဘယ်လိုလွတ်လပ်ပြီး၊ တရားမျှ တမှုနဲ့ သန့်ရှင်းမှုရှိနိုင်မှာလဲ။ လွတ်လပ်တဲ့၊ တရားမျှတဲ့၊ သန့်ရှင်းတဲ့ရွေးကောက်ပွဲတွေဖြစ်မြောက်ရေးအတွက် အောက်ပါအချက်၂ ရပ် အနိမ့်ဆုံး လိုအပ်ပါတယ်။

  • ၂၀၀၈ အခြေခံဥပဒေ ဖျက်သိမ်းပြီး အသစ်ရေးဆွဲရေး ။
  • လက်ရှိ (UEC) ကိုဖျက်သိမ်းပြီး တိုင်းပြည်နှင့်လူထုလိုလားသည့် ပုဂ္ဂိုလ်များဖြင့် အသစ်ဖွဲ့စည်းရေး။

အထက်ပါကိစ္စ ၂ ရပ်ကိုသာ ပီပီပြင်ပြင် အကောင်အထည်ဖော်ဆောင်ရွက်နိုင်မယ်ဆိုရင် ၂၀၁၅ ခုနှစ်ဟာ သမ္မတ (ဗိုလ်) ဦးသိန်း၏စိန်ပြောသလို  “သမိုင်းဝင်မယ့်နှစ် – သမိုင်းတွင်မယ့်နှစ်” အမှန်တကယ်ဖြစ်လာပါလိမ့်မယ်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts