ရသဆောင်းပါးစုံ ခေတ်ပြိုင်အတွေ့အကြုံ

နန်းညွှန့်တေဇ – လူထုတိုက်ပွဲမှ လွတ်လပ်ရေးသို့

နန်းညွှန့်တေဇ – လူထုတိုက်ပွဲမှ လွတ်လပ်ရေးသို့
ဒီဇင်ဘာ ၂၇၊ ၂၀၁၄

မင်းစိတ်မင်းမာန်၊ အကြံအဖန် တင်းလိုက်ပုံက
အင်္ဂလိပ် ယင်းဂျပန် နှစ်တန်ရှင်းပါလို့
ရန်ခပင်းကိုတဲ့ မောင်းကာနှင်
ဒေါင်းမြန်မာတခွင်မတော့ အထက်ယခင်သဘော
(အို… ကွယ်)
တကောင်းရာဇဝင်ကိုတဲ့ ဆက်ချင်သကော။

(သခင်ကိုယ်တော်မှိုင်း)

၁၉၄၅ ခု မတ်လ၊ (၁၇)ရက် နေ့၊ ရွှေတိဂုံစေတီတော် အနောက်ဘက်ကွင်းကြီးထဲတွင် တပ်ထွက်ပွဲ အခမ်းအနားပြုလုပ်ရာ ဗိုလ်ချုပ်အောင် ဆန်းသည် စစ်ရုံးချုပ်က ကားနှင့်လာ၍ တောင်ဘက်အစွန်မှာဆင်းကာ မြင်းတစ်စီးပေါ်သို့ တက်သည်။ မြင်း၏ဇက်ကြိုးကို ဗိုလ်သိန်းဆွေက ကိုင်ပေးသည်။ တပ်အခမ်းအနား၏ အလယ်သို့ရောက်လျှင် မြင်းပေါ်မှနေ၍ ရဲဘော်တွေကို မိန့်ခွန်းပြောသည်။

…. ရဲဘော်တို့ စကားကို အကျယ်ချဲ့ပြီး ရှည်ရှည်မပြောချင်ဘူး ….။  အခုစစ်မြေပြင်ကိုထွက်ရမယ် …။ အထက်ဗိုလ်တွေကလည်း အောက် ကရဲဘော်တွေကို မျှမျှတတဆက်ဆံပါ။ အောက်ကရဲဘော်တွေကလည်း အထက်ကဗိုလ်တွေကို လေးလေးစားစား ရိုသေပါ။ အနီးကပ်ဆုံး တွေကို ရှာတိုက်ကြ။ ငါလည်း ကတိပေးထားတဲ့အတိုင်း ရဲဘော်တို့ နှင့်အတူ လိုက်လာခဲ့မယ်… ဒါပဲ။

ဖက်ဆစ်တော်လှန်ရေးစပြီ။ ကုန်လမ်း၊ ရေလမ်းတွေပိတ်ပြီ၊ နေ့ခင်းဘက်တွင် လှည်းမမောင်းရ။ အမေရိကန်လေယာဉ်ပျံနှစ်စီး (ကျွဲညီနောင်) က မည်းမည်းမြင်ရာကို စက်သေနတ်နှင့် ပစ်သည်။

● အာရှစစ်ကြီးအစ
၁၉၄၁ ခု၊ ဒီဇင်ဘာလ (၇) ရက်နေ့ ညစာစားနေသည့်အချိန်တွင် ဟိုနိုလူလူကျွန်း၌ ချရပ်ထားသော အမေရိကန်လေယာဉ်တင် သင်္ဘော ကြီးနှစ်စင်းကို ဂျပန်လေယာဉ်များက အလစ်ဝင်တိုက်ရာ သင်္ဘောကြီးနှစ်စီးနှင့် အရံသင်္ဘောငယ် (၁၇) စင်းပါ စိစိညက်ညက် ကြေအောင် ပျက်စီးသွားသည်။ နောက်တနေ့ ဒီဇင်ဘာ ၈ ရက် နံနက်တွင်မှ ဂျပန်ဘုရင် တင်နော်ဟေ့ကာက အင်္ဂလိပ် အမေရိကန်တို့ကို စစ်ကြေညာ သည်။

အလစ်ဝင်တိုက်ခြင်း၊ ချုံခိုတိုက်ခြင်းမှာ သူရဲကောင်းတို့အလုပ် မဟုတ်၊ ကြမ်းပိုးတေလေတို့အလုပ်ဖြစ်သည်။

ဗိုလ်ချုပ်ကြီး ဂျင်နရယ် မက်အာသာလည်း ဂျပန်စစ်တပ်ကို ခုခံမတိုက်ကြနှင့် လွှတ်ပေးလိုက်ကြဟု အမိန့်ပေးပြီး အမေရိကန်သို့ပြန်သည်။ စင်္ကပူတွင် ချရပ်ထားသော ဗြိတိသျှရေတပ်ပင်လျှင် ဂျပန်ကို ခုခံမတိုက်ခိုက်တော့ပဲ အောင်မြင်စွာဆုတ်ခွာသွားကြသည်။ ဤတွင် ဂျပန်စစ် သားများသည် ဓါးရှည်ကြီးတရမ်းရမ်းနှင့် အာရှနိုင်ငံငယ်များထဲသို့ ဝင်လာကြသည်။ ထိုင်းခေါ် ယိုးဒယားနိုင်ငံတွင် သေနတ်တချက်မျှ မဖောက်ရပဲ သိမ်းလိုက်သည်။ စင်္ကာပူ၊ မလေးရှား၊ အင်ဒိုနီးရှား အားလုံးကို အလွယ်နှင့်သိမ်းယူလိုက်သည်။

မြန်မာနိုင်ငံမှာမူ ဗြိတိသျှစစ်တပ်က ဆုတ်ခံခံနေသဖြင့် စစ်တောင်းတိုက်ပွဲ၊ ရွှေတောင်တိုက်ပွဲ၊ ပြည်မြို့အထက် သစ်တောကြိုးဝိုင်းတိုက်ပွဲများမှာ အတော်ပြင်းထန်၍ အကျအဆုံးများသည်။ ဗြိတိသျှစစ်တပ်သည် အမ်းတောင်ကြားလမ်းနှင့် ချင်းပြည်နယ်၊ တမူး၊ မိုရေးမြို့များမှ အိန္ဒိယသို့ ထွက်သွားကြသည်။

အနောက်ဥရောပတွင် ဂျမဏီအာဏာရှင် ဟစ်တလာသည် ဥရောပတိုက်ကို လွှမ်းမိုးနိုင်ခဲ့ပြီ။ ဂျပန်ကလည်း အရှေ့အာရှတိုက်ကို လွှမ်းမိုးနိုင်ခဲ့ပြီ။ ထို့ကြောင့် Greater Asia အရှေ့အာရှတိုက် သာတူညီမျှ ကောင်းစားရေး ဝါဒကိုကြွေးကြော်သည်။

ရဲဘော်သုံးကျိပ်တို့ကလည်း သုံးရောင်ခြယ်အလံကြီးကို လွှင့်ထူ၍ ဂျပန်တပ်များနှင့်အတူ ဗိုလ်ချုပ်ဆူဇူကီးခေါင်းဆောင်၍ မြန်ာပြည်အတွင်း သို့ဝင်လာကြရာ မျိုးချစ်စိတ်ဓာတ်ရှိသူ လူငယ်များ ပါဝင်လာကြသဖြင့် ဘီအိုင်အေတပ်တွင် လူနှစ်သောင်းကျော်ရှိသွားသည်။ ဂျပန်က မကြိုက်၊ လူသုံးထောင်နှင့် ဘီဒီအေဖွဲ့ပါဆို၍ လူတွေကိုလျှော့ရာ ငါးထောင်နီးပါးရှိသေးသည်။ ထို့ထက်ပိုမလျှော့နိုင် ဤအတိုင်းပင်ထား၍ ဗိုလ်ချုပ်အောင်ဆန်းမှ ဗိုလ်မှူးကြီးအောင်ဆန်းဖြစ်သွားသည်။ ကိစ္စမရှိ၊ ဗိုလ်ချုပ်ဆူဇူကီး (ဗိုလ်မိုးကြိုးကို ဂျပန်အစိုးရမှ ပြန်ခေါ်သဖြင့် ဗိုလ်မိုးကြိုးနေရာတွင် ခန့်လိုက်သဖြင့် ဗိုလ်ချုပ်အောင်ဆန်းပြန်ဖြစ်သွားသည်။

