အုန်းနိုင် – “အဖွဲ့ချုပ်အထွေထွေအတွင်းရေးမှူး နေရာ”
၁၉၉၁.ခုနှစ်တွင် ဒေါ်အောင်ဆန်းစုကြည်အားအမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်မှထုတ်ပယ်ခြင်း (၁)
(မိုးမခ) ဒီဇင်ဘာ ၁၉၊ ၂၀၁၄
၁၉၉၁ ထဲ ကူးလာပါပြီ။ အခြေအနေတွေက မထူးခြားပါ။ န၀တ က ပိုပြီးဖိနှိပ်ခြိမ်း ခြောက်မှုတွေများလာတာနဲ့အမျှ၊ အဖွဲ့ချုပ်ဗဟိုအလုပ်အမှုဆောင်ကလည်း ပျော့ရဲရဲနိုင်တာတွေ များလာပါတယ်။ ဗဟိုနဲ့ တိုင်းကလည်း အောက်ခြေမြို့ နယ်စုတွေဆီ သိပ်မလာတော့ပါ။ (၁/၉၀)ကိုလက်ခံတယ်လို့ လက်မှတ်ထိုးပြီးကတည်းက အောက်ခြေမြို့ နယ်များ ကလည်း ဗဟိုနဲ့ တိုင်းတွေကို သိပ်မလေးစားကြတော့ပါ…။ ကျနော်လည်း ရန်ကုန်ဘက်ကို သိပ်မဆင်းဖြစ်ပါ..။ ရန်ကုန်က ကိုယ့်ဘော်ဒါတွေကလည်း အများအပြားအဖမ်းခံနေရတော့ ရန်ကုန်မှာ အစည်းအဝေးမရှိရင် မသွားသလောက်ပါပဲ။ နောက်ဆုံး ကိုယ့်မြို့ ကနေ ဗဟိုလူငယ်မှာ သွားလုပ်နေတဲ့ ကိုဌေးလွင်လည်း သတင်းစာရှင်းလင်းပွဲ (၈) မှတ်တမ်းများဖြန့်ချီမှုမှာ ဘယ်လိုက ဘယ်လိုသိသွားသလဲ၊ ဘယ်သူက ခလုပ်နှိပ်လိုက်သလဲ မသိ။အဖမ်းခံရရုံမက ထောင်ကျသွားပြီမို့ ရန်ကုန်သတင်းတွေလည်း သိပ်မရပါ။
အဖမ်းမခံရသေးတာက ပဲခူးတိုင်းစည်းရုံးရေးမှူးများဖြစ်တဲ့ ဦးသိန်းလွင်၊ ဒေါ်စန်းစန်းနွဲ့ (သာယာဝတီ)တို့ အပြင်၊ ကိုယ်စားလှယ်ထဲကဆို ကျောက်တန်းက ကိုသန်းငြိမ်းနဲ့  ဆိပ်ဖြူကိုစိုးဝင်း တို့လောက်ပဲ ရှိတယ်။ ရန်ကုန်ဆင်းဖြစ်ရင်တော့ သူတို့နဲ့ ပဲ အဆက်အသွယ်လုပ်ရပါတော့တယ်။
၁၉၉၁ ဇန်န၀ါရီလလောက်မှာတော့ ရန်ကုန်က လူကြုံနဲ့ စာတစောင် ရောက်လာပါတယ်။ ဒီစာကိုပို့လိုက်သူက စမ်းချောင်းမြို့ နယ်ကော်မတီဝင် မသီတာအေးပါ..။ဗဟိုမှာ ဖြစ်နေတာတွေကို မကျေမချမ်းနဲ့ ဘာလုပ်ရမှန်းမသိဖြစ်ပြီး၊ ဆရာမဒေါ်စန်းစန်းနွဲ့ ရဲ့ သဘော တူညီချက်အရ ဒီစာ ရောက်လာတာပါ။ စာက မိတ္တူဆွဲထားတဲ့  စာဖြစ်ပါတယ်။
ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကျင်းပရေး ကော်မရှင်အတွင်းရေးမှူးက အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ကို ပေးတဲ့စာပါ ။ အကြောင်းအရာက အခုအဖွဲ့ချုပ်ဗဟိုမှာ ဥက္ကဌ ၊အထွေထွေအတွင်းရေးမှူး၊အတွင်းရေးမှူးများ မရှိလို့ ဘယ်ပုဂ္ဂိုလ်တွေက ဘယ်လို ဆက်လက်ပြီး လက်ခံဆောင်ရွက်နေသလဲဆိုတာ မေးတဲ့စာပါ ။
အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်မှာ ဦးအောင်ကြီးနဲ့ ကွဲပြီး ဦးအောင်ကြီး ထွက်သွားကတည်းက ဥက္ကဌတာဝန်ကို ဦးတင်ဦးက ဆောင်ရွက်ပါတယ် ။ အထွေထွေအတွင်းရေးမှူးကဒေါ်အောင်ဆန်းစုကြည်ပါ ။ အတွင်းရေးမှူးများက ဦးဝင်းတင်နဲ့ ဦးချစ်ခိုင်ပါ ။ ပထမဆုံး အတွင်းရေးမှူး ဦးဝင်းတင် အဖမ်းခံခဲ့ရပါတယ် ။နောက် ၁၉၈၉ ဇူလိုင်လမှာ ဦးတင်ဦးနဲ့ အထွေထွေ အတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်တို့ အဖမ်းခံခဲ့ရတယ် ။လွန်ခဲ့တဲ့  စက်တင်ဘာလကုန်လောက်မှာ ဦးချစ်ခိုင် အဖမ်းခံရပြန်ပါတယ် ။ဒီတော့ ဥက္ကဌ၊အထွေထွေအတွင်းရေးမှူးနဲ့  အတွင်းရေးမှူးတွေ တယောက်မှ မရှိဘူးပေါ့ ။ဒါကို ကော်မရှင်က မေးတာပါ ။စာက ဒီဇင်ဘာ(၂၀)ရက်နေ့ နေ့စွဲနဲ့ပါ ။
” … အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်တွင် ဥက္ကဌ ၊အထွေထွေအတွင်းရေးမှူးနှင့် အတွင်းရေးမှူးတို့သည် ပါတီဧ။်တာဝန်များကို လက်ရှိအခြေအနေအရ ဆောင်ရွက်နိုင်ခြင်းမရှိကြောင်း တွေ့ရသဖြင့် ယင်းတို့ဧ။် တာဝန်များအား မည်သည့်ပုဂ္ဂိုလ်များက လက်ခံဆောင်ရွက်နေသည်ကို ကော်မရှင်သို့ အမြန်ပြန်လည် တင်ပြရန် ၊ကော်မရှင်ဧ။်အစည်းအဝေးဆုံးဖြတ်ချက်အရ အကြောင်းကြားပါသည် ။
အတွင်းရေးမှူး(ကိုယ်စား) …”
ကော်မရှင်ကပို့တဲ့ ဒီစာရဲ့ အောက်ပိုင်း လွတ်နေတဲ့ အကွက် ၊စာရွက်ရဲ့ တ၀က်လောက်ပေါ်မှာ ဦးအောင်ရွှေက ဒေါ်မြင့်မြင့်ခင်ကို လိပ်မူပြီး စာဆက်ရေးပါတယ် ။
” … ဒေါ်မြင့်မြင့်ခင် ခင်ဗျား
ဤစာအရ ဒေါ်မြင့်မြင့်ခင်ကို အထွေထွေအတွင်းရေးမှူးအဖြစ်ခန့်ထားရန်နှင့် ကျနော့်အား ဥက္ကဌအဖြစ် တာဝန်ပေးရန် CEC နှင့် Work Committeeတို့က ယနေ့ (၂၂.၁၂.၉၀)တွင် ဆုံးဖြတ်ချက်ချပါသည် ။ ဤစာဖြင့် ဒေါ်မြင့်မြင့်ခင်အား ပေးအပ်သည့် တာဝန်ကို ယူပါရန် မေတ္တာရပ်ခံပါသည်။ အကယ်၍များ အကြောင်းကြောင်းကြောင့် လက်မခံနိုင်ဘူး ဆိုပါလျှင် ဤစာရွက်ပေါ်တွင် ရေးသားပေးလိုက်ပါရန် ခင်ဗျား။
အောင်ရွှေ …”
ပူးတွဲပြီး ဒေါ်မြင့်မြင့်ခင်ရဲ့  ပြန်စာကို မိတ္တူဆွဲပြီး ပေးထားပါတယ်။ ဒေါ်မြင့်မြင့်ခင်က ဦးအောင်ရွှေ မေတ္တာရပ်ခံသလို ဒီစာရွက်ပေါ်မှာပဲ ပြန်ရေးမပေးပါ ။သီးသန့်စာရွက်တရွက်နဲ့ရေးပေးပါတယ် ။ဒေါ်မြင့်မြင့်ခင်ရဲ့ စာက –
” … အန်ကယ်ဦးအောင်ရွှေရှင့်
ကော်မရှင်မှ ပေးပို့သေစာကို ကျမသေချာစွာ ဖတ်ပါသည်။ အဓိပ္မါယ်ကောက်ယူရာတွင် ပူးတွဲပါအတိုင်းသာ ပြန်ကြားသင့်ပါသေးကြောင်း အကြံပြုပါသည်။ ဥက္ကဌနှင့် အထွေထွေအတွင်းရေးမှူး အမည်ပေးရန် ကော်မရှင်သို့ နောက်စာတစောင်ဖြင့် သီးခြားပို့သင့်ပါသည်။ ယခုချက်ခြင်း အမည်စာရင်း ပေးပို့ရန် မလိုသေးပါဟု သဘောရပါသည်။
သို့ဖြစ်ပါ၍ အန်ကယ်တို့ဆုံးဖြတ်အဆိုပြုထားသော ကိစ္စအပေါ်တွင်လည်း ကျမစဉ်းစားပြီး အဖြေပေးပါမည်။ (၃)ရက်ခန့် စဉ်းစားခွင့်ပြုပါရန် မေတ္တာရပ်ခံပါသည်။
လေးစားစွာဖြင့်
မြင့်မြင့်ခင်
၂၄.၁၂.၉၀
ဗဟိုအလုပ်အမှုဆောင်အဖွဲ့ ဝင်
အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်
ပူးတွဲ၍
(၁)ကော်မရှင်မှပေးစာ (၂၀.၁၂.၉၀)
(၂)ကော်မရှင်သို့ပြန်ကြားရန်စာ(မူကြမ်း) …”
ပူးတွဲပြီး ကော်မရှင်ကို ပေးဖို့ စာကြမ်းကိုလည်း ပေးပို့ထားပါတယ် ။ စာကြမ်းမှာလိပ်စာတွေကတော့ ကော်မရှင်ကို လိပ်မူပြီး အကြောင်းအရာတို့ ရည်ညွှန်းစာတို့ကို ထုံးစံအတိုင်းထည့်ပါတယ် ။ အောက်ကမှ …
” … ပါတီ၏ ဥက္ကဌနှင့် အထွေထွေအတွင်းရေးမှူးတို့ တာဝန်ထမ်းဆောင်နိုင်ခြင်း မရှိသည့် နောက်ပိုင်းတွင် ၎င်းတို့ဧ။်နေရာများကို အစားထိုးရွေးချယ်ခန့်ထားခြင်းလုံးဝမပြုလုပ်ခဲ့ပါ။ လိုအပ်သလို ခေါ်ယူသော အစည်းအဝေးများတွင် သဘာပတိတဦး ရွေးချယ်တင်မြှောက်၍ အတွင်းရေးမှူးအဖြစ် ဦးချစ်ခိုင်က ဆောင်ရွက်လေ့ရှိပါသည်။ ဦးချစ်ခိုင်ပါ တာဝန်ထမ်းဆောင်နိုင်ခြင်း မရှိတော့သော နောက်ပိုင်းတွင် ကျန်ဗဟိုအလုပ်အမှုဆောင်များသည် စုပေါင်းခေါင်းဆောင်သည့် စနစ်ဖြစ်သော ‘စု’စည်းဝေး တိုင်ပင်ဆုံးဖြတ်ကြပြီးသာ အလုပ်တာဝန်များကို ခွဲဝေဆောင်ရွက်သည့် စနစ်ဖြင့် ယနေ့တိုင် ကျင့်သုံးလျှက် ရှိပါသည်။
(ဗဟိုအလုပ်အမှုဆောင်အဖွဲ့ ဧ။် ( . . ) နေ့ အစည်းအဝေးဆုံးဖြတ်ချက်အရ)
ဦးအောင်ရွှေ …”
ဒေါ်မြင့်မြင့်ခင်ကလည်း အတွေ့အကြုံရှိတဲ့  နာမည်ရ ရှေ့ နေကြီးတယောက်ပဲ ။ဒီစာတွေ အားလုံးကို မိတ္တူဆွဲထားလိုက်တယ် ။သူ့ရုံးခန်းမှာလည်း အဖွဲ့ချုပ် အဖွဲ့ ဝင်တွေရော၊ အဖွဲ့ ဝင်မဟုတ်တဲ့ တက်ကြွသူတွေရော၊ လူငယ်တွေရော၊သတင်းစာဆရာတွေရော ၊အ၀င်အထွက် များတာမို့ ၊ နောက်တနေ့မှာပဲ ဒီရာထူး လက်ခံသင့် မခံသင့်ကို သူတဦးတည်းသဘောနဲ့ မဆုံးဖြတ်ပဲ ဒီမိုကရေစီလုပ်နည်းလုပ်ဟန်အရ စီစီလို့ခေါ်တဲ့ ဗဟိုဦးစီးအဖွဲ့အစည်းအဝေးခေါ်ပြီး ဆုံးဖြတ်ပေးပါလို့ တောင်းဆိုလိုက်ပါတယ်တဲ့ ။
ကျနော့်ဆီ ရောက်လာတဲ့  စာရွက်စာတမ်းတွေကို ဖတ် ကြည့်ပြီး ကျနော်သင်္ကာမကင်းတဲ့ စိတ်တွေ ပေါ်လာပါတယ် ။ဦးအောင်ရွှေရဲ့  ဒေါ်မြင့်မြင့်ခင်ကို သဘောထားတောင်းရာမှာ ဒီစာရွက်ပေါ်မှာပဲ ပြန်ရေးပေးလိုက်ပါဆိုတဲ့ အချက်ကအစ မသင်္ကာစိတ်ဖြစ်လာပါတယ် ။ဒေါ်အောင်ဆန်းစုကြည်ရဲ့  အထွေထွေ အတွင်းရေးမှူးနေရာကို တစုံတဦးအား ပေးလိုက်ခြင်းဖြင့် ဒေါ်အောင်ဆန်းစုကြည်ဟာ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ ဝင် အဖြစ်က အလိုလို ပယ်ဖျက်ပြီး ဖြစ်သွားမယ်…။ ဒါကို တတ်သိအုပ်စုက ဘယ်လိုမှ လိုလိုလားလား လက်ခံမှာ မဟုတ်ဘူး…။ ဒီတော့ ဒီနေရာကို တတ်သိအုပ်စုက ဒေါ်မြင့်မြင့်ခင်ကိုပေးလိုက်ခြင်းအားဖြင့် ဖွတ်မြီးနဲ့ ဖွတ်ပြန်ချည်သလို လုပ်လိုက်တယ် ။ဒေါ်မြင့်မြင့်ခင်က ဒါကို အငမ်းမရယူလိုက်ရင် ဒေါ်အောင်ဆန်းစုကြည်နေရာကို ၀င်လုတယ်လို့ အောက်ခြေက ထင်သွားပြီး တတ်သိအုပ်စုကို လည်ဂုတ်ချိုးပြီးသား ဖြစ်သွားမယ် ဆိုတဲ့ သဘောအထိ မသင်္ကာစိတ်တွေဝင်လာတယ် ။ဒါကို ကျနော်တို့ မြို့ နယ်စည်းကော်မတီအတွင်းမှာ ချပြဆွေးနွေးပြီး အများသဘောတူညီချက်အရ ရန်ကုန်ကို ဆင်းလိုက်သွားပါတယ် ။
ဒေါ်မြင့်မြင့်ခင်ရဲ့  ရုံးခန်းရောက်ပြီး အဲဒီတုန်းက အပြင်မှာရှိနေတဲ့ ဒေါ်စန်းစန်းနွဲ့ ၊ ဦးသိန်းတင် ၊ဒေါက်တာသန်းငြိမ်း၊ ဦးအုန်းမောင်(ညောင်လေးပင်)နဲ့ ဦးသိန်းလွင်တို့ပါ တိုင်ပငဆွေးနွေးကြပါတယ် ။ဒေါ်မြင့်မြင့်ခင်က ဗဟိုအလုပ်အမှုဆောင်အဖွဲ့ အတွင်းမှာ လက်ရှိသူတယောက်သာ တတ်သိအုပ်စုက ရှိတော့တာမို့ ၊သူ့ကို န၀တရဲ့ ထောင်ချောက်ထဲကျအောင် မျိုးချစ်ကြီးများက လုပ်နေပုံပေါ်တာတွေ၊ပြောပြပါတယ် ။ ဒါကြောင့်မို့လို့ သူ့အနေနဲ့ အထွေထွေအတွင်းရေးမှူး နေရာကို လက်ခံမှာ မဟုတ်တဲ့ အပြင် ၊ဗဟိုအလုပ်အမှုဆောင်ကရော၊ NLDကပါ နှုတ်ထွက်မယ်လို့ ပြောပြီး နှုတ်ထွက်စာ စာကြမ်းကိုတောင်ထုတ်ပြပါတယ် ။အခြေအနေက ထင်တာထက်တောင် ဆိုးနေပါပြီ ။
ကျနော်တို့ အများကပဲ ဒေါ်မြင့်မြင့်ခင် မနှုတ်ထွက်သင့်ကြောင်းနဲ့ မိမိဘာသာနှုတ်ထွက်တာမျိုးမဖြစ်စေပဲ ၊သူတို့က ထုတ်ပယ်လို့ ထွက်ရတာဆိုတာက တော်သေးကြောင်း၊ ၀ိုင်းဝန်းဖျောင့်ဖျ ဆွေးနွေးကြပါတယ် ။သူက ဗဟိုအလုပ်မှုဆောင်မှာ သူတယောက်တည်း ကျန်တော့တာမို့ သူ့ကို ထုတ်ပစ်တဲ့  အဆင့်မျိုး မရောက်စေပဲ ၊ အဖမ်းခံရအောင်လုပ်ပစ်နိုင်တဲ့ အခြေအနေရှိနေကြောင်း ၊ဒီလို လုပ်နိုင်တဲ့ အဖမ်းခံရအောင် လုပ်နိုင်တဲ့ ခလုပ်ကိုနှိပ်နိုင်တဲ့  လမ်းကြောင်းတခု ရှိနေတယ်လို့ သူထင်နေတာကိုလည်း ပြောပြပါတယ် ။
ဦးကြည်မောင်၊ဦးခင်မောင်ဆွေနဲ့ ဦးကျော်မင်း(ဗိသုကာ)တို့ အဖမ်းခံသွားရတာတောင် အဲဒီခလုပ်ကြောင့်လို့ ထင်ကြောင်းနဲ့ ၊တနေ့မဟုတ်တနေ့ သူတို့ဆင်ထားတဲ့ အကွက်ထဲ ကျသွားနိုင်တဲ့ အန္တရာယ် ရှိနေတယ်လို့ သူခံစားနေရကြောင်းတွေကိုလည်း ပြောပြတယ် ။
နောက်ဆုံး အားလုံးကပဲ ထွက်တော့ မထွက်ပါနဲ့ဦး ။ ခွင့်ရက်ရှည် တင်တာမျိုးလောက် လုပ်ဖို့ ၀ိုင်းပြောကြတာကိုတော့ သူလက်ခံမဲ့  သဘောမျိုး တွေ့ ရပါတယ် ။