မှတ်စုမှတ်တမ်း

ခင်မောင်စော (ဘာလင်) – မြန်မာစကားတွင်ပျောက်ကွယ်သွားလုပြီ ဖြစ်သည့် မွေးစားဝေါဟာရများ (အပိုင်း ၂၊ နိဂုံး)

ခင်မောင်စော (ဘာလင်) –  မြန်မာစကားတွင်ပျောက်ကွယ်သွားလုပြီ ဖြစ်သည့်  မွေးစားဝေါဟာရများ (အပိုင်း ၂၊ နိဂုံး)

(မိုးမခ) ဒီဇင်ဘာ ၂၄၊ ၂၀၁၄

(ယမန်နေ့က အဆက်)


ဃ။ ဗြိတိသျှကိုလိုနီခေတ်ပေါ်ရောပြွန်းထားသော ဝေါဟာရများ

၁။ ဂါတ်တဲ

အင်္ဂလိပ်စကား Guard ကို “ဂါတ် “ဟုအသံလှယ်ထားပြီး မြန်မာစကားလုံး “တဲ” နှင့် ပေါင်းစပ်ထားခြင်း ဖြစ်ပါသည်။ ဗြိတိသျှကိုလိုနီခေတ် ကပုလိပ်ရုံးဟု၎င်း၊ ဟင်ဒူစတန်နီစကားမှလာသော “ဌာနာ”ဟု၎င်း အရပ်သုံးစကားလုံးများပေါ်ခဲ့ပါသည်။ Sub-inspector of Police ကိုအတိုကောက် အက်စ်အိုင်ပီ (S.I.P) ဟူ၌၎င်း၊ မြန်မာဘာသာဖြင့် ရာဇဝတ်အုပ် ဟူ၌၎င်း၊ Inspector of Police ကိုအတိုကောက် အိုင်ပီ (I.P) ဟူ၌၎င်း၊ မြန်မာဘာသာဖြင့်ဌာနာအုပ် ဟူ၌၎င်း ခေါ်ခဲ့ကြသည်။  လွတ်လပ်ရေးရပြီးချိန်က Burma Policeကိုမြန်မာမှုပြုပြီး မြန်မာနိုင်ငံရဲအဖွဲ့၊ “ဌာနာ”ကို ” ရဲဌာန”ဟုပြောင်းကာ အက်စ်အိုင်ပီကို ရဲအုပ်၊ အိုင်ပီကို ရဲမှူး ဟုပြောင်းသော်လည်း အရပ်သုံး စကားတွင်မူ ပုလိပ်ရုံး၊ ဂါတ်တဲ၊ အက်စ်အိုင်ပီ၊ အိုင်ပီ ဟူသောအသုံးများမပျောက်ကွယ်ပါ။

ရဲနှင့်သက်ဆိုင်သော ရုံးသုံး ဝေါဟာရများသည်မြန်မာဘာသာ၌ပြောင်းလဲမှုအများဆုံး ဝေါဟာရများထဲ တွင်ပါသည်။ တော်လှန်ရေးကောင်စီအစိုးရတက်စက ရဲအုပ် (S.I.P) ကို ဒုလုံခြုံရေးမှူး၊ ရဲမှူး (I.P) ကို လုံခြုံရေးမှူး၊  Deputy Superintendent of Police (Dy.S.P) ရဲဝန်ထောက် ကို ဒု ကြီးကြပ်ရေးမှူး၊ District Superintendent of Police (D.S.P) ခရိုင်ရဲဝန်ကို  ကြီးကြပ်ရေးမှူး၊ စသည်ဖြင့် အခေါ်ပြောင်း သော်လည်း ၎င်းအခေါ်များသည် ငါး နှစ်ပင်မခံပါ။

မဆလခေတ်တွင် မြန်မာနိုင်ငံရဲအဖွဲ့ကို ပြည်သူ့ရဲတပ်ဖွဲ့ ဟုအမည်ပြောင်းပြီး ဂါတ်တဲကို ရဲစခန်းဟု၎င်း၊  Police Constable (PC) or Policeman ရဲသားကို ရဲတပ် သား ဟု၎င်း၊  High Constable (HC) ရဲကြပ်ကို ရဲတပ်ကြပ်ဟု၎င်း၊ Sub-inspector of Police (S.I.P)ကို ရဲအုပ် မှ ဒုရဲအုပ် ဟု၎င်း၊  Inspector of Police အိုင်ပီ (I.P) ကို ရဲမှူး မှ ရဲအုပ်ဟု၎င်း၊ Deputy Superin-tendent of Police (Dy.S.P) ကို ရဲဝန်ထောက်မှ ဒုရဲမှူး ဟု၎င်း၊ District Superintendent of Police (D.S. P) ခရိုင်ရဲဝန်ကို ရဲမှူး (Police Major) ဟု၎င်း၊ Deputy Commissioner of Police လက်ထောက် ရဲမင်းကြီးကို ဒုရဲမှူးကြီး (Police Lt. Colonel) ဟု၎င်း၊  Commissioner of Police  ရဲမင်းကြီး ကို ရဲမှူးကြီး (Police Colonel) ဟု၎င်း၊  ပြောင်းခေါ်ကာ စစ်တပ်ပုံသွင်းသည်။  နဝတခေတ် Burma မှ Myanmar သို့ ပြောင်းချိန်မှပြီး Myanmar Police ဟုအင်္ဂလိပ်လိုခေါ်တွင်စေပြီး  မြန်မာဘာသာဖြင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဟုခေါ်သော်လည်း ရာထူးအခေါ်အဝေါ်များ၊ ရဲစခန်းစသည်တို့ကိုမူ ဆက်သုံးသည်။

စခန်းသည်ခေတ္တကွန်းခိုရာသာဖြစ်သည်။ အမြဲနေရသည့်နေရာမဟုတ်ပါ။ ခဏနားပြီးရှေ့ဆက်ရပါမည်။ “ကျိုက်ထီးရိုးဘုရားအတက် ရေမြောင်ကြီးစခန်းမှာနားမယ်” ဟု ကျိုက်ထီးရိုးဘုရားဖူးများပြောလေ့ရှိ သည်။ “စစ်ဆင်တွေ တသီတတန်းနဲ့ စစ်စခန်းချရာမြေ”ဟုပြည်လှဖေ၏ နတ်ရှင်နောင်သီချင်းတွင်လည်း ပါပါသည်။ မှန်ပါသည်။ ရှေ့သို့ဆက်၍စစ်ချီရပါဦးမည်။ စခန်းသည် စစ်တပ်၊ စစ်ပုလိပ်တပ်၊ စစ်ရဲတပ်များ အတွက်မှန်သော်လည်း ပုလိပ် (ဝါ) ရဲ အတွက်မှာ မမှန်၊ မဆီလျော်ပါ။ အင်္ဂလိပ်စကားတွင် camp သည် စခန်းဖြစ်သည်။ Police Camp ဟုမသုံးဘဲ Police Station ဟုသာသုံးပါသည်။ လမ်းမတော် ပုလိပ်ရုံး၊ အလုံဂါတ်တဲ၊ ကမာရွတ်ဌာနာ၊   ပုစွန်ထောင်ရဲဌာန၊ စသည်တို့မှာ အင်္ဂလိပ်ခေတ်မှယနေ့တိုင် အနှစ်တ ရာခန့် အတည်တကျ အမြဲနေနေခဲ့ရသည့်နေရာဖြစ်ပါသည်။ ခေတ္တကွန်းခိုရာစခန်းမဟုတ်ပါ။ မဆလ ခေတ်မှစ၍ ဌာနတိုင်းကိုစစ်ပုံသွင်းကာ စက်ရုံလက်ထောက်အင်ဂျင်နီယာကို အလုပ်ရုံခွဲမှူး (တပ်ခွဲမှူးကိုတု ထား) စသည်တို့လုပ်လာရာမှ မြန်မာစာနှင့်စကားလည်းပျက်ကာ ရဲစခန်း ဖြစ်လာရလေတော့၏။

၂။ စက်ရှင်မင်းကြီး

အင်္ဂလိပ်စကား Session Judgeကို “စက်ရှင် “ဟုအသံလှယ်ထားပြီး မြန်မာစကားလုံး “မင်းကြီး” နှင့်  ပေါင်းစပ်ထားခြင်းဖြစ်ပါသည်။”မင်းကြီး”ဟုခေါ်ထားသော်လည်း အမှန်တွင် ဗြိတိသျှကိုလိုနီခေတ်က Session Judge များသည် ရာထူးအဆုံးတွင် “ဝန်” သို့မဟုတ် “အရေးပိုင်”ထည့်ခေါ်သော ခရိုင်အဆင့် အရာရှိသာဖြစ်သည်။ ဥပမာ၊ သစ်တောဝန် (ဝါ) သစ်တောအရေးပိုင်။ ရာထူးအဆုံးတွင် “မင်းကြီး”ထည့် ခေါ်ရသော တိုင်းအဆင့် အရာရှိမဟုတ်ချေ။

၃။  ကော်မရှင်နာမင်းကြီး

အင်္ဂလိပ်စကား Commissionerကို “ ကော်မရှင်နာ “ဟုအသံလှယ်ထားပြီး မြန်မာစကားလုံး “မင်းကြီး” နှင့်  ပေါင်းစပ်ထားခြင်းဖြစ်ပါသည်။  မြန်မာလို “တိုင်းမင်းကြီး” ဟုဘာသာပြန်ကြပါသည်။ ထို့ကြောင့် Commissioner of Police ကို  တိုင်းရဲမင်းကြီး ဟုခေါ်ခဲ့ကြသည်။

၎။ စစ်ပုလိပ်

မြန်မာစကား “စစ်” နှင့်  အင်္ဂလိပ်စကား Policeကို “ပုလိပ်”ဟု အသံလှယ်ထားပြီးပေါင်းစပ်ထားခြင်းဖြစ် ပါသည်။  မူရင်းအင်္ဂလိပ်စကားမှာ Paramilitary Police Force  ဖြစ်သည်။ စစ်တန်းလျားတွင်နေရပြီး စစ် တပ်သဖွယ်တာဝန်ထမ်းရသော လက်နက်ကိုင်ပုလိပ်တပ်ဖြစ်သည်။ ဗြိတိသျှကိုလိုနီခေတ်တွင် စစ်ပုလိပ် များ၏ ၈၀%ခန့်မှာ ကုလားများဖြစ်သည်။  မြန်မာပြည်တွင်သာမက အာဖရိကတိုက်ရှိ ဗြိတိသျှ ကိုလိုနီ  နိုင်ငံတိုင်း၌  တော်လှန်ရေးများ၊ သပိတ်၊ ဆန္ဒပြပွဲများကို ကုလားများဖြင့်ဖွဲ့ထားသော စစ်တပ်၊ စစ်ပုလိပ် တပ်၊ ပုလိပ်များဖြင့် နှိမ်နင်းခဲ့သဖြင့် ယနေ့တိုင် ၎င်းနိုင်ငံများတွင် တိုင်းရင်းသားများက ကုလားများကို မနှစ်သက်ကြပေ။

နိုင်ငံတိုင်း၌ ကြည်းတပ်၊ ရေတပ်၊ လေတပ်၊ ကမ်းတက်တပ်တို့သည် ကာကွယ်ရေးဝန်ကြီးဌာနအောက် တွင်ရှိပြီး  စစ်ပုလိပ်တပ်နှင့်အလားတူ လက်နက်ကိုင်များမှာ ပြည်ထဲရေးဝန်ကြီးဌာနအောက်တွင်ရှိသည်။  မြန်မာပြည်တွင် ဖဆပလ အစိုးရခေတ်က  ပြည်ထဲရေးဝန်ကြီးဌာနအောက်တွင် အတိုကောက် ယူအမ်ပီ U.M.P ဟုခေါ်သည့် Union Military Police Force ပြည်ထောင်စု စစ်ရဲတပ်၊ အရပ်သုံးစကားတွင် လဲဗျီး (Levies) ဟုခေါ်သည့် စစ်ဝန်ထမ်းတပ်၊ အတိုကောက် ဘီတီအက်ဖ် (B.T.F) Burma Territorial Force ခေါ် ဗမာ့နယ်စပ်စောင့်တပ်၊ ပျူစောထီး  ဟုခေါ်သည့် ကာကွယ်ရေးတပ်များရှိခဲ့ဘူးသည်။ တပ်အားလုံး ပေါင်းလိုက်လျှင်ကြည်းတပ်ရှိတပ်သားဦးရေနီးပါးရှိခဲ့သည်။ ၎င်းတပ်များတွင် တပ်ရင်း ၂၅ ရင်းရှိသော ယူအမ်ပီ U.M.P ဟုခေါ်သည့် ပြည်ထောင်စု စစ်ရဲတပ်သည် အင်အားအကြီးဆုံးဖြစ်ပြီး စက်သေနတ်များ၊ သံချပ်ကာကားများ (Armoured Cars) နှင့်စိန်ပြောင်းများအထိရှိခဲ့သည်။

ဖဆပလ အစိုးရခေတ်ကောင်း စဉ်က ကျားကြီးဦးဗဆွေ ၊ ဦးကျော်ငြိမ်း၊ ဗိုလ်ခင်မောင်ကလေး၊ စသောဆိုရှယ်လစ်ခေါင်းဆောင်များက ၎င်း၊ ဗိုလ်မှူးအောင်၊ ဗိုလ်မင်းခေါင်စသော ရဲဘော်သုံးကျိပ်ဝင်ဝန်ကြီးများက၎င်း၊ စစ်တပ်ကတနေ့အာဏာ သိမ်းရန်ကြံခဲ့သော်ကာကွယ်နိုင်ရန် ပြည်ထောင်စုစစ်ရဲတပ်ကိုတိုးချဲ့ခဲ့သည်။ အရပ်သားများက စစ်ရဲတပ် သားများနှင့်ဗိုလ်များကို စစ်သား၊ စစ်ဗိုလ်ဟုသတ်မှတ်ထားသော်လည်း ကြည်းတပ်သားးများနှင့် ဗိုလ်များ ကမူ စစ်တပ်မဟုတ်၊ ပုလိပ်တပ်ဟုသတ်မှတ်ထားပြီးနှိမ်လေ့ရှိသည်။ စစ်ရဲတပ်သားများနှင့်ဗိုလ်များက လည်း ဖဆပလ အစိုးရအားကိုးနှင့်ပြန်တွယ်တတ်ကြ၍ ဘောလုံးပွဲ၊ လက်ဝှေ့ပွဲစသည်တို့ တွင် အသင်း  နှစ်သင်းဆုံတွေ့ကြလျှင်  ကြည်းတပ်သားများနှင့်စစ်ရဲတပ်သားများ ရန်ဖြစ်လေ့ရှိပြီး ထိုးပွဲ၊ ရိုက်ပွဲများဖြစ် တတ်သဖြင့် နှစ်တပ်လုံးမှတပ်ထိန်းများ၊ တပ်ရဲများ အထူးစောင့်ကြပ်ရသည်။

အိမ်စောင့်အစိုးရလက်ထက်၌ စစ်ဝန်ထမ်းတပ်များနှင့်ဘီတီအက်ဖ်များကို ကြည်းတပ်ထဲသို့ပေါင်းထည့် လိုက်သည်။ ပျူစောထီးတပ်ကိုလည်း “အရံရဲ” အဖြစ်ပြန်လည်ဖွဲ့စည်းလိုက်သည်။ ကြည်းတပ်မှ ဗိုလ်မှူး ကြီးမင်းသိန်းကို စစ်ရဲမင်းကြီး ခန့်ပြီး U.M.P ဟုခေါ်သည့် Union Military Police Force ပြည်ထောင်စု စစ်ရဲတပ်ကို ပြည်စောင့်ရဲတပ် Union Constabulary ဟုအမည်ပြောင်းလိုက်သည်။  စစ် (Military) ပါသောအမည် မထားလို၍ဖြစ်ဟန်ရှိသည်။ စစ်ရဲတပ်သားများနှင့် ဗိုလ်များက ကြည်းတပ်က သူတို့ကို လာပြီးဗိုလ်ကျသည်ဟုယူဆကာ မကြေနပ်ကြပေ။  စစ်ရဲတပ်မှအရာရှိ အချိ့ကို ၁၉၅၈ ခု အိမ်စောင့် အစိုးရမတက်နိုင်စေရန် ကြည်းတပ်ကိုတိုက်ရန်ကြံသည် ဆိုပြီးရုံးတင်စစ်ဆေးသည်။ သန့်ရှင်းဖဆပလ အစိုးရခေတ်က ပြည်ထဲရေးဝန်ကြီး ရဲဘော်သုံးကျိပ်ဝင်  ဗိုလ်မင်းခေါင်ကို အရေးယူလို၍ဖြစ်သည်။ တည် မြဲဖဆပလဘက်ယိမ်းသော  အထောက်တော်ဦးအုန်းမြင့်က “ခက်ဖွယ် ရယ်ကြုံပါတယ်။ လက်နက်ကယ် စုံအညီနဲ့” အမည်ဖြင့်စာအုပ်ရေးသားထုတ်ဝေသည်။ ၎င်းအမှုမပြီးမီ ရွေးကောက်ပွဲ၌ သန့်ရှင်းဖဆပလ အနိုင်ရပြီး  ဗိုလ်မင်းခေါင် ပြည်ထဲရေးဝန်ကြီးပြန်ဖြစ်သဖြင့် အမှုပြီးသွားသည်။

နောက်ပိုင်းတွင် ကြည်း တပ်မှ ဗိုလ်မှူးကြီးတန်ယုဆိုင် ပြည်စောင့်ရဲတပ်မှူးချုပ်ဖြစ်လာသည်။ ၁၉၆၂ မတ်လ စစ်တပ်က အာဏာ သိမ်းပြီးအောက်တိုဘာလဆန်းတွင်  ပြည်စောင့်ရဲတပ် Union Constabulary ကိုဖျက်သိမ်းကာ တပ် ရင်းပေါင်းအစိတ်လောက်ကို ကြည်းတပ်ထဲသို့ပေါင်းထည့်လိုက်သည်။ ပြည်စောင့်ရဲတပ်မှ ဒုဗိုလ်မှူးကြီး အဆင့်ရှိသူများကို ကြည်းတပ်၌ဗိုလ်မှူး၊  ပြည်စောင့်ရဲတပ်မှ ဗိုလ်မှူးအဆင့်ရှိသူများကို  ကြည်းတပ်၌ ဗိုလ်ကြီး၊  ပြည်စောင့်ရဲတပ်မှ ဗိုလ်ကြီး အဆင့် ရှိသူများကို ကြည်းတပ်၌ဗိုလ်၊ စသည်ဖြင့် ရာထူးတဆင့် စီချလိုက်သော်လည်း ပြည်စောင့်ရဲတပ်မှဗိုလ်နှင့် အောက်တပ်သားအဆင့်အထိကိုမူ မူလရာထူးအတိုင်း လွှဲပြောင်းလက်ခံသည်။

၅။  ဒေါက်ကတ်လှည်း

အင်္ဂလိပ်စကား Dog Cartကို “ ဒေါက်ကတ်”ဟု အသံလှယ်ထားပြီး  မြန်မာစကားလုံး”လှည်း” နှင့်  ပေါင်းစပ်ထားခြင်းဖြစ်ပါသည်။ ” ဒေါက်ကတ်”ဟုခေါ်ထားသော်လည်း အမှန်တွင်  မြင်းဆွဲသောလှည်း သာဖြစ်သည်။ ခွေးဆွဲသောလှည်းမဟုတ်ပါ။  အင်္ဂလိပ်အဘိဓာန်က “a light, two-wheeled, horse-drawn vehicle for ordinary driving, with two transverse seats back to back, and originally having a box under the rear seat for carrying a dog.” ဟုအနက်ပေးထားပါသည်။ ဆရာကြီးရွှေ ဥဒေါင်း၏ဝထ္ထုများတွင် ဒေါက်ကတ်လှည်းဆိုသောစကားလုံး ပါလေ့ရှိသည်။

၆။ ပလိပ်ရောဂါ

အင်္ဂလိပ်စကား Plagueကို “ပလိပ်”ဟုအသံလှယ်ထားပြီး ပါဠိမှမွေးစားထားသည့် မြန်မာစကားလုံး “ရော ဂါ ” နှင့် ပေါင်းစပ်ထားခြင်းဖြစ်ပါသည်။  ကြွက်များမှတဆင့် လူများထံကူးစက်တတ်သည့်ကပ်ရောဂါဖြစ် သည်။  မြန်မာအသံထွက်တွင် “ပုလိပ်” (police) နှင့်တူနေသဖြင့် ရဲအဖွဲ့ဝင်ဖြစ်နေသောသူငယ်ချင်းကို “ဟေ့ကောင်၊ မင်းပလိပ်ဖြစ်နေတယ်ဆို” ဟူသော အဓိပ္ပါယ်နှစ်ခွထွက်သည့်မေးခွန်းဖြင့်နောက်လေ့ရှိ သည်။

င။ ဘန်းစကားများ

၁။ နတ်သမီး

အင်္ဂလိပ်ခေတ်ကစ၍ ပြည်သူပိုင်သိမ်းအပြီး ၆၇ခုလောက်အထိ နတ်သမီးတံဆိပ်ပါသော သစ်သားမီးချစ် များရှိခဲ့သည်။ ဘူးခွံစက္ကူနီပေါ်၌ နတ်သမီးရုပ်ကလေးနှင့် “ဥတုသုံးပါးခံသည်” ဟုရေးထား၏။ မိုးဥတု၌ အစိုမပြန်၊ ဆောင်းရာသီတွင် အေးသော်လည်းမီးတောက်လွယ်သည်။ နွေဥတု၌ပူပြင်းသော်လည်း မိမိ အလိုအလျောက် မီးထမတောက်နိုင်ပါ ဟုဆိုလိုသည်။  သို့ရာတွင်ကာလသားများက “ဥတုသုံးပါးခံသည်” ဆိုသည့်စကားကို ကိုယ်လိုရာဆွဲတွေးပြီး ” ပြည့်တန်ဆာ”ကို “နတ်သမီး” ဟုဘန်းစကား၌ခေါ်ကြသဖြင့် “နတ်သမီး”ဟူသောဘန်းစကားပေါ်လာသည်။

၂။ ဂျစ်လေဒီ

ဂျပန်ခေတ်ပြီးစ အင်္ဂလိပ်တပ်များဝင်လာချိန်ကပေါ်ခဲ့သောဘန်းစကားဖြစ်သည်။  မြန်မာများထွင်သော အင်္ဂလိပ်ဝေါဟာရ Jeep Lady ကို “ဂျစ်လေဒီ” ဟု အသံလှယ်ထားခြင်းဖြစ်ပါသည်။ မဟာမိတ်တပ်များ က စစ်ဗိုလ်များ Jeep ဂျစ်ကားစီးချိန်ဖြစ်သဖြင့် ၎င်းစစ်ဗိုလ်များနှင့်ပေါင်း၍ ဂျစ်ကားစီးပြီး ခန္ဓာကိုယ်နှင့် ရင်းကာ “ပိုက်ဆံရှာ”သည့်မိန်းမဟုအဓိပ္ပါယ်ရသော Jeep Lady ဂျစ်လေဒီ ဆိုသည့် ဘန်းစကားပေါ် ခဲ့သည်။

၃။ “ပြည်တော် သာသွားပြီ”

ဖဆပလ အစိုးရခေတ်က “ပြည်တော်သာ”စီမံကိန်းကိုအစွဲပြု၍ပေါ်လာသောစကားဖြစ်သည်။ ပြည်တော် သာကား၊ ပြည်တော်သာတိုက်၊ ပြည်တော်သာကျောင်း ဆိုသည့်စကားလုံးများပေါ်ခဲ့ပါသည်။ “ပြည်တော် သာသွားပြီ” ဟူသောဘန်းစကားလည်းပေါ်လာသည်။ အဆင်ပြသွားပြီ၊ ဇိမ်ကျသွားပြီ ဟုဆိုလိုသည်။ ဥပ မာ။ “ဒီငနဲနဲ့ငတိမ အစကမိဘသဘောမတူဘူးဆို၊ အခုတော့ “ပြည်တော်သာသွားပြီ” ပါလား။

၎။ ကာတစ်နှင့်ဝါဟစ်  

ဗြိတိသျှကိုလိုနီခေတ်ကပေါ်ခဲ့သောမန္တလေးသုံးဘန်းစကားများဖြစ်သည်။ ဗြိတိသျှကိုလိုနီခေတ်က မန္တလေးမြို့လယ်၌ ကာတစ် (Curtis) ဆိုသူ၏ဆေးဆိုင်ရှိပြီး ဆေးဖေါ်သည့်ဆုံပုံနှင့် ကာတစ်ဆေးဆိုင် (Curtis Pharmacy)ဆိုသောဆိုင်းဘုတ်ကြီးရှိရာကာလသားများကကိုယ်လိုရာဆွဲတွေးပြီး မိန်းမတင်ပဆုံ ကို “ကာတစ်”ဟုဘန်းစကား၌ခေါ်ကြသည်။ ကာတစ်ဆိုသူ၏ဆေးဆိုင် နှင့်ကပ်လျက်တွင် “ဝါဟစ်” (Wahid) ဆိုသည့်ကုလားဆိုင်ရှိရာ ကာလသားများက မိန်းမရင်သားကို “ဝါဟစ်”ဟုဘန်းစကား၌  ခေါ်ကြလေတော့သည်။”ဒီစမူ ကာတစ်ရော ဝါဟစ်ပါ တယ်ဖြိုးပါလား” ဆိုသောဗြိတိသျှကိုလိုနီခေတ်က ပေါ်ခဲ့သောမန္တလေးသုံးဘန်းစကားသည်၎င်း၊ သဘင်သည်ဆိုင်းသမားများသုံးသော “ဘွဲ့ရော စည်ရော ကိတ်တယ်” ဆိုသောဘန်းစကားသည်၎င်း၊ ယခုခေတ်လူငယ်များသုံးနေကြသည့် “ဘီရာဂျီပါ အိုကေဘဲ” ဆိုသောဘန်းစကားသည်၎င်း၊ အနက်တူပင်ဖြစ်သည်။

၅။ ၇ မိုင်ခွဲရောက်နေပြီ

ရန်ကုန်မြို့ ရှစ်မိုင်တံတားလေးအရပ်တွင် စိတ္တဇဆေးရုံ (အရပ်အခေါ်”အရူးထောင်)ရှိသဖြင့် တယောက် ယောက်ကို “ကြောင်နေပြီ၊ ရူးတော့မယ်။  စိတ္တဇဆေးရုံရောက်ဖို့နီးနေပြီ”စသည်ဖြင့်နောက်လိုသောအခါ “သူကတော့  ၇ မိုင်ခွဲရောက်နေပြီ ” ဟုပြောလေ့ရှိသည်။ ရန်ကုန်သုံးဘန်းစကားဖြစ်သည်။

၆။ ယူပြန်ဘီတပ်

ဖဆပလ အစိုးရခေတ်က အတိုကောက် ယူအမ်ပီ U.M.P ဟုခေါ်သည့် Union Military Police Force ပြည်ထောင်စု စစ်ရဲတပ်ရှိခဲ့သည်။ စစ်ရဲတပ်များမှာ ဖဆပလ အစိုးရအဖွဲ့ဝင် ဆိုရှယ်လစ်ပါတီ၏ ခါးပိုက် ဆောင်တပ်များဟု နာမည်ကြီးသည်။ တက္ကသိုလ်ကျောင်းသားသမဂ္ဂ ရွေးကောက်ပွဲများ၌ “တပ်ဦး” က အမြဲနိုင်ကာ ဆိုရှယ်လစ်များထောင်ပေးသည့် “ရဲခေါင်”ကို ကျောင်းသားထုကြီးကမကြိုက်ကြ။ ထို့ကြောင့် ကျောင်းသားသပိတ်များ၊ ဆန္ဒပြပွဲများကို ပြည်ထဲရေးဝန်ကြီး ဗိုလ်ခင်မောင်ကလေးကိုယ်တိုင် စစ်ရဲများ ကိုဦးစီးပြီးဖြိုခွဲကာ စစ်ရဲတပ်ဌာနချုပ်၌ ကျောင်းသားစစ်ဆေး ညှင်းဆဲရေးစခန်းဖွင့်လှစ်လေ့ရှိကြောင်း စာရေးဆရာမကြီးဒေါ်ခင်ဆွေဦး၏ဝတ္ထုအချို့တွင်ပါပါသည်။

သင်္ကြန်အချိန်တွင် တက္ကသိုလ်နှင့် ကျောင်း ပေါင်းစုံကျောင်းသားတို့ သည် ယခုခေတ် ပြည်သူ့ ဥယျာဉ်ဖြစ်နေသည့် ပြည်ထောင်စုစစ်ရဲတပ်ဌာနချုပ် ရှေ့သို့သွားပြီး စစ်ရဲတပ်၏ အင်္ဂလိပ်အမည်မှာ Union Military Police (UMP) ဖြစ်သဖြင့်  မြန်မာသံဖြင့် “ယူအမ်ပီ” ဟု မခေါ်ဘဲ အဓိပ္ပါယ်ဖြင့် “ယူပြန်ဘီ” တပ်ဟုခေါ်ကာ “ယူပြန်ဘီတပ်လာမယ်ဆို၊ သမီးပျို လေးတွေ တခြားရွာတွေ  မြန်မြန်ပို့ကြ။ ယူပြန်ဘီတပ်ပြန်သွားရင်၊ ထဘီစုတ်မကျန်သယ်သွားဆိုဘဲ” စသည့်သံချပ်များထိုးကာ သရော်လေ့ရှိပါသည်။

၇။  စစ်ပုလိပ်ရောဂါ၊ ယူပြန်ဘီနာ

အင်္ဂလိပ်စကား ဆစ်ဖလစ် syphilis ကို “စစ်ပုလိပ်”ဟုအသံလှယ်ထားပြီး ပါဠိမှမွေးစားထားသည့် မြန်မာစကားလုံး “ရောဂါ ” နှင့် ပေါင်းစပ်ထားခြင်းဖြစ်ပါသည်။  ဗြိတိသျှကိုလိုနီခေတ်တွင် စစ်ပုလိပ်များ ကို ချဉ်နေသူများ က ချိုးနှိမ်သည့်သဘောနှင့်ထွင်ခဲ့ဟန်ရှိပါသည်။ ၎င်းကာလသားရောဂါအကြောင်း သုတေသနစခဲ့သူ အီတလီဆရာဝန် Giovanni Fracastoro (1478-1553) က ထိုရောဂါကို “ပြင်သစ် ရောဂါ၊ ပြင်သစ်နာ”ဟု ချိုးနှိမ်ခေါ်ခဲ့သည့်သဘောမျိုးပါပေ။ ဖဆပလ အစိုးရခေတ်က စစ်ပုလိပ်တပ်သည် ယူအမ်ပီဟုခေါ်သည့် စစ်ရဲတပ်ဖြစ်ပြီး ၎င်း”ယူပြန်ဘီတပ်”မှာလည်းကျောင်းသားထုကြီး၏ “ချဉ်ဖတ်” ဖြစ် ရကား ကျောင်းသားများ က “စစ်ပုလိပ်ရောဂါ” ခေါ် ဆစ်ဖလစ်ကို “ယူပြန်ဘီနာ”ဟု အမည်သစ်ထွင်ပေး လိုက်ကြတော့၏။ သူငယ်ချင်းတယောက်ယောက်နေမကောင်း၍ တက္ကသိုလ်ဆေးရုံသို့သွားလျှင် “ယူပြန် ဘီနာရလို့ ဒီကောင် ပင်နီစလင်သွားထိုးရပြီထင်တယ်”ဟုနောက်လေ့ရှိသည်။ တက္ကသိုလ်ကျောင်းသား သုံးဘန်းစကားဖြစ်သည်။

၈။ “ခွန်နစ်ပဲ”

မြန်မာပြည်တွင် ၁၉၅၃ ခုနှစ် ပြားတရာတကျပ် စနစ်သို့မပြောင်းမီက မူး၊ပဲများသုံးနေသေးရာ အတို အားဖြင့် သုံးကျပ်ခြောက်မူးတပဲကို ၃ိ ၆ူး ၁ဲ ဟုရေးကြသည်။ “ရဲ” စာလုံးပေါင်း မှာ ခွန်နစ်ပဲ အတိုအားဖြင့် ၇ဲ နှင့်အလွန်ဆင်သဖြင့် ပုလိပ်ခေါ်ရဲကို ဘန်းစကား၌ “ခွန်နစ်ပဲ” ဟုခေါ်လေ့ရှိခဲ့သည်။

၉။ “တိုးတိုးသား”

ဦးနုခေတ်က ကျွဲနွားသတ်ခွင့်၊ အမဲသားရောင်းခွင့်တို့ကို တရားဝင်ပိတ်ပင်ထားပါသည်။ သို့သော် အမဲ သားခိုးပေါ်ပြီး ဝယ်သူကလည်းတိုးတိုးမေးရကာ ရောင်းသူကလည်းတိုးတိုးဖြေရပြီး လျှိ့ဝှက်ရောင်းဝယ် သော “မှောင်ခိုဈေး”လုပ်ကြသဖြင့် “တိုးတိုးသား” ဟုခေါ်ခဲ့သည်။ “အမဲသားမပေါ်ရ၊ နွားသားပေါ်ကြ သည်။  ကုလားစု၌ခိုးပေါ်သည်။ “တိုးတိုးသား”ဟုခေါ်ပါသည်။ တပ်ထဲမှတော့ပြောင်ပေါ်သည်။ ဘုရား အလောင်းကြီး မျက်စေ့မှိတ်ကာပုတီးစိတ်နေ၏။ ဒါပေမဲ့ပြည်တော်သာပါသည်”။ ဆိုသောပြက်လုံးလည်း ခေတ်စားခဲ့ပါသည်။

၁၀။  ဇိမ်မယ်

ပြည့်တန်ဆာကို “ဇိမ်မယ်” ဟုဘန်းစကား၌ခေါ်ကြသည်။ ရန်ကုန်သုံးဘန်းစကားဖြစ်သည်။ အခြားအရပ် တွင်နေသူများ ၎င်းဘန်းစကားကို မသိသူ များ၏။

တခါက တောမှရန်ကုန်သို့ ပထမဆုံးအကြိမ်ရောက်လာသူ လူရိုးကြီးတယောက်သည် ဗိုလ်ချုပ်ဈေးထဲ၌ ခေတ်မီမှန်လုံကားကလေးကို ကိုယ်တိုင်မောင်းပြီး ဈေးဝယ်လာသူ ခပ်ချောချောမိန်းမရွယ်တယောက် ကိုမြင်လေရာ သူ့အဖော်တောသူတောသားများအား ထိုမိန်းမရွယ်ကို လက်ညှိုးထိုးပြကာ “မမြင်ဘူးရင် ကြည့်ထားကြ၊ ဇိမ်မယ်ဆိုတာ ဒီိမိန်းမလို ဝတ်စားသွားလာနေထိုင်တာ” ဟုပြောလိုက်ရာ ထိုမိန်းမရွယ် လည်း အလွန်ဒေါသထွက်သွားပြီး ပုလိပ်ခေါ်ကာ အသရဖျက်မှုနှင့်တရားစွဲရန် တိုင်တော့၏။ ပုလိပ်က ထိုတောသားလူရိုးကြီးအား အဘယ့်ကြောင့် ဂုဏ်သိက္ခာရှိ အမျိုးကောင်းသမီးအား ” ဇိမ်မယ်” ဟုယိုး စွပ်ရကြောင်းမေးသောအခါ “ဒီလောက်စည်းစိမ်နဲ့နေရတဲ့မိန်းကလေးဟာ  ဇိမ်ရှိတဲ့ဘဝရောက်နေတာ ကြောင့် ကျုပ်က “ဇိမ်မယ်” လို့ပြောမိတာ ကျုပ်ဘာမှားလို့လဲဗျာ။ ခုတော့နေရင်းထိုင်ရင်းရုံးရောက်၊ ဂါတ် ရောက် ဖြစ်ရတော့မယ်။ဒါကြောင့် ဆရာစိန်ကတော့ “ထိပ်ခတ်၊ ကြိုးချည် ခံရကိန်းရှိတယ်လို့ ဟောလိုက် သားဘဲ” ဟုပြောလိုက်မှ ပုလိပ်က “ဦးကြီးကတောသား လူရိုးကြီးမို့ မသိသေးဘူးထင်ပါရဲ့။ ရန်ကုန်မှာ ဇိမ်မယ် ဆိုတာ ပြည့်တန်ဆာမ ကို ခေါ်တာဟုတည့်တည့်ပြောလိုက်မှ “အမယ်လေးဗျာ၊ ဇိမ်မယ် ဆိုတာ ဖာသယ်၊ ကန်တော့ပါရဲ့ သူငယ်မရယ်” ဟုထိုင်ရှိခိုးတော့မလို တောင်းပန်နေလေတော့ရာ မိန်းမရွယ်မှာ လည်း “ငိုအားထက် ရယ်အားသန်”ဆိုသကဲ့သို့ဖြစ်သွားပြီး တရားမစွဲနိုင်ဘဲ ခွင့်လွှတ်လိုက်ရလေတော့ သည်ဟူ၏။

ဇာတိ၊  ဇရာ၊ ဗျာဒိ၊ မရဏာဆိုသောစကားအတိုင်း နုပျိုရာမှအိုမင်းရင့်ရော်ကာကွယ်လွန်ကြပြီး လူဟောင်း များနေရာသို့လူသစ်များရောက်ရှိလာသည့်နည်းတူ၊  ဝေါဟာရအသစ်များက အဟောင်း များနေရာသို့ ဝင်ရောက်လာခြင်းမှာလည်းဓမ္မတာဖြစ်ပါသည်။ လက်ရှိသုံးနေဆဲဘာသာစကားတိုင်း (living languages) မှာ အမြဲအစဉ် ဝေါဟာရ ပြောင်းလဲမှုများ ရှိခဲ့သည်၊ ရှိနေသည်၊ နောင်လည်းရှိနေဦးမည်ဆိုသည့်အချက် အတိုင်း ကောင်းသော ဝေါဟာရပြောင်းလဲမှုများကိုလက်ခံရမည်ဖြစ်သကဲ့သို့ပင် အဆိုးဘက်နွယ်သော  ဝေါဟာရပြောင်းလဲမှုများကိုတော့ လက်မခံသင့်ပါ။ ဘန်းစကားဆိုသည်မှာတခေတ်ဟောင်း၍ တခေတ် ပြောင်းသည်နှင့်အတူ ပျောက်ကွယ်သွားလေ့ရှိပါသော်လည်း စကားပုံများမှာမူထိုသို့ဖြစ်လေ့မရှိပါ။

ကိုးကားသောကျမ်းများ။
၁။ လှသမိန်၊ မြန်မာစာအဆီအနှစ်၊  ပညာအလင်းပြတိုက်၊ ရန်ကုန်၊ ၁၉၆၆
၂။ လှသမိန်၊ မြန်မာစာအရသာ၊ ပညာအလင်းပြတိုက်၊ ရန်ကုန်၊ ၁၉၆၈
၃။ လှသမိန်၊ မြန်မာဘန်းစကားများ၊ ပညာအလင်းပြတိုက်၊ ရန်ကုန်၊ ၁၉၆၇
၎။ မြန်မာစာအဖွဲ့၊ မြန်မာအဘိဓာန်၊ ရန်ကုန်၊ ၁၉၈၇
၅။ မြန်မာစာအဖွဲ့၊ Myanmar English Dictionary, ရန်ကုန်၊ ၁၉၉၃
၆။ Gehard Naumann, Le Francှais Pratique, VEB Verlag Enzyklopaedie, Leipzig, 1980
၇။ Gisela Liebold, Harald Liebold, Woerterbuch Deutsch -Franzoesisch, VEB Verlag Enzyklopaedie, Leipzig, 1983
၈။ Patricia Forbes and Margaret Ledésert, French-English, English-French Dictionary, George G. Harap & Co. Ltd. London, 1977
၉။ U Tin Htway, Word-Borrowing and Word-Making in Burmese Language, South Asian Digest of Regional Writing, Vol. 4: Essays on Transliteration, University of Heidelberg, Germany, 1975

မှတ်ချက်။ ကဝိလက္ခဏာသတ်ပုံကျမ်းလာ သတ်ပုံသတ်ညွှန်းများကိုသာသုံးထားပါကြောင်း။  


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts

9 thoughts on “ခင်မောင်စော (ဘာလင်) – မြန်မာစကားတွင်ပျောက်ကွယ်သွားလုပြီ ဖြစ်သည့် မွေးစားဝေါဟာရများ (အပိုင်း ၂၊ နိဂုံး)
  1. It s interesting but very time consuming and may be not as useful in real life to study nitpicky things in detail

    1. ၁၉၅၀ ခုနှစ်များအတွင်းက ပေါ်ခဲ့တဲ့ ဗမာသီချင်းတပုဒ်မှာဆိုထားသလို ” အချစ်၊ အချစ်၊ အချစ်ကို ရှာရင်လည်း အချစ်ကို တွေ့မယ် မိတ်ဆွေ၊ အပြစ်၊ အပြစ်၊ အပြစ်ကို ရှာရင်လည်း အပြစ်ကို တွေ့မယ် မိတ်ဆွေ၊ ” ဆိုတာအမှန်ပါဘဲ။

      တခါကဝေဖန်ရေးဆရာကြီးတယောက်ရှိတယ်။ သူတပါးရေးထားတာ၊ လုပ်ထားတာတွေကို ဟိုဟာကိုမကောင်းဘူးပြော၊ ဒီဟာကိုရစရာမရှိအောင်ဝဖန် လုပ်တတ်တယ်။ တနေ့တော့သူ့တပည့်တွေကပြောတယ်။ “ဆရာကြီးဝေဖန်လိုက်တာ ဟိုပုဂ္ဂိုလ် ကြီးတော့ တော်တော်ထိသွားပြီး ဒီ ပုဂ္ဂိုလ်ကြီးတော့ ရယ်နေတယ်၊ ဆရာသူတို့ထက်ကောင်းအောင်လုပ်ပြလိုက်ပါ” တဲ့။
      သူတို့ဆရာကြီးပြန်ဖြေလိုက်ပုံက “ဟ၊ ငါက သူတပါးကိုသာ စုတ်ပြတ်သွာအောင် ဝေဖန်တတ်တာ၊ ကိုယ်တိုင်တော့သူတို့လိုမရေးတတ်ဘူး” တဲ့။

  2. I agree with catwoman.
    Many a words , the author . stated here are not being used anymore.

    I don’t bother wasting these things in here in Moe Ma Kha.
    It does not mean ‘ I am downgrading the author ‘ .

    Don’t spend too much time on these words – as I said, many words the author said here are not ‘ useful anymore ‘ and Especially ‘ Curtis and Wahid ‘………………..

    Adoption of other foreign words into own mother language is not ‘ a problem ‘ .

    English did ‘ a lot ‘ from many languages of the world. So also other languages do, The same.

    Let’s day, if ” Monhinga ‘ is very popular, it would be used more extensively around the world. Then, this will be the honour of Myanmar.

    Same, ‘ Ohn Noth Khauk Swel ‘ . the same. Otherwise, people around the world will know ‘ only .. ‘ Laksa’ . In fact, ‘ Laksa’ and ‘ OhnNoth Khauk Swel ‘ .. are basically the same. They are variants.

    The only thing . if we all maintain our own culture and language are ‘
    1. To make ourself ‘ financially secure ‘ = to get rich . to get prosperous.. that is the first thing .

    2. make ‘ fine system ‘ . to fine . the ‘ gross blundered wrong spelling in all types of media, public or private, written media or broadcast media

    3. To acknowledge the Myanmar Major .. with good remuneration .. and holding ‘ a lot of spelling competition with different levels. ( year 4. .. Year 6 .. Year .. 10 ) etc with very attractive prizes.

    yes very attractive prized. THOSE competitions ‘ on air ‘ in TV . ( say .. proverbs, spelling etc . ) short session 45 minute program annually . ……..for different levels.

    And also for advanced level .. . competitions to be open for Myanmar Major students of Uni and every one younger then aged 30 ………………..once every two years …..with very very attractive prize. .. say

    50 Laks – first prize
    40 Laks . second
    30 Laks .. third
    2- Laks…………..5 prizes ………………By doing that , OR .. by doing something like that .. ‘ that is the way of promoting Languale and cultre.

    Not by doing ‘ Ma Ba Ta .. or 696 campaigns. ‘ .. That is the wrong way.

    Again . for protection of Buddhism and good propanganda of Buddhism. . .. That takes long. by very effectively .. ‘ BY TRAINING young generation from monastery and primary public and private ‘ as ‘ Script lecture ‘ ….Like other developed countries are doing.,

    don’t just ‘ force .. coerce .. push .. the adult people ‘ to ‘ NOT TO MARRY that one ‘ ‘ Not to marry this one ‘ …………….that is the wrong way.

    Rather .. All people are trained in their young life. before age 10 and age . Training start from ‘ religious organization .. like mosque, monasteries and churches…. Not .. form ‘ By-forced LAW ‘ .
    Not from ‘ By-forced Laws ” . ( Ah Tinnn Arr DA Ma )..

    These are sensitive issues. But . ‘ We . have to prepare from the time we were born . Not just like ‘ MA BA TA ‘ is doing right now. I have to stop now. I like to write more. But there are much much better authors in Myanmar good media.

    1. ကျွန်ုပ်၏ဆောင်းပါးတွင် “မဘသ” နှင့်ပတ်သက်သည့်အကြောင်းအရာရော ဘာသာရေးနှင့်ပတ်သက်သည့်အကြောင်းအရာများပါ တခုမျှမပါပါ။ “မဆီမဆိုင် လက်ပံသားဓားနှင့်ချိုင်”တော့မလုပ်စေလိုပါ။

  3. I am talking about things being useful in life. Studying nitpicky things might not be as useful as going for a class in CPR. That way you can save lives if there is a need. You can talk about nit picky things all day long and it will never end. By the way I am a physician and a writer

  4. အလွန်ဗဟုသုတရစေသော ဆောင်းပါးဖြစ်ပါ၏။ မြန်မာစကား၌ သုံးနေကြသော မွေးစားဝေါဟာရများအကြောင်း ရေးမည်ဆိုလျှင် အကို၊ ငံပြာရည်၊ မုန့်လက်ဆောင်း စသည့်အခေါ်အဝေါ်များကိုလည်း ရေးရပေလိမ့်မည်။ အကို ဆိုသည်မှာ တရုပ်စကား အားကိုး မှလာပြီး၊ ငံပြာရည်နှင့် မုန့်လက်ဆောင်းမှာ ယိုးဒယားစကား နမ့်မ်ပလာ နှင့် လုပ်ချောင်းမှ ကူးပြောင်းသုံးစွဲလာခြင်းဖြစ်ပါသည်။

    1. ထောက်ပြချက်ကောင်းပါသည်။
      ဤဆောင်းပါးအစပိုင်း၌ပင် “ဤစာတမ်းတွင် မွေးစားဝေါဟာရများအားလုံးအကြောင်းတင်ပြမည်မဟုတ်ပါ။ မြန်မာစကားတွင်ပျောက် ကွယ်သွားလုပြီဖြစ်သည့် မွေးစားစကားလုံးများအကြောင်းကိုသာတင်ပြပါမည်။” ဟုစကားပလ္လင်ခံထားပြီးဖြစ်ပါကြောင်း။

  5. ဆောင်းပါးရှင်ရဲ့ အာဘော်လေးနဲ့ ဆိုင်လို့ ဆွေးနွေးပါရစေ။ ဒီဆောင်းပါးက တကယ်တော့ ကျနော့် အမြင်အရ ဘာသာဗေဒကို မိတ်ဆက် သဘောမျိုး ရေးထားတာပဲလို့ မြင်မိပါတယ်။ ဆောင်းပါးသက်သက် ကတော့ အမြည်းသဘော မိတ်ဆက်သဘောလောက်ပဲ ရေးပြီး အကျယ်အနေနဲ့ကတော့ လေ့လာလိုသူတွေ အတွက် သီးသန့် စာအုပ် စာတမ်း ပြုစုသင့်ပါတယ်။ ဘာဖြစ်လို့လည်း ဆိုတော့ ဒါမျိုးက သီးသန့် လေ့လာမယ့် ဘာသာဗေဒ သမားတွေ အတွက် ပိုအသုံးကျပါတယ်။ ပြင်ပက အလှမ်းဝေးသူ ဆိုရင် ဘာတွေမှန်းလည်း မသိဘူး ဆိုတဲ့ အမြင်မျိုး ဖြစ်သွားနိုင်ပါတယ်။
    ဟိုတလောက ကွယ်လွန်သွားတဲ့ ဆရာဦးအောင်သင်း ဘွဲ့လွန်တန်း တက်တုန်းက ပါမောက္ခကြီး ဦးဖေမောင်တင်က တခါတလေ လာသင်တယ်တဲ့။ တနေ့တော့ ကျောက်သင်ပုန်းပေါ်မှာ mind လို့ ချရေးပြီး တပည့်တို့ ဒါကို မြန်မာလို ဘာခေါ်သလည်းလို့ မေးတယ်တဲ့။ ဘယ်သူမှ မဖြေရဲဘူး ဆိုပဲ။ Mind ဆိုတာ စိတ်ဆိုတာ အားလုံးသိနေတာပဲ။ ဒါပေမယ့် ဒီလို ပညာရှင်ကြီးကလည်း အကြောင်းမရှိပဲ လွယ်လွယ်လေးတော့ မေးမှာ မဟုတ်မှန်း သိနေတာကိုး။ ၂ ခါ ၃ ခါထပ်မေးတော့မှ အရဲစွန့်ြ့ပီး စိတ်ပါ ဆရာကြီးလို့ ဖြေတော့မှ ဆရာကြီးက အေး ဟုတ်တယ် တပည့်တို့ စိတ်ဆိုတဲ့ မြန်မာစကားလုံးဟာ စိတ္တဆိုတဲ့ ပါဠိစကားကလာတာ။ ကိုယ်ဆိုတဲ့ body ဆိုတဲ့ စကားလုံးဟာ ကာယဆိုတဲ့ ပါဠိကနေလာတာ။ ဒါပေမယ့် ဒီစိတ်တို့ ကိုယ်တို့ဆိုတဲ့ စကားလုံးတွေဟာ ဘာသာစကား တခုမှာ မရှိမဖြစ်တဲ့ အခြေခံ စကားလုံးတွေပဲ။ အဲဒီစကားလုံးတွေ မရှိခင်တုန်းက ဒို့ မြန်မာစကားမှာ ဘာစာလုံးတွေ သုံးခဲ့ကြသလည်း ဆိုတာ အင်မတန် စိတ်ဝင်စားစရာပဲ။ ဘာလို့ ဒီစာလုံးတွေ ပျောက်သွားကြရတာလည်း ပါဠိစကားလုံးတွေလောက် ခွန်အား မရှိလို့လား မင်းတို့ လေ့လာရမယ် ဆိုပြီး သူ့သင်ခန်းစာကို သိမ်းလိုက်တယ် ဆရာ ဦးအောင်သင်း အဆိုအရတော့ သူ အဲဒီတကြိမ်တည်းနဲ့ အင်မတန် လန့်သွားပါတယ်တဲ့။ ဘာမှန်းမသိဘူး ထင်ရတဲ့ စကားလုံးလေး အကြောင်းကနေ သမိုင်းကိုပါ လှမ်းကြည့်လိုက်တာ ဘာသာဗေဒ ပညာရှင်ရဲ့ အစွမ်းပါပဲ။ သာမန်လူကတော့ ဘယ်လိုမှ တွေးမိဖို့ မလွယ်ပါဘူး။
    ဒါကြောင့် ရုတ်တရက် ကြည့်ရင် ဒီဆောင်းပါးကလည်း စကားလုံးတွေကို ပြောနေတယ် ဆိုပေမယ့် ဘာသာဗေဒ အကြောင်းပြောတဲ့ ဆောင်းပါးကောင်း တပုဒ်ပါပဲ။

Comments are closed.