၁၉၄၂ ခု၊ သြဂုတ်လ ၁ရက်နေ့တွင် ဒေါက်တာဘမော်ခေါင်းဆောင်သည့် အစိုးရအဖွဲ့ပေါ်လာသည်။ ဒေါက်တာဘမော်မှာ Premier ခေါ် ဝန်ကြီးချုပ်သာဖြစ်သည်။ သို့ရာတွင် သူက လူအများ လေးစားအထင်ကြီးအောင် အဓိပတိကြီး၊ အာဏာရှင်ကြီးဟု သူ့ကိုယ်သူ ကင်ပွန်းတပ် သည်။

ကမ္ဘာမှာလည်း အာဏာရှင် x ဒို့လည်းအာဏာရှင် x ကမ္ဘာမှာလည်းခေတ်သစ်ထွင်x ဒို့လည်းခေတ်သစ်ထွင်x စွမ်းဥာဏ်ရည်ပညာရှိတဲ့x ဗမာ ဗမာ ဗမာ အာဏာရှင်… ဟု ဆရာရန်နိုင်စိန်က သီချင်းစပ်လိုက်သည်။ ၁၉၄၃ ခု သြဂုတ်လ ၁ရက်နေ့တွင် ဂျပန်အစိုးရကပေးသော လွတ်လပ်ရေးကို ရသည်။

လွတ်လပ်ပြီ လွတ်လပ်ပြီ x ဒို့ပြည်လွတ်လပ်ပြီ x အောင်သပြေကို ဆွတ်ကာအတည်x ငါတို့ကိုင်ဆောင်မည်။

ကန်တော်ကြီးတွင် ကုန်းပွဲ ရေပွဲများနှင့် လွတ်လပ်ရေးအခမ်းအနားကို ပြုလုပ်သည်။ စစ်အတွင်းကာလမို့ လွတ်လပ်ရေးအစစ်တော့ မဟုတ် သေး။ အရာရာကို ဂျပန်စစ်တပ်က သြဇာပေးခံနေရသည်။ ယိုးဒယားနှင့်မြန်မာ ဆက်သွယ်သည့် သံဖြူဇရပ်လမ်း ဖောက်လုပ်ရန်အတွက် ချွေးတပ်သားများကို တစ်ရွာလျှင် နှစ်ယောက် သုံးယောက်ရွေးပေးရသည်။ ချွေးတပ်ကိုကြောက်ကြသည်မှာ ဝမ်းရောဂါအဖြစ် လူအများသေကုန်ကြသောကြောင့်ဖြစ်သည်။

ဂျပန်စစ်တပ်သည် ချင်းပြည်နယ်မှာထွက်၍ အိန္ဒိယနယ်စပ်ဖြစ်သော အင်ဖာသို့ တက်၍တိုက်ခိုက်ရာ အကျအဆုံးများစွားဖြင့် တပ်လှန်၍ ပြေးခဲ့ကြသည်။ တိုက်ပွဲတစ်ခုတွင် “ထောက်ပို့သည်” အလွန်အရေးကြီးသည်။ ရိက္ခာနှင့်လက်နက် ထောက်ပံ့ပေးပို့ရန် ဂျပန်တွင် အလုံအ လောက်မရှိ။ ဂျပန်တပ်များတွင် ကာယိက သတ္တိ (Physical Courage) ရှိသည်။ စေတသိကသတ္တိ (Mental Courage) ရှိပါသည်။ စာရိတ္တ သတ္တိ (Moral Courage) ကား မရှိချေ။

ဦးသိန်းဖေ (သခင်သိန်းဖေ )၏ လေနတ်သား စာလွှာများ မကြာမကြာကြဲချနေလေပြီ။ အမေရိကန်တပ်ကြီးများကို ဗိုလ်ချုပ်ကြီး မောင့်ဘက် တန်ဦးဆောင်၍ မြန်မာပြည်တွင်းကို ဝင်လာတော့မည်ဟု ဆိုသည်။ နေ့တိုင်းလိုပင် ကျွဲညီနောင်ခေါ် အမေရိကန်လေယာဉ်ကြီးနှစ်စီးက မီးရထားလမ်းတလျှောက်၊ မော်တောကားလမ်းတလျှောက် စက်သေနတ်နှင့် ပစ်နေသည်။ ရန်ကုန်မြို့မှာလည်း မဟာမိတ်လေယာဉ်များ မကြာမကြာလာ၍ ဗုံးကြဲချသဖြင့် ဗုံးခိုကျင်းထဲ ဝင်၍နေကြရသည်။

မန္တလေးနန်းတော်ဝန်းထဲတွင် ဂျပန်တပ်များ ဝင်ရောက်စခန်းချနေသည်ဟု သတင်းရသဖြင့် မဟာမိတ်လေယာဉ်များက လာရောက်ဗုံးကြဲချ လိုက်ရာ ရွှေနန်းတော်ကြီး ပြာကျသွားရသည်။

ရွှေနန်းတော်တစ်ခုသာ x ယခုအခါ ရှုစရာကျန်တော့သည်x မော်ကွန်းတည်ကာ ကြို့ပါတဲ့x ရွှေမြို့တော် ရတနာပုံသည် မြန်မာဂုဏ်ရည် xxx ဆိုသော နန်းတော်ရှေ့ဆရာတင်၏ သီချင်းကလေးကို သတိရမိသည်။ ယခုကား ရွှေနန်းတော်တစ်ခုပင် မကျန်တော့ချေ။ ဒုတိယ ကမ္ဘာစစ်၏ အနိဌာရုံများသာဖြစ်တော့သည်။

တပ်ထွက်သွားသော ဗမာ့တပ်မတော်သည် အနီးကပ်ဆုံးရန်သူဂျပန်တပ်တွေကို တော်လှန်တိုက်ခိုက်ကြရသည်။ အမှန်အားဖြင့် ဂျပန်ရှုံးနေ ပါသည်။ ဂျပန်ကလည်း ဘိရုမာတွေဟာ ယခင်က ငါတို့နဲ့ပေါင်းပြီး ယခုငါတို့ကို ပြန်တိုက်ရပါမည်လားဟု လက်စားချေသည့်အနေနှင့် မြောင်းမြထောင်ထဲရှိ သခင် ၄၉ ယောက်ကိုထုတ်၍ မြို့ပြင်မှာသတ်ပြီး ရေတွင်းပျက်ကြီးထဲချထားခဲ့သည်။ မော်လမြိုင်ဘက်တွင်လည်း အရေးပိုင်သခင်လင်း လမ်းဝန်ထောက် သခင်သာဦး၊ သခင်ဒီပိုးတို့ပါ နိုင်ငံရေးသမား ၂၇ ဦးကို ကျိုက်မရောသို့ထွက်သည့် လမ်းမှာသတ်၍ မြုပ်ထားခဲ့သည်။ စစ်ပြီးမှ ထိုသူများအတွက် မှတ်တိုင်ကလေး (၂၇) တိုင်ကို လူအများက စိုက်ထူထားကြသည်။

ဂျပန်ခေတ်တွင် အာရှလူငယ်၊ ဝန်ထမ်းမောင်မယ် အဖွဲ့တွေဖွဲ့စည်း၍ ဗလငါးတန် ဖွံ့ဖြိုးရေးများကို ပြုလုပ်ခဲ့ကြသည်။ သို့ရာတွင် ခေါင်းဆောင်ဖြစ်သော ဗိုလ်ချုပ်အောင်ဆန်း လမ်းညွှန်မှုအတိုင်း ဖက်ဆစ်တော်လှန်ရေးတွင် ပါဝင်လာကြသည်။ ၏

ဂျပန်စစ်တပ်သည် ဘိရုမာတွေကိုမယုံတော့။ ဝန်ကြီးအဖွဲ့ကို မော်လမြိုင်ဘက်သို့ ခေါ်သွားသည်။ အဓိပတိကြီး ဒေါက်တာဘမော်ကို ဂျပန်ပြည်ရှိ ဆူဂါမို အကျဉ်းထောင်သို့ပို့လိုက်သည်။ ဝန်ကြီးအဖွဲ့ကိုကား များမကြာမီ ပြန်လွှတ်ပေးလိုက်သည်။

၁၉၄၅ ခု၊ သြဂုတ်လ ၆ရက်နေ့တွင် ဟီရိုရှီးမားမြို့ပေါ်သို့ အမေရိကန်လေတပ်က အနုမြူဗုံးတစ်လုံးချလိုက်သည်။ (၈)ရက်နေ့တွင် နာဂါဆ ကီမြို့ပေါ်သို့ ဗုံးတစ်လုံးချလိုက်သည်။ ဂျပန်ဘုရင် တင်နော်ဟေ့ကာက လက်နက်ချပါမည်ဟု အသံလွှင့်ကြေညာသည်။ ဤတွင် အာရှ တိုက် စစ်ပွဲကြီး ပြီးခဲ့ပါသည်။

● စစ်ပြီးခေတ် မြန်မာ့အရေး
အိန္ဒိယနိုင်ငံ “ဆင်းမလား” မြို့သို့ရောက်ရှိနေသော မြန်မာပြည်ဘုရင်ခံ ဆာဒေါ်မန်စမစ်နှင့် အဝေးရောက် အစိုးရအဖွဲ့သည် မြန်မာနိုင်ငံသို့ ပြန်ရောက်လာကာ ဗျူရိုကရေစီ အုပ်ချုပ်ရေးကို ပြန်လည်အသက်သွင်းကာ အစိုးရအဖွဲ့ဖွဲ့လေသည်။ နိုင်ငံရေးသမား၊ သခင်များ၊ ရဲဘော် ဟောင်းများကို ဖမ်းဆီးလေမလား ထိတ်လန့်နေရသည်။

ဆင်မြီးဆွဲမြို့မှာ သခင် စံနွဲ့၊ လေလင့်ကန်ရွာမှ ဦးထွန်းမောင်တို့ သားအဖ၊ ပေါင်းတည်မြို့အရှေ့ဘက်ရှိ မြို့ကြီးရွာမှ ဦးဖိုးကြုံတို့ကို အင်္ဂ လိပ်စစ်တပ်မှ ကုလားစစ်သားများကို ထန်းရည် အရက်တိုက်ပြီး ဓါးနှင့်ခုတ်၊ သေနတ်လုယူမှုဖြင့် ပြည်မြို့အကျဉ်းထောင်မှ ကြိုးပေးသတ် လိုက်သည်။

ဖ.တ.ပ.လ (ဖက်ဆစ်တိုက်ဖျက်ရေးနှင့်ပြည်သူ့လွတ်လပ်ရေးလျှို့ဝှက်အဖွဲ့) ကို ဖဆပလ (ဖက်ဆစ်ဆန့်ကျင်းရေးနှင့် ပြည့်သူ့လွတ်လပ်ရေး အဖွဲ့) ဟူ၍ ပြောင်းလဲဖွဲ့စည်းရန် ရန်ကုန်မြို့ ကန်တော်ကြီး နေသူရိန်ရုံတွင် အစည်းအဝေးခေါ်ထားသည်။ ထိုအဖွဲ့တွင် ဥက္ကဌနေရာအတွက် ဝါရင့်နိုင်ငံရေးသမားကြီး ဘကြီးဘဖေကို တင်မြှောက်ရန် လူကြီများက စိုင်းပြင်းထားကြသည်။

သို့ရာတွင် အစည်းအဝေးကြီး စတင်ဖွင့်လှစ်သောအခါ ဘကြီးဘဖေကိုယ်တိုင်ကထ၍ ဥက္ကဌနေရာအတွက် ဗိုလ်ချုပ်အောင်ဆန်းကို အဆို တင်ပါသည်ဟုပြောသည်။ ထိုအခါ ဗိုလ်ချုပ်အောင်ဆန်းက “ဟာ   မလုပ်ပါနဲ့ ဘကြီးရဲ့၊ ဘကြီးတို့လူကြီးပိုင်းထဲက ရွေးကြပါ၊ ကျနော်ငယ်ပါ သေးတယ်” ဟု ထ၍ပြောသည်။ ထိုအခါ ပရိသတ်ကြီးက ဘကြီးအဆိုကို ထောက်ခံပါတယ်ခင်ဗျ။ ဗိုလ်ချုပ်မငြင်းပါနဲ့ခင်ဗျ။ အားလုံး သဘောတူပါသလား၊ တူပါတယ်ခင်ဗျား နှင့် ဆူညံသွားသည်။

သို့နှင့် အသက် ၃၀ သာရှိသေးည့် ဗိုလ်ချုပ်အောင်ဆန်းသည် ဖဆပလအဖွဲ့ချုပ်၏ ဥက္ကဌဖြစ်လာရသည်။ ၁၉၄၅ ခု ဇန်နဝါရီလတွင် ရွှေတိဂုံ စေတီတော် အလယ်ပစ္စယံ၌ ပြည်လုံးကျွတ်အစည်းအဝေးကြီးကို ကျင်းပသည်။ ဗိုလ်ချုပ်အောင်ဆန်းက နှစ်နာရီကျော်ကြာသည့် မိန့်ခွန်းကို ပြောသည်။ လိုရင်းမှာ မြန်မာပြည်သူတို့သည် နယ်ချဲ့ကိုတိုက်ထုတ်ခဲ့ပြီး။ ဖက်ဆစ်ကိုလည်း တိုက်ထုတ်ခဲ့ပြီး။ ထို့ကြောင့် ကိုယ်ပိုင်လွတ် လပ်ရေးကို ရသင့်သည်ဟု ဆိုလိုပါသည်။

ဆာဒေါ်မန်စမစ်အစိုးရက ဗိုလ်ချုပ်အောင်ဆန်းအတွက် အမြဲတန်းတံခါးဖွင့်ထားပါသည်။ သူ့အစိုးရထဲသို့ဝင်လာပါဟု ဖိတ်ခေါ်ပါသည်။ ဗိုလ်ချုပ်အောင်ဆန်းဟာ မိမိအဖို့ ရာထူးယူရန်မလိုပါ၊ မိမိတို့နိုင်ငံနှင့်လူမျိုး လုံးဝလွတ်လပ်သော (Sovereignty Power) ကိုသာ တောင်း ဆိုခြင်းဖြစ်သည်ဟု ရှင်းပြသည်။

သို့နှင့် တဖက်နှင့်တဖက် တင်းမာနေကြသည်။ ဤအထဲတွင် သခင်ဗစိန်တို့အဖွဲ့က အိန္ဒိယနိုင်ငံကိုပေးသည့် ဒိုမီနီယန်အုပ်ချုပ်ရေးကို လက်ခံမည်ဟုကြေညာပြန်သည်။ ဆာဒေါ်မန်စမစ်လည်း ဝမ်းကိုက်ရောဂါဖြစ်သည်ဟု အကြောင်းပြပြီး ဘိလပ်သို့ပြန်သွားသည်။ ဆာဟင် နရီနိုက် ရောက်လာသည်။ သူလည်း မြန်မာတို့အကြောင်း ကောင်းစွားမသိသဖြင့်အူလည်လည်ဖြစ်နေသည်။

တနေ့သ၌ ဗိုလ်ချုပ်အောင်ဆန်းသည် ဘကြီးဘဖေတို့အိမ်သို့ ရောက်လာသည်။ ဘကြီးက အေးအေးဆေးအေးရှင်းပြသည်။

“ဒီမယ်မောင်အောင်ဆန်း ဂျပန်စစ်တပ်ကကျန်ရစ်ခဲ့တဲ့ လက်နက်အကျိုးအပဲ့ကလေးနဲ့ အင်္ဂလိပ်စစ်တပ်ကို နိုင်အောင်တိုက်နိုင်ပါ့မလား၊ အဲ … ကြီးတပ်ကိုတိုက်နိုင်ပါတယ်ပဲထား၊ ပင်လယ်ဝမှာရပ်ထားတဲ့ ရေတပ်သင်္ဘောကြီးကရှိသေးတယ်၊ ပြီးတော့  လေတပ်ကလည်း ဝင် လာအုံးမယ်ဆိုတော့…..”

ဘကြီးစကားမဆုံးခင်မှာပင် ဗိုလ်ချုပ်အောင်ဆန်းက စိတ်တိုသွားပြီး ခပ်ဆတ်ဆတ်မေးသည်

“ဒါဖြင့်  ဒီလိုပဲ ကြည့်နေရတော့မလား”
“အေး .. ဒီလိုပဲ ကြည့်နေလို့လည်း မဖြစ်နိုင်ဘူး၊ ဒီတော့ ဒီလိုလုပ် ….”

ဤတွင် ဗိုလ်ချုပ်မျက်နှာ ကြည်လင်လာကာ  …
“ဒီလိုဆိုရင် လူထုလူတန်းစားအားလုံးအတွက် ကျနော်တာဝန်ယူမယ်၊ ပုလိပ်အတွက် ဘကြီးတာဝန်ယူပါ” ဟု ပြောကာ ချာကနဲ လှည့်ထွက် သွားသည်။

သပိတ်- သပိတ်- မှောက်- မှောက်
– လွတ်လပ်ရေးချက်ချင်းမေး
– ဒိုမီနီယန် အလိုမရှိ
– ဗျူရိုကရက်တွေ   ပြန်သွား
ဘကြီးဘဖေလည်း ဦးဝမ်းမောင် (သံမဏိ) ကိုခေါ်၍ပြောသည်။

“မောင်ဝမ်းမောင်ရေ   ဒီပွဲကတော့ ငါတို့ရဲ့နောက်ဆုံးတိုက်ပွဲကွ၊ ပုလိပ်အဖွဲ့ကသာ သပိတ်မှောက်ပြီဆိုရင် ဒီကောင်တွေပြေးတော့မှာပါ”

သံမဏိဦးဝမ်းမောင်လည်း ပုလိပ်တွေကို စည်းရုံးကာ ကရောင်းတံဆိပ်တွေကို လွှင့်ပစ်ပြီး ဒေါင်းတံဆိပ်တွေကို တပ်ဆင်ကာ သပိတ်တိုက် ပွဲဝင်လာကြသည်။

ဦးဝမ်းမောင်ရှေ့ဆောင်ကာ x လူထုပုလိပ်များ ခွန်အားသာ x ပြင်းပြင်းထန်ထန်တိုက်တော့မှာ x ထွက်သွားထွက်သွားအမိန့်ပေးပြီ တစ်ခါ xxx

ဟင်္သာတဦးသိန်းဟန်ကြီးက ဟွန်းတယောကြီးတလက်နှင့် ဟောလည်းဟော၊ ပြောလည်းပြော၊ ဆိုလည်းဆိုလည်းဆိုနှင့် သပိတ်တိုက်ပွဲ တွင်ပါဝင်လာသည်။

● လူထုတိုက်ပွဲ
တော်လှန်ရေးမို့ သွေးညီကာ x ဒို့တိုင်းရင်းသားများလည်းပါx ဗိုလ်ချုပ်ကြီးရဲ့နောက်တော်မှာ xတမျိုးသားလုံးသွေစည်းကာ x ဗမာပြည် ပေါ်မှာ ဂုတ်သွေးစုတ်တဲ့ xအယုတ်မာကောင်တွေသာx ညီညီညာညာအင်အားပေါင်းလို့x မောင်းနှင်ပစ်ဖို့ရာx တော်လှန်တာ သွေစည်းကာ x လူထုတိုက်ပွဲ နွှဲဆင်ကာx တပြည်လုံးအညီဆုံးxတပြည်လုံးx အုန်းအုန်းကျွတ်ကျွတ်ပါxxx ဗမာပြည်မှာ နှစ်ပေါင်းတစ်ရာ x သူ့ကျွန်တွင်းကိုရောက်လာxတော်လှန်တာ ခါများစွာ x ခုလောက်ဖြင့် မညီညာ x ဗိုလ်အောင်ဆန်းရဲ့လမ်းကဖြင့် x မှန်းလို့သေချာ..x လွတ်လပ်ရန် ဧကန်ပဲ x မလွဲတာ x တကယ်လိုက်နာပါxxx

ဆရာရန်နိုင်စိန် ရေးလိုက်သောသီချင်းဖြစ်ပါသည်။

ဘုရင်ခံ ဆာဟင်နရီနိုက်လည်း  ပြန်ပြေးလေပြီ။ ဗြိတိသျှအစိုးရက ဗိုလ်ချုပ်ကြီး မောင့်ဘက်တန်၏တပ်တွင် နိုင်ငံရေးအရာရှိအဖြစ် လိုက်ပါ လာသူ ဆာဟူးဘတ်စ်ရန့်ကို လွှတ်လိုက်သည်။ ၁၉၄၅ ခု၊ စက်တင်ဘာတွင် ရောက်လာသည်။ ဗိုလ်ချုပ်အောင်ဆန်းနှင့် တွေ့ဖူး  သိဖူးသူဖြစ်သည်။ ဘုရင်ခံက စက်တင်ဘာလ ၂၂ ရက်နေ့တွင် ဗိုလ်ချုပ်အောင်ဆန်းအား စာရေး၍ ဖိတ်သည်။

ဗိုလ်ချုပ်မှာ ဖျားနေခိုက်ဖြစ်၍ စာပြန်ရေးပေးလိုက်သည်။ လူကြီးမင်း၏ စာကိုရ၍ ဝမ်းမြောက်ပါကြောင်း၊ ကျနော့်မှာ ဖျားနေ၍အိပ်ယာမှ မထနိုင်သဖြင့် လူကြီးမင်းကိုယ်တိုင် ကျနော့်ထံသို့ ကြွလာမည်ဆိုလျှင် လွန်စွာအဆင်ပြေပါလိမ့်မည်ဟု ရေးလိုက်သည်။

ဘုရင်ခံလည်း ဗိုလ်ချုပ်နေသည့် တာဝါလိန်းလမ်းရှိ အိမ်သို့ရောက်လာကာ ဗိုလ်ချုပ်ခေါင်းဆောင်သည့် အစိုးရကိုဖွဲ့ပါဟုပြောသည်။ တစ် ရက် နှစ်ရက်ကြာလျှင် အဖျားကျသွားသဖြင့် ဖဆပလခေါင်းဆောင်များနှင့် ညှိနှိုင်းကာ အစိုးရအဖွဲ့ စာရင်းတင်လိုက်သည်။

စက်တင်ဘာလ ၂၈ရက်နေ့တွင် ဗိုလ်ချုပ်ခေါင်းဆောင်သော အစိုးရအဖွဲ့ကို ဘုရင်ခံက ကြေညာချက်ထုတ်သည်။ လွှတ်တော်တွင် ဘုရင်ခံ က ဥက္ကဌဖြစ်၍ ဒုတိယဥက္ကဌမှာ ဗိုလ်ချုပ်အောင်ဆန်းဖြစ်သည်။ သို့ရာတွင် ဘုရင်ခံသည်လွှတ်တော်သို့  မလာတော့ချေ။ ဗိုလ်ချုပ်နှင့် သာလွှဲထားသည်။

လွတ်လပ်ရေးလမ်းပေါ်သို့ရောက်နေပါပြီ။ လက်နက်ကိုင်တိုက်ပွဲနှင့် လွတ်လပ်ရေးရခဲ့သည်မဟုတ်၊ လူထုတိုက်ပွဲနင့် လွတ်လပ်ရေးရခဲ့ သည်ဖြစ်ကြောင်း သိသာရန် ရေးသားရခြင်းဖြစ်သည်။  ။

နန်းညွှန့်တေဇ


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts