ကဗျာ

အံ့မောင် – ရန်ကုန်မှာ ဘတ်စကားစီးခြင်း

 
အံ့မောင် – ရန်ကုန်မှာ ဘတ်စကားစီးခြင်း
(မိုးမခ) ဇန်န၀ါရီ ၃၊ ၂၀၁၅
 
ရန်ကုန်
မှုန်ရီ မှုန်ဝါး
ညက  ညစာစားချိန်
ညှိုးမှိန်နေတဲ့ မျက်နှာများ
ဘတ်စကားများ မျှော်နေကြ
 
မဟာဗန္ဓုလ လမ်းမကြီး
လမ်းမီး မရှိ
ငရဲအထိ အော်တဲ့ကားနဲ့
အားကုန်နွမ်းကြေ ကိုယ်ခန္ဓ္ဓာများ
မြို့စွန် မြို့ဖျားများ သွားကြ
 
ခမ်းနားတဲ့ တိုက်မြင့်ကြီးတွေ
ငွေ သိန်းသန်းကုဋေသင်္ချေပေး
လှိုင်သာယာတဲစုတ်ကလေးတွေထဲ
ထမင်းကြမ်းခဲအေးအေးပဲ ကိုက်ရ
 
ညှီစို့ပုပ်ပွ ဒီမြေပေါ်မှာ
တာဝတိံသာလည်းရှိ
အဝီစိ လည်းရှိ
 
အဝီစိရဲ့ သွေး တွေကို စုပ်ပြီး
တာဝတိံသာက ကုပ်ပိုးကြီးပြီး တွေထနေ
 
အဝီစိက တွန့်လိုက်ရုန်းလိုက်တဲ့အခါ
တာဝတိံသာက ရော်ဘာလုံးနဲ့ တအုန်းအုန်းရိုက်
မမိုက်ပါနဲ့ကွာ
ဆင်းရဲမွဲတေမှု လျှော့ချပေးနေတာပါ
တာဝတိံသာက ဆေးသကြားစကားလုံးတွေနဲ့ ပစ်
တောတွေ တောင်တွေဆီမှာတော့
ဝရဇိန် ကျည်အစစ်နဲ့ ပစ်
 
တို့ချစ်တဲ့ မြစ်မင်း ဧရာဝတီ
မျက်ရည်တွေ စီးသွေးတွေစီး
ငိုချင်းရှည်ကြီး မဆုံးညည်းလို့သာ
ပြည်မြန်မာ ရစ်ပတ်စီး
သားသမီး တွေရဲ့ကံ
အမေ့ ကံ
သေနတ်သံ မကြားရမှ 
ရော်ဘာတုတ် မမြင်ရမှ
အလင်းစရေးရေး သေးသေးကွေးကွေး။ ။
 
(Photo – Yan Naung (Bo Ta Htaung))

 

 


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts

One thought on “အံ့မောင် – ရန်ကုန်မှာ ဘတ်စကားစီးခြင်း

Comments are closed.