ရသဆောင်းပါးစုံ ဇော်အောင် (မုံရွာ)

ဇော်အောင် (မုံရွာ) – ဘယ်သူဌေး ပိုကောင်းလဲ


ဇော်အောင် (မုံရွာ) – ဘယ်သူဌေး ပိုကောင်းလဲ
ဒီဇင်ဘာ ၂၆၊ ၂၀၁၄

သာမတ်ကွပ်¹ (၆၂နှစ်) ဆိုတဲ့ ဟောင်ကောင်က ဘီလျံနာသူဌေးကြီး၊ ဟောင်ကောင်အစိုးရ နံပါတ် (၂) ဖြစ်ခဲ့သူ ရာဖေဟူး² ဆိုသူကို ကန်ဒေါ်လာ ၁.၅ သန်းလောက် လာဘ်ပေးမှုအတွက် စီရင်ချက်ချပါတယ်။ သူဌေးကြီးက ထောင်၅ နှစ်၊ အစိုးရနံပါတ် (၂) ခေါင်းဆောင်ကြီး က ထောာင် (၇) နှစ် ကျသွားပါတယ်။ ဘီလျံနာသူဌေးကတော့ ကန်ဒေါ်လာ ၁၁ သန်းကျော် လျှော်ကြေးပေးနိုင်ရင်၊ ထောင် က လွတ်မယ်ဆိုပေမယ့် အစိုးရနံပါတ် (၂) ခေါင်းဆောင်ကြီးကတော့ ထောင်နန်းစံရတော့မယ်ဖြစ်ပါတယ်။ တရုတ်ပြည်မ ဥပဒေအရဆိုရင် သေဒဏ်ကျမဲ့ အမှုပဲဖြစ်ပါတယ်။ နိုင်ငံတကာ ရင်းနှီးမြှုပ်နှံသူများ ဟောင်ကောင်ကတဆင့် တရုတ်ပြည်ကို ရင်းနှီးမြှုပ်နှံလို့ အက်ဖ်ဒီအိုင်³ ကမ္ဘာ့ထိပ်တန်း  ၅ နိုင်ငံစာရင်းမှာ တရုတ်မပါပေမယ့် ဟောင်ကောင် ပါဝင်နေပါတယ်။ ဟောင်ကောင်နဲ့ စင်ကာပူအစိုးရ အဂတိတိုက်ဖျက် ရေးအဖွဲ့ အလွန်သြဇာကြီးလှပြီး၊ နံပါတ်(၁) ခေါင်းဆောင်ကိုတောင် မေးမြန်းခွင့်ရှိပါတယ်။ ဒါကြောင့် အာရှတိုက်မှာ ဟောင်ကောင်၊ စင်ကာပူတို့ဟာ အာရှမှာသာမက၊ ကမ္ဘာ့အဂတိအနည်းဆုံးနိုင်ငံအဆင့်မှာ ပါဝင်ပါတယ်။ ဒီတော့ အဲဒီ၂နိုင်ငံမှာ အခွန်ရှောင်မရအောင် စနစ်ကျပါတယ်။ အခွန်ကိုသုံးတဲ့ အစိုးရဘတ်ဂျတ်မှာလည်း အဂတိမရှိအောင် ထိန်းထားနိုင်ပါတယ်။ သာမန်လူတန်းစားကို စားဝတ်နေရေး ကောင်းကောင်း ပံ့ပိုးပေးနိုင်တဲ့ အစိုးရဖြစ်ပါတယ်။

● သူဌေးကြီးကွပ် မိသားစုအကြောင်း
အနည်းငယ်ရေးလိုပါတယ်။ ရောဘတ်ကွပ်4 ဆိုတဲ့လူငယ်တဦးဟာ ၁၉၂၃ မှာ မလေးရှား၊ ဂျဟိုးပြည်နယ်မှာ မွေးဖွားခဲ့ပါတယ်။ စိုက်ပျိုးရေးကောလိပ်မှာ သင်ကြားခဲ့ပြီး စီးပွားရေးပညာနဲ့ ဘွဲ့ရခဲ့ပါတယ်။  ၂၀၁၄မှာ အသက် ၉၁ နှစ်ရှိပြီး၊ ဖောဘက် ချမ်းသာစာရင်းအရ ၁၄ ဘီလျံ ရှိပါတယ်။ ဇနီးသည် ဟိုပိုလင်းနဲ့ သားသမီး  ၈ ဦးရှိပါတယ်။ မလေးရှားနိုင်ငံမှာ သကြားစက်လုပ်ငန်း၊ စားသောက်ကုန်လုပ်ငန်းများ နဲ့ သကြားဘုရင်အဖြစ် ကြွယ်ဝချမ်းသာလာပြီး၊ ၂၀၀၂ နှစ်ကတည်းက အရှေ့တောင်အာရှ အချမ်းသာဆုံး ဖြစ်လာပါတယ်။ မလေးရှားမှာ ဆီအုန်းလုပ်ငန်းကိုလည်း အကြီးကျယ်လုပ်ကိုင်ခဲ့ပါတယ်။ သကြားစက်လုပ်ငန်းကထွက်ခွာပြီး၊ စီးပွားရေးလုပ်ငန်းများစွာ လုပ်ကိုင်ခဲ့တာ သင်္ဘောလုပ်ငန်း၊ ဟိုတယ်ခရီးသွားလုပ်ငန်း၊ ငွေကြေးလုပ်ငန်း၊ စက်ရုံမျိုးစုံနဲ့ နောက်ဆုံးကမ္ဘာ့ကမ်းလွန်ရေနံဓာတ်ငွေ့လုပ်ငန်းအထိ သူ့ဆွေမျိုးများနဲ့ စီးပွားရေးအင်ပါယာ တည်ထောင်ထားပါတယ်။ စင်ကာပူ၊ ဟောင်ကောင် ရှန်ဂရီလာ 5  ဟောတယ်များအုပ်စုကို ဦးဆောင် တည်ထောင်ခဲ့သူဖြစ်ပါတယ်။ နောက်ဆုံး PACC OFFSHORE လုပ်ငန်းကို စင်ကာပူ စတော့အိတ်ချိန်းမှာ ၁.၈ ဘီလျံနဲ့ အများပိုင်ကုမ္ပဏီ ၂၀၁၄ ဧပြီလမှာ တည်ထောင်ပြီး ပြည်သူလူထံဆီက ဒေါ်လာ သန်း ၄၀၀ ရရှိသွားခဲ့ပါတယ်။ ကမ္ဘာ့ရေနံဈေး တရိပ်ရိပ်ကျဆင်းလာတာမို့ နောက်ဆုံး တည်ထောင်လိုက်တဲ့ PACC OFFSHORE ကုမ္ပဏီ စတော့ရှယ်ယာဈေး ၁.၁၅ ဒေါ်လာကနေ ၀.၆၇ အထိ ကျဆင်းသွားလို့၊ ကုမ္ပဏီ ကမ္ဘာ့ရေနံဓါတ်ငွေ့ ကုမ္ပဏီများစွာ ဒေဝါလီခံရမယ့်အခြေအနေမှာ ပါမသွားအောင် သူဌေးကြီးက ထောက်ပံ့ပေးနေရပါတယ်။

ဟောင်ကောင်မှာ လာဘ်စားမှုနဲ့ ထောင် ၅ နှစ်ကျသွားတဲ့ ဘီလျံနာသူဌေးကြီးကတော့ ရောဘတ်ကွပ်ထက် အသက် ၂၀ လောက် ငယ်တဲ့ ညီငယ်တစ်ဦးဖြစ်ပါတယ်။ သူလည်းပဲ ဘီလျံနာဖြစ်ပါတယ်။ ဟောင်ကောင်ကတဆင့် တရုတ်ပြည် စီးပွားရေးလုပ်ငန်းများစွာကို လုပ်ကိုင် ရင်း၊ အကြောင်းမလှတော့ ရာထူးပြုတ်သွားသူ နံပါတ် (၂) ဟောင်ကောင်ခေါင်းဆောင်နဲ့ ပေါင်းသင်းလုပ်ကိုင်မှုကိုဖော်ထုတ်ပြီး၊ ထောင် ကျအရေးယူခြင်းခံလိုက်ရခြင်း ဖြစ်ပါတယ်။ မောင်နှမ ရှစ်ယောက်ရှိတာ အားလုံး မိသားစု စီးပွားရေးအင်ပါယာကြီးကို ရှယ်ယာအများဆုံးပိုင် ဆိုင် ကြီးစိုးထားတဲ့ တိုင်ကွန်းသူဌေးမိသားစု ဖြစ်ပါတယ်။

မြန်မာပုံပမာ ကျေးညီနောင်ကို ပြန်သတိရပါတယ်။ လူဆိုးတွေနဲ့ပေါင်းသင်းတဲ့ ကျေးငှက်ကတော့ လူဆိုးစရိုက်၊ စကားကြမ်းတွေ ပြောတတ် နေပါတယ်။ ဘုန်းကြီးကျောင်းရောက်သွားတဲ့ကျေးငှက်ကတော့ ယဉ်ကျေးတဲ့စကားတွေ ပြောပါတယ်။ ကွပ်သူဌေးနှစ်ယောက်မှာ လော လောဆယ်တော့ ဟောင်ကောင်သူဌေးက နာမည်ပျက်သွားပြီး၊ စင်ကာပူသူဌေးကြီးကတော့ နာမည်မပျက်ပါဘူး။ ဘယ်သူဌေးကို ရွေး မလဲ..။

● သူဌေးနဲ့ အာဏာပိုင်ဆိုတာ
ရှေးကုသိုလ်အရ ဖြစ်ရတာမို့ ဘာမှပြောစရာမရှိပါဘူး။ စီးပွားရေးလောကဆိုတာက ဖြောင့်မတ်သူ၊ အနည်းဆုံးလောက ဖြစ်ပါတယ်။ အမြတ်အစွန်း မျှတအောင်ယူပြီး၊ ကိုယ့်အလုပ်သမားများရဲ့ စားဝတ်နေရေး၊ ရောင့်ရဲတင်းတိန်ရေးတွေကို လမ်းပြနိုင်တဲ့ သူဌေးတွေများစွာ ရှိပါတယ်။ ဒါပေမယ့် အများစု သူဌေးဆိုတာကတော့ နံပါတ် (၁) အစိုးရကို အခွန်ရှောင်နည်းလမ်း ကျွမ်းကျင်ကြသူများလို့ ပြောရပါမယ်။ နံပါတ် (၂) ကတော့ အမြတ်အစွန်းရအောင်လုပ်တတ်သူများဖြစ်ပါတယ်။ အရေးကြီးတဲ့ နံပါတ် (၁) အခွန်မပေးတဲ့နည်းလမ်းများမှာ အာ ဏာပိုင်များကို ပေးကမ်းခြင်းနည်းလမ်းက တိုင်းပြည်ကို ပျက်ပြားစေပါတယ်။ အဂတိလိုက်စားမှုဆိုတာက ပေးတဲ့လူနဲ့ ယူတဲ့လူ နှစ်ဖက်ကို အဲဒီနိုင်ငံရဲ့ ဥပဒေ၊ တရားစီရင်ရေးက ခွင့်လွှတ်တဲ့ပုံစံဖြစ်အောင် လူတွေက လုပ်ထားပါတယ်။ လာဘ်ပေးသူကို အရေးယူရမလား၊ လာဘ် ယူသူကို အရေးယူရမလား .. မေးခွန်းကို ဖြေရမယ်ဆိုရင်၊ လာဘ်ယူသူကိုပဲ အရေးယူရမှာဖြစ်ပါတယ်။ အစိုးရလုပ်တဲ့လူ လာဘ်ယူတာကို ခွင့်ပြုထားတဲ့စနစ်မှာ သူဌေးကြီးတွေ တဟုန်ထိုးပေါ်လာတတ်ပါတယ်။ ဥပမာ မြန်မာနိုင်ငံ၊ တရုတ်နိုင်ငံ စီးပွားရေးမူဝါဒ ကမ္ဘာကိုဖွင့်ပေး လိုက်ချိန်မှာ အာဏာပိုင်များနဲ့ နီးစပ်တဲ့လုပ်ငန်းရှင်များ အထူးအခွင့်အရေး (လိုင်စင်၊ ပါမစ်များ) ရရှိပြီး သူဌေးကြီးများ ဖြစ်လာပါတယ်။ သူတို့ကို အခွန်ကောက်ဖို့စနစ်က အသက်မဝင်တော့ သူတို့ဘယ်လောက် ဝင်ငွေရတယ်ဆိုတာလဲ သိနိုင်ဖို့မလွယ်ပါဘူး။ ခရစ်ယာန် ကျမ်းစာမှာတော့ သူဌေးတွေများစွာ အမြင်မှန်ရရှိပြီး ပြောင်းလဲလာခြင်းများစွာ မှတ်တမ်းတင်ထားပါတယ်။ ဒါပေမယ့် ကျမ်းစာမှာ အတိ အလင်းရေးထားတာကတော့ ဥစ္စာရတတ်သူသည် ကောင်းကင်နိုင်ငံတော်သို့ဝင်ရန် ခဲယဉ်းသည်။ အဘယ့်ကြောင့်ဆိုသော် သူ့ဥစ္စာများ သည် ဤလောကတွင်ရှိသဖြင့် လောကကိုစွဲလမ်းသောကြောင့်ဖြစ်သည်လို့ ဆိုပါတယ်။  မှန်ကန်တဲ့ စီးပွားရေးသမား၊ နိုင်ငံရေးသများတွေဟာ ဘုရားမကြိုက်နှစ်သက်တဲ့ စီးပွားလုပ်ငန်းများကနေ ဘုရားကြိုက်နှစ်သက်တဲ့ လုပ်ငန်းများ၊ အုပ်ချုပ်သူများ ဖြစ်လာကြပါတယ်။ တကယ် တော့ နိုင်ငံအုပ်ချုပ်သူ၊ အာဏာပိုင်၊ ဘုရင်ဆိုသူဟာ နိုင်ငံမှာ အချမ်းသာဆုံး ဖြစ်ပါတယ်။ သူတို့ဆွေမျိုးတွေ မျိုးစဉ်တဆက်လုံး ဘုရင် လုပ်နိုင်ပြီး၊ ချမ်းသာကြွယ်ဝတဲ့ဘုရင်စနစ်ဟာ အခု ၂၀ ရာစုနောက်ပိုင်း၊ ပေါ်ပြူလာမဖြစ်တော့ပါဘူး။ ဒီမိုကရေစီစနစ်နဲ့ ရွေးကောက်တဲ့ အစိုးရဖြစ်လာချိန်မှာ မှန်ကန်တဲ့ သူဌေးကြီးများစွာ ပေါ်ပေါက်လာပါတယ်။

● ပြုပြင်ပြောင်းလဲခြင်း
အခု ရေနံဈေးတွေ တရိပ်ရိပ်ကျဆင်းလာပါတယ်။ ၂၀၀၇ လောက်မှာ ရေနံဈေး တစည်ဒေါ်လာ ၅၀၊ အခု ၂၀၁၄ မှာ ဒေါ်လာ ၁၀၀ ကျော် သွားတယ်။ နှစ်ဆတက်သွားအောင် ဘယ်သူတွေလုပ်ကြပါသလဲ။ အခု ရေနံဈေးပြန်ကျတော့ ရေနံဓာတ်ငွေ့လုပ်ငန်းလေးတွေ ပြိုလဲရပါဦး မယ်။ ၂၀၀၀ လောက်က အမေရိကန် ဆန်ဖရန်စစ္စကို အိမ်တလုံးဈေးနှုန်း ဒေါ်လာ ၁ သိန်းလောက်ပဲ ရှိတယ်။ နောက်ပိုင်း သမ္မတဘွတ် လက်ထက်၊ 9/11 နယူးယောက်မှာ အိုစမာဘင်လာဒင် အကြမ်းဖက်သမားများကြောင့် တွင်းတာဝါနှစ်ခု ပြိုလဲသွားပြီး၊ လူငါးထောင်ကျော် သေကြေပျက်စီးတယ်။ အိမ်ဈေးတွေလည်း ဒေါ်လာ ၄ သိန်းအထိ တက်သွားတယ်။ လူတွေ အိမ်တွေ ဈေးကြီးပေးပြီး ဝယ်ကြတယ်။ စီးပွားရေးကျဆင်းပြီး၊ အိမ်ဈေးတွေ တဝက်ပြုတ်ကျသွားတယ်။ လူများစွာ အိမ်ကိုပြန်အပ် ဒေဝါလီခံကြရတယ်။ သမ္မတဘွတ် အစိုးရအာ ဏာပိုင်များနဲ့ သူဌေးများ မပြိုလဲနိုင်ဘူးဆိုတဲ့ ကုမ္ပဏီဧရာမကြီးတွေတောင် ဒေဝါလီ5 ခံပြီး၊ နိုင်ငံငွေကြေးများကို ယိုပေါက်များကနေ ထုတ် ယူသွားချိန်ဖြစ်ပါတယ်။  အိုဘားမားအစိုးရတက်လာပြီး တိုင်းပြည်ပြုပြင်ပြောင်းလဲရေး လုပ်နေတာ အခု (၇) နှစ်ရှိသွားပြီဖြစ်ပါတယ်။ အခြေအနေ အသင့်တင့် ကောင်းလာပေမဲ့ ငွေရှင်၊ အာဏာရှင်များနဲ့ အမေရိကန်မျိုးချစ်ပုဂ္ဂိုလ်၊ ပညာတတ်များ၊ ဘာသာရေးသမားများ ရှုပ်ထွေးနေဆဲဖြစ်ပါတယ်။ ဘာပဲဖြစ်ပါစေ.. အမေရိကန်ဟာ ကမ္ဘာဒီမိုကရေစီ ရှေ့ဆောင်နိုင်ငံ၊ ကမ္ဘာ့ပညာရေးထိပ်တန်းနိုင်ငံ၊ ကမ္ဘာ့စီးပွား ရေး အကောင်းဆုံးနိုင်ငံအဖြစ် ရှိနေဆဲဖြစ်ပါတယ်။
.
စီးပွားရေးသမားများစွာလည်း အစိုးရများနဲ့ အပြိုင်လုပ်ကိုင်ကြပါတယ်။ အစိုးရများကို ပံ့ပိုးပေးပြီး၊ အခွန်ငွေပေးခြင်း၊ အစိုးရရဲ့ ပညာရေး၊ လူမှုရေးလုပ်ငန်းများကို ပံ့ပိုးပေးခြင်းများ လုပ်ကိုင်ကြပါတယ်။ ဥပမာ.. ဒေါ်လာသန်းပေါင်းများစွာတန်တဲ့ ကမ္ဘာ့အကြီးဆုံးစိန်ကြီးကို ထိုင်းနိုင်ငံက စိန်ကုန်သယ် အီတာလီယံကုမ္ပဏီကြီးကဝယ်ပြီး၊ ထိုင်းဘုရင်ကို လက်ဆောင်ပေးပါတယ်။ ဒီတော့ သူတို့လုပ်ငန်းကို အစိုးရက စီးပွားလွတ်လပ်ခွင့်ပေးပါတယ်။

