ကဗျာ

ဇော်ထက်(ပျဉ်းမနား) – လက်ပံတောင်းသူ

 
ဇော်ထက်(ပျဉ်းမနား)  – လက်ပံတောင်းသူ
(မိုးမခ) ဇန်န၀ါရီ ၂၊ ၂၀၁၅
သူမဟာ
အထူးကုတွေရဲ့
ဖူးဖူးမှုတ်တာကိုခံပြီး
ကြွားကြွားဝါ၀ါနေတဲ့
မျောက်တကောင်လိုလည်း
ရွှေလင်ပန်းနဲ့
အချင်းဆေးမခံခဲ့ရပါဘူး
ငါတို့အလှဲ့ 
ဘယ်တော့လည်းလို့
ရင်မောနေရတဲ့
ဟောဒီထန်းတောလေးထဲမှာပဲ
အရပ်လက်သည်နဲ့
အမေကမွေး
အဖေကကျွေးနဲ့
လူဖြစ်ခဲ့ရသူ
တောသူမကြီးစစ်စစ်ပေါ့။
သူမဘဝ
စားခဲ့တာက
ယုံကြည်မှုတွေ
လုပ်ပိုင်ခွင့်တွေ
ခိုးထားတဲ့မဲပြားတွေ
မဟုတ်ခဲ့ပါဘူး
ရိုးရိုးသားသား
လက်မောင်းပိန်လေးရဲ့
ချွေးနည်းစာ
အနင်းခံထားရတဲ့
လက်တွေကလှုပ်မှ
ကြိုးတုပ်ခံထားတဲ့
ပါးစပ်လှုပ်ရတဲ့ဘဝ
အဖေ့အမွေ
အတိတ်မေ့နေတဲ့
အထီးကျန်နေတဲ့
ယာကလေးကထွက်တဲ့
သူမလိုပဲ
ရိုးအ လှတဲ့
ပြောင်းဆန်ကြမ်းကြမ်းလေးတဆုပ်ပေါ့။
သူမဟာ
ချယ်ရီပန်းတွေပွင့်တဲ့
အလှပြင်တတ်တဲ့မြို့မှာ
ဒီမြေကြီးကို
ငါ….အုပ်မယ်
ငါ….ချုပ်မယ်ဆိုပြီး
လက်သီးလက်မောင်းတန်းလို့
ပညာရင်နို့
သောက်စို့ဘူးခဲ့သူ
မဟုတ်ရှာပါဘူး
ရွာအစွန်က
မာနမထားနိုင်တဲ့
ကျောင်းဆိုတဲ့
ယိုင်နဲ့နဲ့
တဲကလေးမှာ
ကကြီးခကွေး
သေစာရှင်စာလေး
ရေးတတ်
ဖတ်တတ်ရုံပဲ
သူမတတ်ခဲ့ပါတယ်။
သူမရဲ့
လက်ထဲမှာ
ကိုင်စွဲထားခဲ့တာက
သုံးရလွန်းလို့
တုံးလုလုဖြစ်နေတဲ့
အားလျော့နေတဲ့
အမေ့ခံ ဘ၀ရောက်
စိတ်ကျရောဂါရနေတဲ့
တံစဉ်တလက်ပေါ့
ခြောက်လုံးတွေအပြည့်နဲ့
မာနကြီးလှတဲ့
ခြောက်လုံးပြူးဆိုတာမျိုးများ
ကိုင်ဘူးဖို့နေနေသာသာ
နောက်ဆုံးအချိန်မှသာ
မြင်ဘူးခဲ့ထင်ပါရဲ့။
သူမရဲ့
ခေါင်းပေါ်မှာ
ဆောင်းထားခဲ့တာက
ရွှေအနားကွပ်ထားတဲ့
တောက်ပဂုဏ်မောက်နေတဲ့
ကိုးကွယ်သူပေါတဲ့
စိတ်ကြီးဝင်နေတဲ့
ပြည်တွင်းဖြစ်
ဦးထုပ်တလုံးတော့
မဟုတ်ခဲ့ပါဘူး
ရွှံ့နွံတွေပေကြံနေတဲ့
စိတ်အားငယ်နေတဲ့
အတိတ်ကပြန်ကောက်ထားတဲ့
ဘ၀တူ
အပယ်ခံ
ခမောက်နွမ်းနွမ်းလေးတလုံးပေါ့။
သူမရဲ့
ပုခုံးပေါ်မှာလည်း
သူတကာတို့
မော်ဖူးရတဲ့
ဘ၀မေ့တဲ့
မောက်မောက်မာမာ
ရွှေရောင်ကြယ်ပွင့်တွေ
မရှိနိုင်ခဲ့ပါဘူး
ရှိစုမဲ့စုက
အမေမသေခင်
အမွေပေးခဲ့တဲ့
ရွာမှာယက်တဲ့
ခိုကိုးရာမဲ့နေတဲ့
နှစ်ပတ်နွမ်း
ခြုံလွှာဟောင်းလေးတထည်ပေါ့။
သူမခမျာ
ဝတ်ထားခဲ့တာက
စိတ်ကြီးဝင်နေတဲ့
ခေါက်ရိုးကျိုးနေတဲ့
ထန်းရွက်ရောင်
ဘောင်းဘီတထည်
မဟုတ်ခဲ့ပါဘူး
အညာလက်ဖြစ်
ခပ်ညစ်ညစ်
နေလောင်လို့
အရောင်တောင်လွင့်နေတဲ့
မာနမွဲတဲ့
ချည်လုံချီအနွမ်းလေးတထည်ပေါ့။
ကြင်နာမှုငတ်နေတဲ့
ရေငတ်နေတဲ့
လယ်မြေကွက်တွေလိုပဲ
အသည်းကွဲပြီး
ပတ်ကြားအက်နေတဲ့
သူမခြေထောက်မှာ
စီးထားခဲ့တာက
တံစဉ်တွေ့ရဲ့
လည်မျိုစင်းစင်းကို
ပျော်ပျော်နင်းထားတဲ့
မြောက်ကြွားတောက်ပ
လက်လက်ထနေတဲ့
ထန်းသီးခွံ့ရောင်
ဘွတ်ဘိနပ်တရံ
မဟုတ်ခဲ့ပ်ါဘူး
လယ်ထဲ
ယာထဲ
အိမ်ယိုင်ယိုင်လေးထဲ
စီးရလွန်းလို့
ပါးလွှာပြီး
ပေါက်လုလု
သူမတို့လိုပဲ
မျက်နှာမွဲနေတဲ့
ခြေညှပ်ဘိနပ်ဟောင်းလေးတရံပေါ့။
မြေဆိုတာလည်း 
အပင်းဆို့တဲ့
ဒင်းတို့
ငိုစားရီစား
ခရိုနီဖားများလို
လက်ညှိုးထိုးရင်မလွဲ
ပိုင်ဆိုင်ခဲ့တာမဟုတ်ပဲနဲ့
ခံပြင်းနေတဲ့
အနိုင်ကျင့်ခံရတဲ့
ယာကလေးတကွက်
ဘုရားစူးရုံသာ
ပိုင်ဆိုင်ခဲ့တဲ့သူမဟာ…………….
သူမကြီးပြင်းလာခဲ့တဲ့
သူမချစ်တဲ့
စာမဖတ်တတ်တဲ့
ရွာကလေးနားမှာပဲ
မာနကြီးတဲ့
မြေဆာနေတဲ့
သွေးဆာနေတဲ့
ဖုတ်ဘီလူးတို့ရဲ့
လက်ပါးစေကျည်တတောင့်က
ခိုင်းခိုင်းသမျှ
ရိုင်းရိုင်းပြပြပဲ
ဒိုင်း…ကနဲဆို……………..
ဟော…..ဒီလိုနဲ့ပဲ
သူမချစ်တဲ့မြေအတွက်
သူမလက်ထဲမှာ
မာနမဲ့တဲ့
မြေလေးတဆုပ်
ကျစ်ကျစ်ဆုပ်ရင်းနဲ့ပဲ
ရဲရဲနီတဲ့သွေးက
မုဒိန်းကျင့်ခံနေရတဲ့
မြေကြီးပေါ်ကိုစီးကျ
စာနာမှုငတ်ခဲ့တဲ့
တောသူမကြီးဟာ
ဇာတ်သိမ်းကမလှ
သံသရာခဏလာလည်တုန်း
မြေလောဘသားတွေအတွက်
ဟန်ဆောင်ကောင်းလှတဲ့
အတုလုပ်ထားတဲ့
ကျပ်မပြည့်တဲ့
နွေဦးရဲ့ အစမှာ
လူမလှတဲ့
သူမခမျာ
စတေးခံရ
မြေစာပင်ဘ၀နဲ့ပဲ
မြေဖြစ်ခဲ့ရပြီပေါ့ … … … … … … … ။              ။

 


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts