ရသဆောင်းပါးစုံ

ညိုထက်ညို – ဆင့်ကဲဖြစ်စဉ်

ညိုထက်ညို – ဆင့်ကဲဖြစ်စဉ်

(မိုးမခ) ဒီဇင်ဘာ ၂၀၊ ၂၀၁၄

ဆရာမင်းလူ က သူ့စာတစ်ပုဒ်တွင် လူတို့ အတိတ်ကို ပြန်တမ်းတတတ်သည့် အကြောင်း ရေးဖူးသည်။ ဟုတ်လဲဟုတ်သည်။ ကျွန်တော့်အဖေလဲ အတိတ်ကို ပြန်တမ်းတသည်။ ကျွန်တော်လဲ အတိတ်ကို ပြန်တမ်းတသည်။ ကျွန်တော့်ထက် ငယ်သော လူငယ်များလည်း နောင်တစ်ချိန်တွင် အတိတ်ကို ပြန်တမ်းတ ကြလိမ့်မည်။ ဒါက ဖြစ်မြဲ ဓမ္မတာ တွေ ဖြစ်သည်။

ဆရာ့စာကို ကျွန်တော် မှတ်မိသလောက် ပြန်ဖော်ပြပါမည်။ အတိတ်မှာ ကျန်ခဲ့သည်က နုပျိုစိုလတ် သော နေ့ရက်တွေ၊ ဘာပဲဖြစ်ဖြစ် လူငယ်ဘဝ ပျော်ခဲ့သည့် နေ့ရက်တွေ၊ ရှေ့လာမည့် နေ့တွေက အိုလာမည့် နေ့ရက်တွေ၊ နာလာမည့် နေ့ရက်တွေ၊ နောက်ဆုံး သေခြင်းတရား နှင့် ဆိုက်ဆိုက်မြိုက်မြိုက် တိုးမည့်နေ့၊ ပျော်စရာ ဘာမှမကောင်း။ ထိုနေ့တွေ မလာခင် လက်ငင်းနေ့ တွေကလည်း သားရေး သမီးရေး လူမှုရေး စီးပွားရေး အရေး သောင်းခြောက်ထောင်နှင့် ပူမှု ဆယ်ကုဋေ နေ့ရက်တွေ၊ ဒါ့ကြောင့်လည်း စိတ်သက်သာရာ ရရာရကြောင်း “ငါတို့တုန်းက ဘယ်လို” ဆိုသည့် စကားကို အမြဲ ကြားရပါသည်။

ထိုအထိက မဆန်းပါ။ အမေရိကန် တစ်ယောက်လည်း ဒီအတိုင်း ဖြစ်ပါလိမ့်မည်။ ဂျပန် တစ်ယောက်လည်း ဒီအတိုင်း ဖြစ်ပါလိမ့်မည်။ မြန်မာ တစ်ယောက်လည်း ဒီအတိုင်း ဖြစ်ပါလိမ့်မည်။

ဒါပေမယ့် ထိုထို အမေရိကန်တွေ ဂျပန်တွေ ထက် ဆန်းနေသည်က ကျွန်တော်တို့ မြန်မာတွေ ဖြစ်သည်။ နေ့စဉ် လူမှုဘဝတွေကိုပဲ ကျွန်တော် ပြောပြပါမည်။

မိတ်ဆွေ၊ ယနေ့ သင့်တွင် ပိုက်ဆံ ဘယ်လောက်ရှိရှိ လွန်ခဲ့သော နှစ်အစိတ်ခန့်က ဒံပေါက် ထမင်းမျိုး သင် ဘယ်မှာမှ ဝယ်မစား နိုင်တော့ပါ။ ထိုစဉ်က ဒံပေါက်ထမင်းကို ကျွန်တော် မှတ်မိသလောက် ပြန်ရေးပြပါမည်။

ကျွန်တော်သည် ငယ်စဉ်ကတည်းက ဒံပေါက်ကြိုက်သူ ဖြစ်၍ တစ်လတစ်ကြိမ် လောက်တော့ ၃၆လမ်း နှင့် အနော်ရထာ လမ်းထိပ် က “နီလာ” ဒံပေါက်ဆိုင်တွင် အမေ့ကို ဒံပေါက် ဝယ်ကျွေးခိုင်းပါသည်။

ထိုစဉ်က (၁၉၈၀ပြည့်လွန် နှစ်များ စောစောပိုင်းကာလ) ဒံပေါက်တစ်ထုပ် ဘယ်လောက်လဲတော့ ကျွန်တော် အတိအကျ မမှတ်မိ။ ငွေတစ်ဆယ်ကျော်ကျော် လောက် ဖြစ်မည်ဟုတော့ အကြမ်းဖျင်း ခန့်မှန်းမိသည်။ ဒံပေါက်တစ်ပွဲ တွင် ပါဝင်သော ဒံပေါက်ထမင်း ပမာဏက ယနေ့ ဒံပေါက်တစ်ပွဲ ၏ နှစ်ဆနီးနီး ရှိမလား မသိ။ ယနေ့ ဒံပေါက်စားလျှင် ပုံမှန် အစားကောင်း လူလတ်ပိုင်း တစ်ယောက် လိုက်ပွဲ မယူ၍မရ။ ထိုစဉ်က လိုက်ပွဲမယူဘဲ အစားမကြီးသူ ဆိုလျှင် ဝလောက်သည် ဟု ကျွန်တော် ခန့်မှန်းမိသည်။

ဒံပေါက်ထဲတွင် လည်း သီဟိုဠ်စေ့တွေ၊ စပျစ်သီးခြောက်တွေ၊ အခြား ကျွန်တော် မမှတ်မိတော့သည့် ဟင်းခတ် အမွှေးအကြိုင်တွေ ပါသေးသည်။ ဒံပေါက်ထဲတွင် သုံးသည့် ကြက်သားကလည်း ကြက်တစ်ကောင်ကို လေးစိတ်စိတ်ထားသည့် ကြက်တစ်စိတ် ဖြစ်သည်။ ယနေ့သုံးသည့် မော်ဒယ်ကြက်ပိန် လေးများ မဟုတ်။ ယနေ့ထက် အများကြီး ကြီးသည့် မောင်ဗမာ ကြက်တစ်စိတ် ဖြစ်သည်။

ကျွန်တော် အခုထိ မှတ်မိနေတာ ရှိသေးသည်။ ကျွန်တော်တို့ လမ်းထဲက သားအဖနှစ်ယောက် “နီလာ” တွင် ဒံပေါက် လာစားလျှင် ဒံပေါက်တစ်ပွဲ နှင့် လိုက်ပွဲ တစ်ပွဲ (သို့) နှစ်ပွဲ မှာပြီး နှစ်ယောက် မျှစားကြသည်။ ဒါလည်း အလုပ်ဖြစ်တာပါပဲ။ သူတို့နှစ်ယောက် ဝဝလင်လင် စားရပါသည်။

ကျွန်တော့်အဖေ ကတော့ “ဆိတ်သားခါးပတ်” အစွဲကြီးသူ ဖြစ်သည်။ သူ ငယ်စဉ် တက္ကသိုလ် ကျောင်းသားဘဝ (၁၉၆၀ တဝိုက်) က မဂိုလမ်းရှိ ကုလားဆိုင်များတွင် စားခဲ့ရသည့် ဆိတ်သားခါးပတ် နှင့် ခါးပတ်ခါနာ မျိုး ယနေ့ ဘယ်မှာမှ ရှာမရတော့ ဟု ကျွန်တော် ငယ်စဉ် (၁၉၈၀ ပြည့်လွန် နှစ်များတုန်းက) ကျွန်တော့်ကို တဖွဖွ ပြောဖူးသည်။ ကျွန်တော် ဒံပေါက် ကြိုက်မှန်းသိတော့

“ဒါလဲ ငါ ငယ်ငယ်က ဒံပေါက်ကို မမီဘူးကွ၊ ငါ့သားဆို ကြိုက်လိုက်မယ့် ဖြစ်ခြင်း”

ဟု ပြောရှာသည်။

ပြန်စဉ်းစားကြည့်တော့ ဒံပေါက်တွင်မက အစားအသောက် အားလုံးဟုပဲ ဆိုရတော့မှာ ဖြစ်သည်။ လက်ဖက်ရည်ခွက်တွေ သေးသွားသည်။ နံပြားတွေ သေးသွားသည်။ ပေါက်စီထဲ ဝက်အူချောင်း နှင့် ဘဲဥ ခပ်ကြီးကြီး တစ်စိတ် ပျောက်သွားသည် (သေးသွားတာကတော့ ပြောမနေ ပါနဲ့တော့) ၊ ပိန်ပိန်ပါးပါး မော်ဒယ်မလေးများလို အီကြာကွေးလေးတွေ ပေါ်လာသည်၊ မုန့်ဟင်းခါးထဲက ကြက်သွန်ဥ အိအိကြီးတွေ မြေလျှိုးမိုးပျံ သွားသည် (ဟိုးယခင်က မုန့်ဟင်းခါးတစ်ပွဲ သည် ယခုခေတ် နှစ်ပွဲစာမျှ ရှိသည်)။ ပညာရှင် တွေ ပြောတတ်ကြသည့် small is beautiful ဆိုသော စကားကို မြန်မာ့ အစားအသောက် လောကတွင် လက်တွေ့ အသုံးချကြသည် ဟုပဲ ကြံကြံဖန်ဖန် ဆိုရမလား မသိ။ ကွမ်းယာဗန်းထဲက ကမ္ဘာကျော် စီးကရက်တွေလည်း မရှိတော့၊ အို..အရာအားလုံး ပါလား။ ကျွန်တော် ဘုရားတမိသည်။

အစားအသောက် တွေအကြောင်း တွေးရင်း ကိုယ်က စာရေးသူမို့ မဂ္ဂဇင်းတွေ အကြောင်း စိတ်ရောက် သွားပြန်သည်။ ဒါလည်း ဘာထူးလို့လဲ။ အဖေ့အမွေ စာအုပ်သေတ္တာ ကြီးထဲက ရှုမဝ အဟောင်းတွေ ဒဂုန် အဟောင်းတွေကို ကျွန်တော် ပြန်လည် မြင်ယောင်သည်။ မဂ္ဂဇင်း အထူကြီးတွေ။ ယနေ့ ကျွန်တော်တို့ ရေးနေသည့် မဂ္ဂဇင်းများ၏ နှစ်ဆခန့် ရှိလိမ့်မည်။ လူသာဆိုလျှင်တော့ ယနေ့ မြန်မာ့ မဂ္ဂဇင်းများ ခုခံအား ကျဆင်းမှုရောဂါ စွဲကပ်ခံရမှုကြောင့် ပိန်လှီပါးကပ် သွားသည်ဟု အယိုးစွပ် ခံရနိုင်သည်။

မဂ္ဂဇင်းများထက် ပိုလွမ်းတာကတော့ ကလေးစာပေများ ဖြစ်သည်။ ကျွန်တော့် ထပ်ခိုးကလေး၏ ချောင်တစ်ချောင်တွင် အစည်းလိုက် အစည်းလိုက် တွဲချုပ်ထားသော ကာတွန်းဂျာနယ် ပေါင်းချုပ်ကြီးတွေကို ကျွန်တော် ပြန်လွမ်းသည်။ ကျွန်တော်တို့ တုန်းက ဖတ်ခဲ့ရသည့် အပတ်စဉ် “ရွှေသွေး” “ရွှင်ပြုံး” နှင့် “လှပ” ကို ယနေ့ ကလေးများ ဖတ်ရလျှင် ဘယ်လောက်များ သဘောကျကြ လိမ့်မည် မသိ။ နောက် ”တေဇ” နှင့် “မိုးသောက်ပန်း”။ ပန်းချီဆရာကြီး ဦးဘကြည်၊ ကဆ ဟု လက်မှတ်ရေးထိုး တတ်သော ဆရာကြီး ဦးကျော်ဆန်း၊ နောက် ဆရာကြီး ဦးသန်းကြွယ် နှင့် သူ့ ဇာတ်ကောင် အကျော် အမော်များ၊ အိမ်မြှောင်ရုပ် လက်မှတ်ကလေး ထိုးတတ်သည့် ဆရာကြီး ဦးအောင်ရှိန်။ အရုပ်တွေကို အသာထား၍ ဇာတ်လမ်းတွေကို ချည်း ဝေဖန်ရမည် ဆိုလျှင် ယနေ့ ကလေး ကာတွန်း ဇာတ်လမ်းများ ဟိုတုန်းကနှင့် ယှဉ်လျှင် ပြောစရာ စကားလုံး ရှာမရလောက်အောင် ညံ့ဖျင်းကြောင်း ဟိုတုန်းကခေတ် မီသူတိုင်း သိပါသည်။

မရေးရ မနေနိုင်၍ ကုန်ဈေးနှုန်းတွေ အကြောင်းလည်း အနည်းအကျဉ်း ရေးရဦးမည်။ လွန်ခဲ့သော နှစ်နှစ်ဆယ်ကျော် က လက်ဖက်ရည် တစ်ခွက် လေးကျပ် ဖြစ်သည်။ ကျွန်တော် ရှစ်တန်း ကိုးတန်းလောက်က အိတ်ထဲ ၄၅ကျပ်တန် တစ်ရွက် ထည့်လာနိုင်သူသည် ထိုနေ့အတွက် သူဌေး ဖြစ်သည်။ ၁၉၉၅မှာ တက္ကသိုလ် စတက်တော့တောင် အိတ်ထဲ ငွေလေးငါးရာ ထည့်ထားလျှင် တော်တော်နှင့် သုံးမကုန်တော့။ ယနေ့ လူငယ်များကတော့ ဘယ်လို ထင်မည်မသိ။ သူတို့လည်း နောင် နှစ်နှစ်ဆယ် ကြာလျှင် “ငါတို့တုန်းက လက်ဖက်ရည် တစ်ခွက်မှ သုံးရာတည်း” ဟု ပြောကြဦးမလား မသိ။ “အိတ်ထဲ ငွေဘယ်လောက် ထည့်ထားလျှင် တော်တော်နှင့် သုံးမကုန်တော့” ဟုတော့ ပြောသံ ကြားရတော့မည် မထင်။ ဘယ်လောက်ထည့်ထည့် ကုန်သည့် ခေတ်သို့ ရောက်နေ၍ ဖြစ်သည်။

ဟိုအရင်က စားအုန်းဆီတွေ မရှိ၊ တလောက ကြားလိုက်ရသည့် ကြောက်မက်ဖွယ်ရာ သတင်းထဲကလို ဆီထဲသို့ ရေသန့်ဗူးခွံ ထည့်ကြော်တာ မရှိ၊ အေအိုင်ဒီအက်စ် မရှိ၊ ရန်ကုန်မြို့လယ် တွင် ခြင်ထောင် ထောင်စရာ အကြောင်း မရှိ (လွန်ခဲ့သော နှစ်လေးဆယ်က ရန်ကုန် မြို့လယ်တွင် ခုလို ခြင်တွေ မရှိ၊ အနည်းအကျဉ်း မျှသာ ရှိသည်) ၊ သောက်လိုက်လျှင် နံမစွက်သည့် လက်ဖက်ရည် ခွက် ငယ်ငယ်ကလေးတွေ မရှိ၊ မီးစက်သံ တဖုန်းဖုန်း နှင့် မီးစက် ညှော်နံ့တွေ မရှိ၊ ရပ်နေသည့် နာရီစင် ကြီးတွေ မရှိ၊ ရေမထွက်တော့သည့် ရေပန်းကြီး မရှိ၊ ရေးနေရင်းနှင့် ကိုယ့်ဘဝကိုယ် ဆရာကြီးကွေး လို သရော်လိုစိတ် ပေါက်လာသည်။

အသက် နှင့် ကုန်ဈေးနှုန်းက လွဲ၍ အရာအားလုံး ငယ်သွားသည်။ ထို့ထက်ပို၍ ဆိုရလျှင် ဖြူကာပြာကာ ကျသွားသည်။  ။

ညိုထက်ညို

(ဓာတ်ပုံ – ရန်နောင်(ဗိုလ်တထောင်)၊ ရန်ကုန်မြို့၊ အနော်ရထာလမ်း)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts

One thought on “ညိုထက်ညို – ဆင့်ကဲဖြစ်စဉ်

Comments are closed.