Yan Naung (Bo Ta Htaung) သတင်းဆောင်းပါး

ရန်နောင် (ဗိုလ်တထောင်) – မြေယာပြဿနာ အငြင်းပွားမှု အဖြေရှာနိုင်ရန် တရားစွဲသော်လည်း ပလပ်ခံရ

ရန်နောင် (ဗိုလ်တထောင်) – မြေယာပြဿနာ အငြင်းပွားမှု အဖြေရှာနိုင်ရန် တရားစွဲသော်လည်း ပလပ်ခံရ
(မိုးမခ) ဒီဇင်ဘာ ၂၇၊ ၂၀၁၄
ဦးမောင်မောင်ချစ်နှင့် ဒေါ်ရင်မေ

ရှမ်းပြည်နယ် အရှေ့ပိုင်း တာချီလိတ်မြို့နယ်တွင် ဒေါ်ရင်မေပိုင်ဆိုင်သော မြေကွက်များ၊ လုပ်ငန်းလုပ်ကိုင်ဆောင်ရွက်ခွင့်များကို လိမ်လည် ကာ ယုံကြည်မှုကို ဖောက်ဖျက်ခဲ့သည့်အတွက် တရားရုံးတွင် တရားစွဲဆိုခဲ့သော်လည်း  ရှမ်းပြည်နယ် တရားလွှတ်တော် တရားသူကြီးချုပ် ဦးကြွယ်ကြွယ်က ပယ်ချခဲ့သည်။

ဦးခွန်ဆာဦးဆောင်သော အမ်တီအေတပ်မတော် လက်နက်နှင့် ငြိမ်းချမ်းရေးလဲလှယ်ရန်အတွက် ညှိနှိုင်းပေးခဲ့သူ ဦးအောင်လှအား ၁၉၉၆ ခုနှစ်တွင် ဗိုလ်ချုပ်ကြီးခင်ညွန့်၏ နှုတ်မိန့်ဖြင့် မြေ (၄) ဧက ပေးခဲ့သည်။ ထို့အပြင် ဦးအောင်လှသည် သူ၏ ကိုယ်ပိုင်ငွေဖြင့် မြေဧက (၁၂၅) ဧကကိုလည်း ဝယ်ယူခဲ့သည်။  ဦးအောင်လှသည် ၂၀၀၀ ခုနှစ်တွင် ကွယ်လွန်သောအခါ  ဇနီးဖြစ်သူ ဒေါ်ရင်မေက အမွေဆက်ခံခဲ့သည်။ သို့သော် ဒေါ်ရင်မေသည် မြန်မာစကားနှင့်စာကို တတ်မြောက်ခြင်းမရှိသောကြောင့် လူယုံအဖြစ် ထိုစဉ်က ရယကစာရေးလုပ်ကိုင်သူ ဦး ထွန်းနေဦးအား ကိုယ်စားလှယ်လွှဲစာဖြင့် လုပ်ကိုင်စေခဲ့သည်။

တာချီလိတ်မြို့၊ ဟောင်လိတ်ကျေးရွာအုပ်စုရှိ ကွင်းအမှတ် (၅၂)၊ လွယ်စတုံ တောင်ကွင်းရှိ မြေကွက် (၁၃၃.၀၄၇) ဧကကို ခွင့်ပြုခဲ့ရာ  ဒေါ်ရင်မေသည် နိုင်ငံတော်အကျိုးပြုလုပ်ငန်းများဖြစ်သော ဟိုတယ်ဆောက်လုပ်ရေးလုပ်ငန်း၊ ပုဂ္ဂလိကနှစ်ထပ်ဈေးဆောက်လုပ်ရေးလုပ် ငန်း၊ လူနေအိမ်ယာနှင့် အဆောက်အဦးလုပ်ငန်း၊ သံဃာ့ဆေးရုံဆောက်လုပ်ရေးလုပ်ငန်းများကို နိုင်ငံတော်ခွင့်ပြုချက်များဖြင့် ဆောင်ရွက်ခဲ့ သည်။ ဒေါ်ရင်မေ၏ အသက်အရွယ်ကြီးရင့်မှုနှင့် မြန်မာစကား၊ စာ ကောင်းစွာမတတ်ကျွမ်းမှုကို အခွင့်ကောင်းယူကာ ဦးထွန်းနေဦးက ပိုင်ဆိုင်မှုနှင့် လုပ်ကိုင်ခွင့်များကို အလွဲသုံးစားပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း ဒေါ်ရင်မေ၏ကိုယ်စား ဦးမောင်မောင်ချစ်မှ ပြောပြခဲ့သည်။

ဒေါ်ရင်မေသည် ငြိမ်းချမ်းရေးကိုဖော်ဆောင်သူ၏ဇနီးသည်တယောက်ဖြစ်သောကြောင့် နိုင်ငံတ်ာမှ မှတ်ပုံတင်ကဒ် ကိုင်ဆောင်သုံးစွဲခွင့်ပြုခဲ့သော်လည်း ဦးထွန်းနေဦး၏လှည့်စားတိုင်ချက်ဖြင့် မှတ်ပုံတင်အတုကိုင်ဆောင်သူဟု အမှုစွဲကာ ထောင်ဒဏ် လေးနှစ်ကျခံခဲ့ရသည်။ ဒေါ်ရင်မေသည် အကျဉ်းကျနေရာမှလွတ်လာသောအခါ သူ၏ကိုယ်စားလှယ် ဦးထွန်းနေဦးအား တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။

ဦးထွန်းနေဦးက ပေးထားသောမြေကွက်များကိုရောင်းချပြီး လုပ်ငန်းလုပ်ပိုင်ခွင့်တွေကို အလွဲသုံးစားလုပ်နေတာကို သူ့ကို အမှန်တကယ်ပေး ခဲ့တဲ့အကြောင်းကို ရန်ကုန်တက်ပြီး ဗိုလ်ချုပ်ကြီးဟောင်းခင်ညွန့်နှင့်လည်း ဆွေးနွေးခဲ့သည်ဟု သိရပါသည်။

ဦးထွန်းနေဦးအား စစ်ဆေးအရေးယူပေးရန် တိုင်ကြားချက်အပေါ် ရှမ်းပြည်နယ် အရှေ့ပိုင်း အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ အတွင်းရေးမှူးခေါင်းဆောင်သော စုံစမ်းစစ်ဆေးအဖွဲ့က ဦးထွန်းနေဦးအပါအဝင် အလုပ်အမှုဆောင် အစည်းအဝေး အမှတ် ၁၃/၂၀၁၀ တင်ပြဆုံးဖြတ်ချက် အပိုဒ် (၂၅) အရ ဦးထွန်းနေဦး ဘက်မှ မှန်ကန်ကြောင်း စစ်ဆေးပေါ်ပေါက်သည်ဟုဆိုကာ အမှုတွဲကို ပိတ်သိမ်းခဲ့သည်။ ရှမ်းပြည်နယ် တရားလွှတ်တော် တရားသူကြီးချုပ် ဦးကြွယ်ကြွယ်ကလည်း ၂၃-၁၂-၂၀၁၄ နေ့မှာ အမှုကို လက်ခံကြားနာစစ်ဆေးရမှာကိုပယ်ချခဲ့သည်ဟု ဦးမောင်မောင်ချစ်မှ ထပ်မံပြောကြားခဲ့သည်။ ယခု နိုင်ငံတော် သမ္မတကြီးဖြစ်နေသော ဦးသိန်းစိန်သည် ထိုစဉ်အချိန်က ရွှေတြိဂံတိုင်းစစ်ဌာနချုပ်တိုင်းမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး ဦအောင်လှကို မြေယာမှတ်ပုံတင်တွေပေးခဲ့ပြီး လန ၃၉ ပင်ရရှိခဲ့ပြီးဖြစ် သည်။

အဆိုပါ ကိစ္စနှင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့အားမေးမြန်းသောအခါ  အမှုဖြစ်နေတဲ့အချိန်မှာ မည်သည့်ဘက်ကမှ ခြံစည်းရိုးကာရံခြင်း၊ တဲအိမ် ဆောက်လုပ်ခြင်း ပြုလုပ်ခွင့် မရှိပါဘူး၊ ဒေါ်ရင်မေတို့အမှုသည် ယခုအစိုးရလက်ထက်မတိုင်မီ ကပင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

အဆိုပါ အမှုကိစ္စနှင့်ပတ်သက်၍ သတင်းစာရှင်းလင်းပွဲကို တောင်ကြီးမြို့ရှိ ရွှေငါးဟိုတယ်တွင် ပြုလုပ်ခဲ့သည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts