သတင်းပဒေသာ

Yangon Globe News – လက်ပံတောင်းဒေသတွင် ရဲနှင့်ရွာသားများ ပဋိပက္ခဖြစ်၊ ၁ ဦး သေဆုံး

Yangon Globe News – လက်ပံတောင်းဒေသတွင် ရဲနှင့်ရွာသားများ ပဋိပက္ခဖြစ်၊ ၁ ဦး သေဆုံး

(http://ygnglobe.com/mm/articles/local/368) ဒီဇင်ဘာ ၂၂၊ ၂၀၁၄

မုံရွာခရိုင်၊ လက်ပံတောင်းတောင်ဒေသ ကြေးနီသန့်စင်ထုတ်လုပ်မှုအား လုပ်ကိုင်နေသည့် တရုတ်အစိုးရပိုင် ၀မ်ပေါင် ကုမ္ပဏီ၏ စီမံကိန်းအချို့ အကောင်အထည်ဖော်စဉ် လယ်ယာမြေလျော်ကြေးလက်ခံခြင်းမရှိသူ ရွာသူရွာသားများနှင့် လုံခြုံရေးယူပေးသော ရဲတပ်ဖွဲ့ဝင်များကြား ယနေ့ ဖြစ်ပွားသည့် ပဋိပက္ခအတွင်း ဒေသခံ တစ်ဦး သေဆုံးပြီး၊ ၁၀ ဦးထက်မနည်း ဒဏ်ရာရရရှိသွားကြောင်း သိရသည်။

ရွာပေါင်း ၂ဝ ကျော်မှ လယ်မြေဧက ထောင်ပေါင်းများစွာ သိမ်းဆည်းပြီး လုပ်ကိုင်နေသည့် စီမံကိန်း ရပ်ဆိုင်းရေး ဆန္ဒပြတောင်းဆိုမှုများ ပြီးခဲ့သည့် ၂ နှစ်အတွင်း ထိုဒေသတွင် မကြာခဏ ဖြစ်ပွားခဲ့ပြီး အကြီးအကျယ် ဒဏ်ရာရမှု၊ ဖမ်းဆီးထိန်းသိမ်းမှုများ ပေါ်ပေါက်ခဲ့သော်လည်း ယခုတစ်ကြိမ်တွင် အရပ်သား တစ်ဦး သေဆုံးသည်အထိ အခြေအနေ ဆိုးရွားလာခြင်းဖြစ်သည်။

ဝမ်ပေါင် နှင့် မြန်မာစစ်တပ်ပိုင် ဦးပိုင်ကုမ္ဗဏီတို့ ဖက်စပ်လုပ် ကိုင်နေသော ထို အငြင်းပွားဖွယ်ရာ စီမံကိန်းအတွက် ယနေ့ နံနက်ပိုင်းမှ စ၍ အနီးဝန်းကျင်ရှိ ရွာများတွင် လမ်းဖောက်ခြင်းနှင့် သံဇာကာခတ်ခြင်းတို့ကို ရဲအင်အား အများအပြား လုံခြုံရေးချ၍ ဆောင်ရွက်ခဲ့သည်။

မိုးကြိုးပြင်ရွာ၊ တုံရွာ၊ ဆည်တည်းရွာမှ ဒေသခံတို့က မြေထိုးစက် ဘူဒိုဇာများရှေ့တွင် ၀မ်းလျားမှောက်၍ ပိတ်ဆို့ ဟန့်တားကြောင်း၊ ထိုသို့ ဟန့်တားမှု မအောင်မြင်သဖြင့် လောက်လေးခွဖြင့် ပစ်ခတ်ခဲ့ကြောင်း သိရသည်။

ထိပ်တိုက်ရင်ဆိုင်မှု ဖြစ်ပွားစဉ် သေနတ်ကျည်ဆန်ဒဏ်ရာဖြင့် အခင်းဖြစ်ရာတွင်သေဆုံးသွားသူမှာ မိုးကြိုးပြင်ရွာမှ အသက် ၅၀ အရွယ်ခန့်ရှိသူ ဒေါ်ခင်ဝင်း ဖြစ်သည်။ ၄င်းဟုယူဆရသော အမျိုးသမီးတစ်ဦး မြေထိုးသည့် ဘူဒိုဇာရှေ.တွင် သွေးသံရဲရဲဖြင့် သေဆုံးနေပုံအား လက်ပံတောင်းအရေးလှုပ်ရှားသူများက ၄င်းတို့၏ ဖေ့စ်ဘွတ်ခ်စာမျက်နှာတွင် တင်ခဲ့ကြသည်။

ရွာသူရွာသား ၁၅ ဦးခန့်လည်း ထိခိုက်ဒဏ်ရာရရှိထားကြောင်း ဒဏ်ရာရသူတစ်ဦးဖြစ်သူ မိုးကြိုးပြင်ရွာမှ အသက် ၂၆ နှစ်အရွယ် ကိုမျိုးသိန်းက The Yangon Globe ကို တယ်လီဖုန်းဖြင့် ဆက်သွယ် ပြောကြားခဲ့သည်။

“အခြေအနေက သိပ်ရက်စက်တယ်။ မင်းမဲ့တိုင်းပြည်လိုဖြစ်နေပြီ။ ရဲတွေကလည်း ကုမ္ပဏီဘက်ကပဲ ရပ်တည်နေတယ်။ ကျနော်တို့ရွာက မြေဆုံးရှုံးထားတဲ့သူတချို့လည်း လျော်ကြေးမရသေးဘူး၊ ခုလုပ်တဲ့ လမ်းဖောက်ပြီး ခြံစည်းရိုးခတ်လို့ဆုံးရှုံးမယ့်မြေအတွက်ကလည်း တန်ရာတန်ကြေးမရဘူး” ဟု ၎င်းက ဆိုသည်။

ကိုမျိုးသိန်းက၄င်းမှာ ခြေထောက်တွင် ရော်ဘာကျည်ဆံ ထိမှန်သည့် ဒဏ်ရာရထားပြီး၊ မိုးကြိုးပြင်ရွာမှ ဦးမှိုင်း၊ ကိုအောင်နိုင်၊ ကိုကျော်မြင့်သိန်း၊ ဒေါ်သန်းနွဲ့တို့လည်း ကျည်ဆန်ဒဏ်ရာ အသီးသီးရရှိထားကြောင်း သိရသည်။

ဒဏ်ရာပြင်းထန်သူ ၉ ဦးအား မုံရွာနာရေးကူညီမှုအသင်းမှ ကားများဖြင့် ယခုညနေတွင်သယ်ဆောင်သွားပြီး၊ ဒဏ်ရာအနည်းငယ်သာ ရရှိသူများမှာ ရွာထဲများတွင်သာ ကျန်နေရစ်ခဲ့ကြောင်း၊ ထို့ပြင် သေဆုံးသူ ဒေါ်ခင်ဝင်း၏ အလောင်းအားလည်း အခင်းဖြစ်ရာနေရာမှ မိုးကြိုးပြင်ရွာတွင်းသို့ယူဆောင်လာနိုင်ပြီဟု ဒေသခံ အမျိုးသားဒီမိုကရေစီအဖွဲ.ချုပ်မှ တာဝန်ရှိသူ ဦးဇော်ဖုန်းမြင့်က ပြောကြားသည်။

ယနေ့ထိပ်တိုက်ရင်ဆိုင်မှုတွင် ကုမ္ပဏီ၏ လုံခြုံရေးဝန်ထမ်း အများအပြားလည်း ပါဝင်ကြောင်း ၊ ဒေသခံတို့၏ အဓိကတောင်းဆိုချက်မှာ မြေယာဆုံးရှုံးသူများ လျော်ကြေးရရှိရေးနှင့် မြေယာလက်ဝယ်ရှိသူများ မြေယာထပ်မံ မဆုံးရှုံးရေးတို့ဖြစ်ကြောင်း လက်ပံတောင်းတောင်စီမံကိန်းဒေသ ရွာသားများဖက်မှ ပါဝင်ကူညီပေးနေသူ နိုင်ငံရေးအကျဉ်းသားဟောင်း ကိုဟန်ဝင်းအောင်က ၄င်း၏ ဖေ့ဘွတ် စာမျက်နှာတွင် ရေးသားထားသည်။

၂၀၁၂ ခုနှစ် နိုဝင်ဘာလက ကြေးနီစီမံကိန်းရှိ ၀မ်ပေါင်ကုမ္ဗဏီရုံးရှေ.တွင် ရာနှင့်ချီသော သံဃာတော်များနှင့် ဒေသခံရွာသားများက ငြိမ်းချမ်းစွာဖြင့်ထိုင်သပိတ်များစခန်းများဖွင့်၍ ဆန္ဒပြနေသည်ကို အဏာပိုင်များက ဖော့စဖရပ်စ်ဓာတ်ပါသော လောင်ကျွမ်းစေသည့် ဗုံးလက်နက်များသုံး၍ အကြမ်းဖက်ဖြိုခွင်းခဲ့သည်။ ထိုသပိတ်စခန်းဖြိုခွင်းမှုတွင် သံဃာတော် ၉၉ ပါးနှင့် ဒေသခံရွာသား ၉ ဦးထိခိုက်ဒဏ်ရာရရှိခဲ့သည်။

(နောက်တိုး )

ဝမ်ပေါင်က အထက်ပါဖြစ်စဉ်နဲ့ ပတ်သက်ပြီး အောက်ပါအတိုင်း ထုတ်ပြန်ထားပါတယ်။

အားလုံးအတွက် ဝမ်းနည်းပြီး ကရုဏာသက်မိသော အချိန်လေးတစ်ခု
Monday, 22 December 2014 20:03

ကျွန်တော်တို့ရဲ့ ဒေသခံလူ့အဖွဲ့အစည်းမှာ ရှိတဲ့ မိုးကြိုးပြင်ရွာမှ ဒေသခံ အမျိုးသမီးတစ်ဦး ဆုံးပါးသွားကြောင်း ကျွန်တော်တို့လည်း မကြာသေးခင်ကမှ သတင်းရရှိထားပါတယ် ၊ ကျွန်တော်တို့ ဝမ်ပေါင်ဝန်ထမ်းများအားလုံးအနေဖြင့်လည်း ကျန်ရစ်သူမိသားစုနှင့်အတူ ထပ်တူထပ်မျှ ဝမ်းနည်းရပါတယ်။ ကျွန်တော်တို့လည်း ဆုံးပါးသွားသော အမျိုးသမီး၏ မိသားစုအားလည်း ကိုယ်ချင်းစာမိပါတယ်။ ယနေ့သည် ကျွန်တော်တို့၏ လက်ပံတောင်းမိသားစုထဲမှ မိသားစုဝင်တစ်ဦး ဆုံးရှုံးလိုက်ရခြင်းပင်ဖြစ် ပါတယ်….

အဆိုပါအမျိုးသမီးသေဆုံးသွားရသည်အထိ ဖြစ်ပွားခဲ့သော ဖြစ်စဉ်များနှင့်ပတ်သက်၍ ရှင်းရှင်းလင်းလင်း မကွဲပြားသေးပါ။ကျွန်တော်တို့ နားလည်သည်မှာ ရဲတပ်ဖွဲ့ဝင်များလည်း အခင်းဖြစ်ပွားသည့်နေရာတွင် ရှိနေခဲ့ပြီး အဆိုပါ ဝမ်းနည်းဖွယ် ဖြစ်ရပ်အား စုံစမ်းစစ်ဆေးမှုများ စတင်ပြုလုပ်လိမ့်မည်ဟု ကျွန်တော်တို့ မျှော်လင့်မိပါတယ်။
လက်ရှိမှာ ကျွန်တော်တို့သည် ဒေသခံများနှင့် ဆက်ဆံရေးတွင် အံ့သြဖွယ်ရာ တိုးတက်ကောင်းမွန်သော အခြေအနေတစ်ရပ်ကို ရရှိထားပြီးချိန်တွင် ကျွန်တော်တို့အတွက် အလွန်စိတ်မကောင်းဖွယ်ရာ ဖြစ်စဉ်တစ်ခု ဖြစ်ပါ တယ်။ဘာကြောင့်လဲဆိုတော့ ၂ဝ၁၄ ခုနှစ် မေလမှ နိုဝင်ဘာလ အထိ ဒေသခံများနှင့်ကျွန်တော်တို့ အကြားတွင် ညှိနှိုင်းဆွေးနွေးမှုများ ပြုလုပ်ခဲ့ပြီး စီမံကိန်းအတွက် ဒေသခံတို့၏ ခွင့်ပြုချက် အမြောက်အများကို ရရှိထားပြီးဖြစ်လို့ပါ။

ယနေ့ ဖြစ်ပွားခဲ့သော ဖြစ်ရပ်များမှာ ကံဆိုးရခြင်း အကြောင်းရင်းများစွာရှိပါတယ်… အထူးသဖြင့် ကျွန်တော်တို့ နှင့် ဒေသခံများအကြား တစ်ဦးနှင့်တစ်ဦး ရင်းနှီးစွာဖြင့် ယုံကြည်မှုကို ကြိုးကြိုးစားစားစတင်တည်ဆောက်နေချိန်တွင် ကံအားလျော်စွာဖြစ်ပွားခဲ့ခြင်းဖြစ်ပါတယ်။ကျွန်တော်တို့ တည်ဆောက်ရေးလုပ်ငန်းများ စတင်နိုင်ခြင်းမှာလည်း ဒေသခံပြည်သူအများစုမှာ စီမံကိန်းကို ဆက်လက်လုပ်ဆောင်ရန် သဘောတူညီမှုပေးထားခဲ့လို့ ဖြစ်ပါတယ်….

ကျွန်တော်တို့ ညှိနှိုင်းဆွေးနွေးပြီးသော ရွာ(၃၅)ရွာရှိ (၇၁)ရာခိုင်နှုန်းသော ဒေသခံများမှာ စီမံကိန်းကို ဆက်လက်လုပ်ဆောင်ရန် နှင့် စီမံကိန်းအား ထောက်ခံကြောင်း ကျွန်တော်တို့အား မီးစိမ်းပြ ခွင့်ပြုပေးပြီးဖြစ်ပါတယ်၊ စီမံကိန်းကြောင့် သက်ရောက်သော ရွာ(၂၇)ရွာမှ (၉၁)ရာခိုင်နှုန်းနှင့် ကျွန်တော်တို့သည် တစ်အိမ်တက် တစ်အိမ်ဆင်း ညှိနှိုင်းဆွေးနွေးမှုများလုပ်ဆောင်ခဲ့ပြီး ကျွန်တော်တို့အားလည်း ထောက် ခံပေးပြီး ဖြစ်ပါတယ်…ထို့ကြောင့် ကျွန်တော်တို့သည် ဒေသခံလူ့အဖွဲ့အစည်းနှင့် ကြီးမားသော ဆက်ဆံရေးတိုးတက်မှု ရှိလာခဲ့ပြီးလည်း ဖြစ်ပါတယ်…
ဤသည်မှာ မျှော်လင့်ချက်နှင့် ဒေသခံများနှင့် ပြန်လည်ရင်ကြားစေ့ရေးအတွက် ကြီးမားသော ဖြစ်စဉ်ဖြစ်ပါတယ်၊ 

အသေးစိတ်ကို website တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါတယ် အဆိုပါ အမျိုးသမီးတစ်ဦး အသိတရားကင်းမဲ့စွာဖြင့် သေဆုံးသွားရခြင်းအတွက်လည်း ပို၍ နာကျင်ခံစားရပြီး ကရုဏာသက်မိပါတယ် 

…သတ္တုတူးဖော်ရေး စီမံကိန်းသည် အဆိုပါဒေသတွင် တည်ရှိနေရခြင်းသည် ကွယ်လွန်သွားခဲ့ရသော အမျိုးသမီးအပါအဝင် ဒေသခံပြည် သူအားလုံးအား အကူအညီပေးသွားနိုင်ရန်ဖြစ်ပါတယ်…
ကျွန်တော်တို့အနေဖြင့် ကွယ်လွန်သူမိသားစုနှင့် ထပ်တူထပ်မျှ ဝမ်းနည်းရပါတယ်…ကျွန်တော်တို့သည် ကတိကဝတ်ပြုထားသကဲ့သို့ ပင် ဒေသခံများနှင့် ငြိမ်းချမ်းစွာ တွေ့ဆုံညှိနှိုင်းဆွေးနွေးရေးအတွက် မဆုတ်မနစ်ကြိုးစားသွားပါမယ်.. ဒေသခံရွာသူရွာသားများ၊ဆန္ဒပြသမားများ၊ကျွန်တော်တို့၏ ဝန်ထမ်းများနှင့် ရဲတပ်ဖွဲ့ဝင်များ၏ ဘေးကင်းလုံခြုံရေးအပေါ် အန္တရာယ်ရှိနိုင်သည့် မည်သည့် အကြမ်းဖက် လုပ်ရပ်မျိုးကို မဆို ကျွန်တော်တို့က မလိုလားပါ။

http://www.myanmarwanbao.com.mm

 


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts

One thought on “Yangon Globe News – လက်ပံတောင်းဒေသတွင် ရဲနှင့်ရွာသားများ ပဋိပက္ခဖြစ်၊ ၁ ဦး သေဆုံး

Comments are closed.