အခု ရေနံဈေးကို ၁၀ နှစ်အတွင် နှဆလောက် ဈေးတက်အောင်လုပ်သွားသူများ၊ အခု ဘယ်ရောက်သွားပြီလဲ။ ကုမ္ပဏီများစွာ ၂၀၁၅၊ ၂၀၁၆ အတွင်းမှာ ဒေဝါလီခံရပါတော့မယ်။ ရေနံနဲ့ဓါတ်ငွေ့လုပ်ငန်းမှာ ရေနံဈေးကစားနေသူများကတော့ အာရပ်နိုင်ငံများလို့ပြောနိုင် မလား။ မဟုတ်ပါဘူး။ ဝိသမလောဘသများ စီးပွားရေး ငွေကြေးကစားသူများဟာ ကမ္ဘာ့ထိပ်တန်း ရှဲ၊ မိုဘီး၊ တိုတယ်၊ ရှီဘာရွန်၊ ဘီပီ6 စတဲ့ ရေနံကုမ္ပဏီများရဲ့ ရှယ်ရာကို ကိုင်တွယ်ထားကြပါတယ်။ အစိုးရရဲ့ စတော့ရှယ်ယာဈေးကွက် နယူးယောက်၊ ဒေါင်ဂျုန်း၊ တိုကျို၊ ဟောင် ကောင်၊ ဂျာမဏီ၊ အင်္ဂလန် စတဲ့ စတော့ရှယ်ယာဈေးကွက်များက အင်မတန်ရှုပ်ထွေးပါတယ်။

● မြန်မာပြည်ပြုပြင်ပြောင်းလဲခြင်း
အစိုးရသစ် ၂၀၁၁ မှာ တက်လာပြီးတဲ့နောက် မထိန်းနိုင်တာကတော့ အိမ်ခြံမြေဈေးကွက်ကြီးဖြစ်ပါတယ်။ အမေရိကန်အိမ်ဈေး၊ ကမ္ဘာ့ရေနံ ဈေးတောင် ၂ ဆ၊ ၃ ဆ ဈေးတက်သွားအောင် ဝိသမလူတွေက လုပ်နိုင်သေးတာပဲ၊ မြန်မာနိုင်ငံ အိမ်ခြံမြေဈေးလောက်ကတော့ ဒီ ကမ္ဘာ့ချန်ပီယံတွေအတွက် အလွယ်ကလေးပါ။ အိမ်ကွင်းမှာပဲ ဘော်လုံးကန်နေတဲ့ မြန်မာအစိုးရ အရာရှိကြီးတွေ အဝေးကွင်းကန်ဖို့နေ နေသာသာ အိမ်ကွင်းမှာတောင် ပြည်သူလူထု အကျိုးစီးပွားကို မကာကွယ်နိုင်ရှာသေးပါဘူး။ ပြည်တွင်းက မြန်မာတတ်သိပညာရှင်တွေလည်း ကမ္ဘာ့ချန်ပီယံ စီးပွားရေးကုမ္ပဏီများနဲ့ မယှဉ်နိုင်ပါဘူး။ သူတို့ကုမ္ပဏီမန်နေဂျာက လစာ ဒေါ်လာသောင်းချီရတဲ့လူကြီးတွေ၊ မြန်မာအစိုးရ မန်နေဂျာကတော့ လစာ ဒေါ်လာ ၂၀၀ ပဲရတယ်ဆိုတော့၊ အစည်းအဝေးမှာ ဟန်ပဲရှိတယ်၊ ဉာဏ်မမှီရှာပါဘူး။ ပြည်ပရောက် မြန်မာပညာ ရှင်များလည်း ပြန်လာဖို့ မဖြစ်နိုင်ပါဘူး။ ပြည်တွင်းက ပညာရှင်များကို ပြည်ပလေ့လာရေး လနဲ့ချီပြီး ပို့ပေးဖို့ စစ်တပ်အရာရှိများကတော့ ရုရှား၊ ယူကရိန်းတွေကို သွားနေကြပါတယ်။ အစိုးရဝန်ထမ်းများမှာ ပြည်ပပညာသင်သွားဖို့ မဖြစ်နိုင်ပါဘူး။ သွားရင်လည်း ပြန်လာရင် အလုပ်ထွက်တဲ့ ပြဿနာလည်းရှိပါသေးတယ်။ အစိုးရဝန်ထမ်းလစာ ၂ သိန်း၊ အပြင်မှာ အတွေ့ကြုံရှိသူကို လစာ ၁၀ သိန်းအထက် ပေးနေတယ်။  ဒီလိုအားနည်းမှုတွေကြောင့် အရှေ့တောင်အာရှ ဈေးနှုန်းထက် ၂ ဆ၊ ၃ ဆ ဈေးတက်သွားတဲ့အတွက် နိုင်ငံတကာစီးပွားရေးလုပ်ငန်းများ ဝင်လာဖို့ တော်တော်ခက်ခဲသွာပါတယ်။ ဘယ်သူတွေက ဈေးကြီးအောင်လုပ်သလဲဆိုတာ နောက်ကြောင်းပြန်ဖို့ ထက်၊ သခန်းစာယူ ရှေ့ဆက်သွားဖို့ပဲ ရှိပါတယ်။ သေချာတာကတော့ အခုပုဂ္ဂလိကလုပ်ငန်းတွေမှာ မြန်မာနိုင်ငံတွင်းက ပညာရှင်များတော်တော် လွှမ်းမိုးလာတာကို မြင်ရပါတယ်။ ငွေ၊ စစ်အာဏာရှင်များက တဖက်၊ ပြုပြင်ပြောင်းလဲလိုသူများက တဖက်၊ ကြားထဲမှာ စရိုက်ဆိုး၊ စရိုက် ကြမ်းနဲ့ လူမျိုးဘာသာစွဲ တရားသေလက်ကိုင်ထားလူသူ တစ်အုပ်စုလည်း ရှိနေပါတယ်။ အဆိုးဆုံးကတော့ လူတိုင်းနီးပါး ငွေရဖို့ပဲ ဦးစားပေးနေတာ အလွန်ဝမ်းနည်းဖွယ်ဖြစ်ပါတယ်။

အစိုးရဌာနဆိုင်ရာ လူကြီးတဦးက ပြောပါတယ်။ သူက ဌာန ဒုညွန်ကြားရေးမှုးဆိုတော့ ဟိုတုန်းက အစိုးရပေးတဲ့၊ မြေကွက်၊ တယ်လီဖုန်း အစိုးရပေးတာတွေပဲရပါတယ်။ ဒါတွေပြန်ရောင်းစားရင်း သူများနဲ့တန်းတူ နေနိုင်ပါတယ်။ အခု အစိုးရသစ်တက်လာချိန် ပြည်နယ်တိုင်း များစွာက ဌာနဆိုင်ရာဦးစီးမှုးများက သူ့အတွက် မြေကွက်တွေချပေးတော့၊ အလိုလိုနေရင်း မြေကွက်များစွာပိုင်လာပါတယ်။ ဟိုး မြစ်ကြီးနား၊ လာရှိုး၊ ရန်ကုန်၊ မန္တလေး စတဲ့ စီးပွားကောင်းတဲ့နေရာတွေမှာရတဲ့ မြေတကွက်၊ ၂ ကွက်ကို ပြန်ရောင်းတာနဲ့ သိန်းပေါင်းများစွာ မကြုံစဖူး ရလာပါတယ်။ လာဘ်စားစရာမလိုပဲ ချမ်းသာလာတဲ့ အစိုးရအရာရှိတစ်ဦးပါ။ ဒီတော့ မြေကွက်ပိုင်တဲ့ သူကိုယ်တိုင်က မြေဈေး ကျသွားမှာ မလိုလားသလို ဖြစ်လာတယ်..လို့ဆိုပါတယ်။

နိုင်ငံခြားမှာနေတဲ့ ရေနံဓါတ်ငွေလုပ်ကိုင်သူ တဦးက မြန်မာ့ရေနံ၊ ဦးစီးဌာနတခုမှာ သူငယ်ချင်းများကစီစဉ်ပေးလို့ ဟောပြောပွဲလုပ်ပါတယ်။ အစိုးရ အငယ်တန်းအရာရှိတွေ၊ လုပ်ငန်းရှင်ပေါင်းများစွာ လာရောက်နားထောင်ကြပါတယ်။ နိုင်ငံတကာအဆင့်ရှိသူ ဟောပြောပွဲဆိုတော့ အရမ်းစိတ်ဝင်စားပါတယ်။ မြန်မာပြည်မှာ ရေနံဓါတ်ငွေ့လုပ်ငန်းကလည်း တော်တော်လေးဟော့တယ်ဆိုတော့… ဟောပြောပွဲမှာ .. ရွှေ ဂတ်စ် ရေနံပိုက်လိုင်း နိုင်ငံတကာအဆင့်မရှိပဲ တရုတ်နည်းပညာနဲ့ ဈေးချိုစွာ ဆောက်လုပ်ပေးခဲ့တယ်။ မြန်မာအစိုးရကိုတော့ ကမ္ဘာ့ရေနံ လုပ်ငန်း ကုန်ကျစရိတ်ထက်တောင် ပိုတောင်းတယ်။ ပြီးတော့ ဒေသခံများအတွက် ဘာမှလုပ်မပေးပဲ.. တရုတ်တွေပဲ ရှိတာအကုန်ယူ သွားတယ်ဆိုတာ ပြောရုံမက၊ စာပါရေးသားဖြန့်ဝေလိုက်မိတယ်။ ရလဒ်ကတော့ ဒီလူဆိုရင် နောက်တခါ အစိုးရဌာနဆိုင်ရာ မဖိတ်ကြား တော့ဘူး။ ဘလက်လစ်7 ဖြစ်သွားရှာတယ်ပေါ့။  အစိုးရဌာနတွေက သူ့ကိုလက်မခံလို့ သူကတော့ အစိုးရဆိုတဲ့လူတွေနဲ့ ဆက်ဆံမယ့်အစား ပုဂ္ဂလိကနဲ့ပဲ ဆက်ဆံတော့မယ်လို့ ဆိုပါတယ်။ မှန်ပါတယ်။

● နိဂုံး
.အစိုးရနဲ့လွှတ်တော်၊ အတိုက်အခံ၊ စစ်တပ်၊ တိုင်းရင်းသားလက်နက်ကိုင်များ၊ ပုဂ္ဂလိကစီးပွားရေး၊ အင်ဂျီအို၊ လူမှုရေးအဖွဲ့အစည်းများ 10 အခြေအနေတိုးတက်နေပါတယ်။ ဖြောင့်မတ်မှု စိတ်ဝိညာဉ်အကောင်းဆုံး လူသားများဖြစ်တဲ့ ဘာသာရေးအဖွဲ့အစည်းတွေလဲ တိုးတက် လာပါပြီ။ အစိုးရကသာ ဥပဒေတကယ်စိုးမိုးရင်တော့ နောက် ၂၀၁၅ နောက်ပိုင်းမှာ အစိုးရဆိုတာ ပုဂ္ဂလိကကုမ္ပဏီတွေကို မှန်ကန်တဲ့ အခွန်ကောက်တဲ့အဖွဲ့၊ ကောက်လို့ရတဲ့ ငွေ (ဘတ်ဂျတ်) ကို အဂတိ 8 နည်းစွာနဲ့ တိုင်းပြည်အတွက် အသုံးပြုမဲ့ အစိုးရအဖွဲ့ ဖြစ်လာမယ် လို့မျှော်လင့်ပါတယ်။ ဒါကတော့ အကောင်းမြင်ဝါဒပါ။ အဆိုးမြင်ဝါဒပြောရရင်တော့ မိတ်ဆွေတဦးက ပြောပါတယ်။ ပြုတ်သွားတဲ့လူတွေနဲ့ လက်ရှိလုပ်တဲ့လူတွေက ဖေါ်မြူလာတူ၊ ပုံစံတူနေတော့ သောက်ရတာလည်း ဖန်တန်တန် ဖြစ်နေမှာပဲ .. ဒီလူတွေ ဘယ်တော့မှ ကော်ထုတ် တောင် မထွက်ဖူး၊ အမ်အိုင်စီ၊ အက်အိုင်စီ 9 ၊  ဦးပိုင် စတဲ့ ငွေကြေးလာဘ်အများကြီးရတဲ့ အဖွဲ့တွေပဲ လူတွေမပြောင်းလဲပဲ ကြီးစိုးနေဦးမယ် လို့..အဆိုးမြင်သမားတွေက ပြောပါတယ်။

သမ္မတဦးသိန်းစိန် အစိုးရလက်ထက် ဥပဒေတွေ များစွာပြုစုကြပါတယ်။ ဘယ်နိုင်ငံမှာမှမလုပ်တဲ့ တလင်တမယား ဥပဒေတွေနဲ့ အလုပ်ရှုပ် နေကြတယ်။ မြေဈေးကစားမှု၊ သိမ်းဆည်းခံရမှုများကြောင့် တနိုင်ငံလုံး တောင်သူလယ်သမား ခက်ခဲနေရရှာပါတယ်။ လယ်ယာမြေဥပဒေ၊ အဂတိတိုက်ဖျက်ရေး ဥပဒေတွေ ပြဌာန်းပြီး အကောင်ထည်ဖော်နိုင်မယ့်အချိန် မျှော်လင့်နေပါတယ်။ အကျိုးသိပ်မရှိတဲ့ ဥပမာ . တလင် တမယား၊ ထောင်ချမယ်လုပ်တဲ့ ထိမ်းမြားမှုဥပဒေတွေထက်  လူတွေအလုပ်ကိုင်ရလာဖို့ပဲ လိုပါတယ်။ အခုတော့ အလုပ်မရှိတဲ့လူတွေ အလုပ်များနေကြတယ်၊ ဘာသာရေးအဓိကရုဏ်းတွေ လုပ်သူများ၊ မြေယာအဓိကရုဏ်းလုပ်နေကြသူများ အလုပ်များနေကြပါတယ်။ အလုပ်လက်မဲ့ ပြဿနာရှင်းဖို့က အလုပ်ကိုင်ဖန်တီးရေး၊ နိုင်ငံဘတ်ဂျတ်ကို အဆောက်ဦချည်းဆောက်မဲ့အစား၊ လူများများအလုပ်ပေးနိုင်မဲ့ စားသောက်ကုန်စက်ရုံလုပ်ငန်း ခွင့်ပြုဖို့ ၊ ရင်းနှီးမြှုပ်နှံမှုဥပဒေကို လျှော့ပေးဖို့၊ ဒီဌာနဆိုင်ရာလူတွေပဲ ပေါ်လစီပြောင်းပေးရမှာ ဖြစ်ပါတယ်။ အစိုးရဝန်ထမ်းများ အကျင့်ကောင်းလာဖို့ကတော့ လစာမတိုးပဲ၊ စားဝတ်နေရေး၊ အိမ်ယာဖန်တီးပေးရမှာဖြစ်ပါတယ်။ လက်တွေ့အ ကောင်ထည်ဖေါ်ဖို့၊ အဂတိတိုက်ဖျက်ရေးအဖွဲ့ကို သြဇာကြီးအောင် လုပ်နိုင်မယ့်အချိန်၂၀၁၅ နောက်ပိုင်း ဖြစ်လာမယ်လို့မျှော်လင့်နေပါ တယ်။ ဒါမှမဟုတ်ရင် ကျနော်တို့ ပြည်ပအိမ်ဖော်၊ သင်္ဘောသား၊ အင်ဂျင်နီယာ၊ အိုင်တီ၊ ဆရာဝန်သူနာပြု၊ သံဂဟေ၊ အလုပ်သမား ဈေးကွက်တွေမှာ ဖဦးထုပ်လို့ခေါ်တဲ့ ဖိလစ်ပိုင်ကို အပြိုင်ယှဉ်လိုက်နေရဦးမှာဖြစ်ပါတယ်။

လောလောဆယ်တော့ မြန်မာပြည်မှာ သူဌေးမြောက်များစွာ ပေါ်ထွက်လာနေပါတယ်။  ဒဏ်ပေးခံရတာမရှိပဲ ဘယ်သူဌေးကို ဆုပေးပြီး၊ ဘယ်သူဌေးကို ရွေးမလဲ။

1. Thomas Kouk,
2. Rafael Hui,
3. FDI – Foreign Development Investment ,
4. Robert Kouk  , 5.Bankrupcy    ,
6.Shell, Mobil, Total, Chevron, BP ,
7.Black List,
8.Corruption
9.MIC Myanmar Investment Committee, FIC Foreign Investment Committee ,
10. Institution


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts