၂၀၁၄ဟာ
ကဗျာဖြစ်ခဲ့ရင် မရွတ်ချင်တဲ့ ကဗျာ
သီချင်းဖြစ်ခဲ့ရင် မဆိုချင်တဲ့ သီချင်းပဲဖြစ်တယ်…
ဘေးဒုက္ခဖြစ်ခဲ့တဲ့ နှစ်တနှစ်ရဲ့
တေးတပုဒ်မှဖြစ်မလာခဲ့တဲ့ နှစ်တနှစ်ပဲပေါ့…
၂၀၁၄ရဲ့ နေရာတနေရာမှာ
စိတ်ဓာတ်နဲ့အိပ်ကပ် တပြိုင်တည်းကျပျောက်ခဲ့ရတယ်..
၂၀၁၄ရဲ့ အချိန်တချိန်မှာ
မဖတ်ချင်တဲ့ သတင်းတပုဒ်နဲ့
အသက်မ၀င်တဲ့ နှင်းတဆုပ်ကိုရခဲ့တယ်…
၂၀၁၄ဟာ နောက်ကျောကို ဓါးတ၀င်းဝင်းနဲ့ထိုးပြီး
ခြေဖမိုးကိုတော့ လှံအစင်းစင်းနဲ့စိုက်ခဲ့တယ်…
၂၀၁၄ဟာ နေမ၀င်ခင်က မိုးတ၀တ်ချုပ်နေခဲ့ပြီး
နေထွက်ပြီးတဲ့အချိန်ထိ မိုးတစက်မှမလင်းခဲ့ဘူး….
၂၀၁၄မှာ ဗီလိန်ဟာ မင်းသားယောင်ဆောင်ပြီး
ခါးကြားကသေနတ်ကို အမှောင်မှာဝှက်ထားခဲ့တယ်….
၂၀၁၄ဟာ ပါးစပ်ကဘုရားတရင်း
လက်ကကားယားဖြစ်နေခဲ့တဲ့ နှစ်ပဲဖြစ်တယ်
၂၀၁၄ဟာ မသောက်ပဲမူး
တယောက်တည်း ရူးခဲ့ရတဲ့နှစ်ပဲဖြစ်တယ်…
၂၀၁၄ဟာ ကိုယ်ရေးကိုယ်တာအဖြစ်
ဒုက္ခိတတယောက်နဲ့
ဆွေမျိုးမဲ့အဖိုးအိုတယောက်ကောက်ရခဲ့တဲ့ နှစ်ဖြစ်တယ်…
၂၀၁၄မှာ အချင်းချင်းပင်းသတ်သူတွေနဲ့ဆုံခဲ့ရသလို
လျှောက်ဖူးနေကျ လမ်းတွေကောက်ပြီး
သောက်ဖူးနေကျ စမ်းရေလည်းနောက်ခဲ့တယ်…
၂၀၁၄မှာ အိမ်လမ်းကထွက်ခဲ့တာ ၂၆နှစ်ကြာခဲ့ရပြီး
အိမ်လွမ်းကြိမ်ပေါင်းက ၂သိန်း၆သောင်းမကများခဲ့ရပြီ…
၂၀၁၄ဟာ သူငယ်ချင်းဆိုတဲ့စာသားတွေ မှိန်လာပြီး
ရဲဘော်ရဲဘက်ဆိုတဲ့ စကားလုံးတွေ မှုန်လာခဲ့တဲ့ နှစ်တနှစ်ပဲပေါ့..
၂၀၁၄မှာ အများအတွက် အချိန်တွေထည့်ရင်း
ကိုယ့်အတွက်တော့ အချိန်တွေပဲ့ခဲ့ရတယ်…
၂၀၁၄ဟာ အစမပျိုးနိုင်ခဲ့တဲ့ သီချင်းတပုဒ်ဖြစ်ခဲ့သလို
အဆုံးမသတ်နိုင်တဲ့ ကဗျာတပုဒ်လည်းဖြစ်ခဲ့တယ်…
၂၀၁၄..တဖြေးဖြေးတော့ ဝေးသွားဦးမှာပါပဲ
သွေးအေးအောင်ကြိုးစားချင်ပါတယ်….၂၀၁၄…..။ ။